ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေရဲ့ ခံစားရမှုတွေ
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၄ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃
ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေရဲ့ ခံစားရမှုတွေ
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မြေပြင်ရော လေကြောင်းပါ တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် လူပေါင်း ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အကြောင်း သတင်းတွေထဲပါရှိသလို မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲမှာလည်း စစ်ကောင်စီ စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့ သတင်းတွေလည်း ဖော်ပြထားကြတာ တွေ့ရတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲက မုံရွာမြို့နယ် ဆက်စပ်နေတဲ့ အရာတော်မြို့နယ်ဟာ PDF လှုပ်ရှားမှု အားကောင်းတဲ့ မြို့နယ်ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ မုံရွာနဲ့ ဆက်စပ်နေတဲ့ အရာတော်မြို့နယ်ကို အရေးတကြီးထားပြီး လုံခြုံရေးအရ ခြေကုပ်ယူနိုင်ဖို့ ကြိုးစားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေမှာ မြေပြင်တင်မကပဲ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ပါ တွဲလျက်တိုက်ခိုက်နေတာကြောင့် ဒေသခံ တသောင်းကျော် အထိ သက်ရောက်ခံစားနေကြရပြီ ဖြစ်ပါတယ်။
တချိန်ထဲမှာပဲ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာလည်း စစ်ကြောင်းထိုးတာကြောင့် ကျေးရွာ ၇ ရွာက ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ သတင်းတွေလည်း တွေ့နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်နီးပါးကာလ အတွင်း မြန်မာနိုင်ငံမှာ အခုလို ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းတွေက နေ့စဥ် သို့မဟုတ် အပတ်စဥ်လိုလို ပါရှိနေတာကြောင့် ထူးခြားတဲ့ သတင်းမျိုးတောင် မဟုတ်တော့တဲ့ အနေအထား ဖြစ်လာပါတယ်။ သတင်းတွေ ဖတ်ရတဲ့အခါ ထောင်ဂဏန်းလား သောင်းဂဏန်းလား ဆိုတာမျိုးကိုသာ စေ့ငုကြည့်ကြတဲ့သဘောဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ရတဲ့ အဖြစ်အပျက်တွက် ထူးထူးခြားခြား မအံ့သြမိကြတော့တာမျိုး ဖြစ်လာနေပါတယ်။
တကယ် ဖြစ်ပျက်နေတဲ့ ဒေသက သူတွေအဖို့ကတော့ ထောင်သောင်း အရေအတွက်ရှိတဲ့ ထွက်ပြေးတိမ်းရှောင်ရသူတွေအနက်က တယောက်ဆို တယောက် ခံစားရတဲ့ ကိုယ်ကာယ ဒုက္ခ၊ စိတ်ပိုင်းဆိုင်ရာဒုက္ခ၊ ပိုင်ဆိုင်မှုပစ္စည်းတွေ ဆုံးရှုံးမှုရှုထောင့်က သက်ရောက်မှု၊ ရိက္ခာ၊ နေအိမ် ၊ အသုံးအဆောင်ဖျက်ဆီးခံရတာ ယူဆောင်သွားခြင်း ခံရတာတွေကို တိုင်းတာကြည့်ရင် လူတဦးချင်းစီမှာ တန်ဖိုးပမာဏတွေ အများကြီးခံစားကြရတာ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေ၊ ကျန်းမာရေးမကောင်းသူတွေအဖို့ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခက အသက်နဲ့ ရင်းပြီး သွားရတာမျိုး ဖြစ်ပါတယ်။ အလားတူပဲ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ ထွက်ပြေးတိမ်းရှောင်ရတဲ့အခါ ရရှိတဲ့ စိတ်ဒဏ်ရာတွေကလည်း ဘဝတခုလုံးမှာ ပျောက်ပျက်ဖို့ မလွယ်တော့လောက်အောင် ထင်ကျန်ရစ်မှာ ဖြစ်ပါတယ်။
နေအိမ် မီးရှို့ခံရတဲ့ အဖြစ်တွေ၊ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရ၊ ယူဆောင်သွားခံရတာတွေ၊ ထွက်ပြေးတိမ်းရှောင်ရစဥ်အတွင်း အသက်ဆုံးရှုံးရတဲ့ အဖြစ်တွေလည်း အများအပြားရှိတာမို့ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရခြင်းဟာ သတင်းတွေထဲမှာ ဖေါ်ပြသလောက် ကိန်းဂဏန်းသက်သက်မဟုတ်ပဲ ဘဝတခုချင်းစီမှာ ထိခိုက်ပျက်စီးရတာတွေနဲ့ နာကျင်ခံစားရတဲ့ စိတ်ဒဏ်ရာတွေ နဲ့ ပြည့်နေတဲ့ ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။
တနိုင်ငံလုံးအတိုင်းအတာအရ စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက်ဟာ ၁ သန်းခွဲကျော်လာနေပြီလို့ ကုလသမဂ္ဂရဲ့ စာရင်းကောက်ယူမှု၊ လေလာသုံးသပ်မှုများ အရ သိရပါတယ်။ မြန်မာနိုင်ငံ လူဦးရေ ၅၄ သန်း ၅၅ သန်းရှိတယ်ဆိုပါလျှင် စစ်ဘေးရှောင် ဦးရေက ၁ သန်းခွဲအထက်ရှိတာကြောင့် မြန်မာပြည်မှာ လူ ၁၀၀ မှာ လူ ၃ ဦးက စစ်ဘေးရှောင်ဖြစ်နေတယ်လို့ ဆိုရပါမယ်။ ကျေးလက် နယ်ဒေသ လူဦးရေက ၃၆ သန်းလို့ ခန့်မှန်းထားတာနဲ့ ယှဉ်ရင်တော့ လူ ၁၀၀ မှာ လူ ၄ ဦးအထိ စစ်ဘေးကနေ နေအိမ်စွန့်ခွာနေရပါပြီ။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကတော့ သူတို့၏ မြေပြင်က အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ နယ်မြေခံပြည်သူတွေ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ပေးရေးဟာ ဦးစားပေးဖြစ်တယ်လို့ အကြိမ်ကြိမ်ပြောနေတာ သတင်းများမှာ ကြားသိနေရပါတယ်။ စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်တွေ တိုးပွားလာတဲ့အမျှ ဒေသက ပြည်သူတွေအတွက် အသက်အိုးအိမ်းစည်းစိမ် လုံခြုံရေး အကာအကွယ်ပေးရေးဟာ အကြမ်းဖက် ခြိမ်းခြောက်ခံရမှုများတိုးပွားလာတဲ့အောက်မှာ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar