စေတ - လူကြိုက်များတဲ့ လက်ဖက်ရည်
လူကြိုက်များတဲ့ လက်ဖက်ရည်
စေတ
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၃
ပြဿနာက နေကောင်းလားက စတာပဲ
'ပုံမှန်' ပဲလား
လက်ဖက်ရည်ဆိုင်စားပွဲထိုးက မေးတယ်
'ဦး' နေ့တိုင်း သောက်နေကျ
လက်ဖက်ရည်က 'ပေါ့စိမ့်' လေ
အဲဒါ ဦးရဲ့ 'ပုံမှန်ပဲ'
တကယ်တော့ လက်ဖက်ရည်ဆိုင်တွေက
အရင်လို ပုံမှန် မဟုတ်တော့ဘူး
ဆိုင်အသွင်အပြင်တွေ ဆိုင်ဖွဲ့စည်းပုံတွေကအစ
ပြောင်းလဲကုန်ပြီ
ပုံမှန်လက်ဖက်ရည်ကလည်း ပုံမှန်မဟုတ်တော့ဘူး
လက်ဖက်ရည်ဆိုင် ၁၀ ဆိုင်ရှိရင်
ပုံမှန်လက်ဖက်ရည် ၁၀ မျိုးထွက်တယ်
ဟုတ်တယ်
ကျနော်ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ကိုက
ပုံမှန်မဟုတ်တော့ဘူး
ကျနော်နေတဲ့မြို့က ပုံမှန်မဟုတ်တော့ဘူး
ကျနော်စီးတဲ့ဘတ်စ်ကားက
ပုံမှန်မဟုတ်တော့ဘူး
ဒီဘက်မီးပွိုင့်က မီးနီနေတုန်း
ဟိုဘက် လမ်းဆုံက မီးစိမ်းနေပြီ
ကျနော်ဖတ်နေတဲ့မဂ္ဂဇင်းက
ပုံမှန်မဟုတ်တော့ဘူး
ကျနော် အထင်တကြီးတလေးတစားရှိတဲ့ စာရေးဆရာကြီးက ပုံမှန်မဟုတ်တော့ဘူး
ကျနော်ကြည့်နေကျ
ပန်းချီကားတချပ်ကအစ ပုံမှန်မဟုတ်တော့ဘူး
ပုံပြင်တပုဒ်
သီချင်းတပုဒ်
ဝတ္ထုတပုဒ်
ကဗျာတပုဒ်
ဆိုရှယ်စာအုပ်
ပုံမှန်မဟုတ်တော့တာတွေ
များနေပြီ
ကျနော်တိုက်တဲ့ သွားတိုက်ဆေးက
ပုံမှန်မဟုတ်တော့ဘူး
ကျနော့်စီးပွားရေးက
ပုံမှန်မဟုတ်တော့ဘူး
ဟိုလေ လူမှုရေး ကျန်းမာရေး
အစစအရာရာပါပဲ
ကျနော့်မိတ်ဆွေတချို့က
ပုံမှန်မဟုတ်တော့ဘူး
ဒါပေမဲ့
ရန်သူကတော့ ပုံမှန် ပဲ ။ ။
၂၅ - ၂ - ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar