Breaking News

မောင်လူရေး - သာဝဂိလဒရဲ့ မာရဝိဇယ

မောင်လူရေး - သာဝဂိလဒရဲ့ မာရဝိဇယ

(မိုးမခ) ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၃


သာဝကြင်စိုးနဲ့ ဆင်သတ်မုဆိုးက အတူတူ။ ဆင်သတ်မုဆိုး ဆိုတာက ဒေဝဒတ်လောင်း ယုတ်ကန်းကောင်းတုန်းက တဘဝပ။

ဆင်အုပ်ထဲဝင် ဆင်သတ်ဖို့က မလွယ်တော့ ဒေဝဒတ်ဟာ သာဝရဲ့ ဉာဏနဲ့ကြည့်လိုက်တဲ့အခါ ဆင်တွေဟာ ပစ္စေကဗုဒ္ဓါအရှင်ကို ဒူးတုပ်ရှိခိုးပြီးမှ အစာရှာထွက်ကြတာကို တွေ့ရော။

အဲသမှာ သာဝဒေဝဒတ်ဟာ ပစ္စေကဗုဒ္ဓါအရှင်တွေ ကမ်းနား ရေချိုးရာသွားပြီး သင်္ကန်းခိုးဘီယေ။  သာဝကြင်စိုး စလွယ်ခိုးပြီး သမတအတုလုပ်သလို သင်္ကန်းပတ်ပြီး ပစ္စေကဗုဒ္ဓါအတု လုပ်တာ။ ဆင်အုပ် ထွက်လာ သာဝဒေဝဒတ်ကို ပစ္စေကဗုဒ္ဓါမှတ် ဒူးတုပ်ရှိခိုးကြ၊ သာဝက နောက်ဆုံးကောင်ရောက်မှ သင်္ကန်းထဲက လှံထုတ်သတ်။ အဲသလိုနဲ့ ဆင်တွေ လျော့လာတာကို သတိထားမိတဲ့ဘုရားလောင်းဆင်မင်းက ဒီအမှုကို ကိုင်တွယ်လိုက်တော့ သာဝရဲ့ စလွယ်ခိုး မင်းယောင်ဆောင်မှု၊ အဲ သင်္ကန်းခိုးရဟန်းတုမှု ပေါ်တော့တာကိုး။ လူမိုက်သခိုး ငကြင်စိုးတို့ထုံးစံအတိုင်း သကင်္န်းလေးပြတောင်းပန် သည်းခံပါပေါ့။ ခု ဘုရားလောင်းပီဒက်တွေ မိလာတဲ့ သူခိုးသူဘက်တွေကို သည်းခံရသလိုမျိုးဘဲပ။

ဒေါ်စုနဲ့ NLD ကမ္ဘာရာဝင်တွေကို အားကျ၊ ကမ္ဘာ့ခုံရုံးကိုတော့ ကြောက်တဲ့ ဘုရင်ရူးသာဝလို ဒေဝဒတ်ကလဲ ဘုရားရူး ရူးနေတာ။ နိုင်ငံရေးဆရာလိုလို ကောင်တွေရဲ့ ထောက်ခံမှုရသလို အဇာတသတ်ရဲ့ ထောက်ခံမှုရလာတဲ့ သာဝဒေဝဒတ်ဟာ အနုနည်းနဲ့ သံဃာပရိသတ်ကို တောင်းပါလေရော။ ဘုရားက ဘယ်ပေးမလဲ၊ သံဃာအုပ်ချုပ် ဘုရားလုပ်တယ် ဆိုတာ ဒေဝဒတ် သင်လို နပေကပ်တို့အရာမဟုတ်၊ ဗမာ့ပြည်မှာ ကာပု အာဏာလုသလို လာမလုပ်နက်၊ တပ်ပျက်သလို ငါ့သာသနာ အပျက်မခံနိုင်ဘူးလို့ ဟောက်လွှတ်လိုက်ရော။

အဲမှာ သာဝဒေဝဒတ်ဟာ တောင်းလို့တော့မရ၊ သိမ်းယူမှ အဲ သတ်ယူမှရမယ်ဆိုပြီး ဘုရားကို သတ်ဖို့ကြံတော့တာ။ ကြင်စိုးလို ပလ္လင်ခိုးတော့တာလေ။ အဇာတသတ်ကို အဖသတ်မင်းလုပ်ခိုင်းပြီး နိုင်ငံပိုင် လေးသည်တော်တပ်ကို ဘုရားသတ်ဖို့ ဆက်သုံးတော့တာလေ။ ကြင်စိုးက လေတပ်ကို သူ့ပြည်သူကို ဗုံးကြဲသတ်ခိုင်းတာနဲ့ တထပ်တည်းပဲ။ လေးသမားနဲ့တင်မရတော့ ကျောက်မောင်းဆင်ပြီး ဘုရားကို သတ်သလို ပြည်သူကိုလဲ ရွာမီးတိုက် စစ်ကြောင်းထိုး အမျိုးမျိုးယုတ်ကန်းပြီပ။ ဒါနဲ့မရတော့ နာဠာဂီရိဆင်ကို အရက်တိုက်ပီး ဆွမ်းခံကြွလာတဲ့ ဘုရားကို နင်းသတ်ခိုင်းသလို တပ်သားတွေ ပြူတွေ ပြည်သူ့စစ်တွေကို ဆေးပြားတိုက်ပြီး ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို သတ်ဖြတ်ဖျက်ဆီးလုယက်ဖို့ တရစပ် လုပ်တော့တာ။ ပြည်သူမထောက်ခံသမျှ အုပ်ကြီးတောင်လုပ်မရဆိုတာ ပလ္လင်သူခိုးမသိသလို ဘုရားဆိုတာ သူများသတ်လို့ မသေဘူး ဆိုတာ သာဝဒေဝဒတ် မသိရှာ။ ကြင်စိုးက ဘာမဆို လုပ်ရဲတယ်ဆိုတာလို ငါ လုပ်ရင် ဘာမဆိုဖြစ်ရမယ်‌ ပြောနေတာ။

ဘုရားက ဒေဝဒတ်ကို ပကာသနိယကံ ပြုခိုင်းတယ်။ သာသနာတော်နဲ့ ပသို့မျှ မဆိုင်တော့ကြောင်း လူတွေကို လိုက်ရှင်းပြကြတယ်။ ကြင်စိုးတို့နဲ့ အပေါင်းပါများကို မြန်မာပြည်သူတွေက SP လုပ်သလို၊ BC လုပ်သလိုမျိုး။ ပကာသနိယကံပြုတယ် ဆိုတာ ကြင်စိုးနဲ့အဖွဲ့ကို လူသားစာရင်းက ဖြုတ်သလိုမျိုး ရဟန်းကောင်းစာရင်းက ဒဲ့ဖြုတ်တာ။

အဲမှာ သာဝဒေဝဒတ်ဟာ ဦးတည်ချက် ငါးရပ် ချမှတ်ပြီး ဘုရားသတ်သတ်လုပ်ဖို့ ကြိုးစားသလို ကြင်စိုးလဲ ၁၊ လျှပ်စစ်ကား၊ လျှပ်စစ်ရထားထုတ်မယ်။ ၂၊ နျူကလီးယားလုပ်မယ်။ ၃၊ ဗုဒ္ဓဂါယာဘုရားဖူးသွားရင် ပတ်စပို့ ရမယ်။ ၄၊ မာရဝိဇယ တည်မယ်။ ၅၊ တိုက်ပါရာပစ္စည်း၊ ခိုးရာပါပစ္စည်းတွေကို ဌာပနာသွင်းမယ်ဆိုပြီး လုပ်ရော။ 

၁- လုပ်လို့ လူတွေသွားဖို့လာဖို့ အဆင်ပြေရင် ဒို့ကို လူစာရင်း ပြန်သွင်းမယ်။ 

၂- ကတော့ အာဆီယံတင်မက အနားက တရုတ် ကုလားအပြင် ကမ္ဘာကပါ အထင်ကြီးလေးစားမယ်။

၃- နဲ့ဆို မဘသအားလုံး အသက်ဆုံး ဘဝဆုံးခံပြီး ဝန်းရံတိုက်ခိုက်ပေးကြမယ်။

၄- က မာရဝိဇယတည်လိုက်ရင် ရွာတွေမီးရှို့တိုင်း လောင်ကျွမ်းသွားတဲ့ ဘုရားစင်ပေါင်း ဘုရားရုပ်တုပေါင်း သောင်းသိန်းချီ ဖျက်ဆီးခဲ့တဲ့အကုသိုလ်မှုကြီးကို ဖြေနိုင်မယ်။ 

၅- ကတော့ ခု မီးရှို့လုယက်ခိုဆိုးထားတဲ့ အကုသိုလ်‌တွေ အရင်မတရား သိမ်းပိုက်ရယူထားတဲ့ အကုသိုလ်တွေ ပြေတဲ့အပြင် စည်းစိမ်မပျက် အသက်ရှည်ရှည် ဘဝဆက်ဆက် အဆင်ပြေစေမယ်ဆိုပြီး ဒေဝဒတ်သာဝ သူ့နောက်လိုက်တွေကို သူ့အချက် ၅ ချက် ပွားသလို ပွားတာ။

ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလ္လာန်တို့ စည်းရုံးလို့ ဒေဝဒတ်နောက်လိုက်သွားတဲ့ ရဟန်းတွေ ပြန်ပါလာသလို ကြင်စိုးရဲ့ ပလ္လင်ခိုးမှုကိုသိပြီး အာဏာလိုသူ ကြင်စိုး၊ ပလ္လင်ခိုးခိုင်းတာက ကြူကြူ အသက်လှူလိုက်ရတာက ငါဒို့လို့ နားလည်သွားသူတွေက လက်နက်ပါယူပြီး ပြည်သူ့တပ်တွေနဲ့ ပေါင်းကုန်ကြဘီလေ။ ဘယ်သူမှလဲ စိတ်ပါလက်ပါ မတိုက်တော့။

တပါးထဲ ကျန်တော့တဲ့ တပဲ့ကျော် ကောကာလိကက ရင်ဝဖနောင့်နဲ့ပေါက်တဲ့ ဒဏ်နဲ့ သွေးအန်ရတဲ့ သူ့ဘော်ဒါ ဒေဝဒတ်လို ကြင်စိုးလဲ စိုးဝင်းနဲ့ လက်ကျန်ကြီးတချို့က ကြိတ်တဲ့ဒဏ် ခံရတော့မှ ာသေချာ။ တပ်ရဲ့ ထွက်ပေါက်မှာ ပိတ်နေတာက သူဘဲ ရှိတော့တာကိုး။

အကြံငါးပြားအောင်အောင်ရယ်လို့ မာရဝိဇယ = မာရ်ငါးပါးအောင်ခြင်း ဆိုတဲ့ ကျောက်ဆစ်ဘုရားတည်သော်လဲ ကြင်စိုး = ကျောက်ဆစ် ဆိုပြီး ကက်ကင်းဖြစ်နေလို့ မာရဝိဇယဟာ သာဝဂိလဒ= ဒေဝဒတ်မြေမျိုကိန်းသာ ဖြစ်ပါကြောင်း။ 

ထန်းရည်တမြူ သောက်တော်မူ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar