မောင်စွမ်းရည် - မိဘမဲ့ကျောင်း
မောင်စွမ်းရည် - မိဘမဲ့ကျောင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၃
‘မိဘမဲ့ကျောင်း’ ဆိုတာကို မန္တလေးမှာတော့ အတော်အတန် လူသိများပါတယ်။ ရန်ကုန်မှာလည်း ‘ကျားကျောင်း’ ဆိုတဲ့ မိဘမဲ့ကျောင်းတကျောင်း ရှိတယ်လို့ ကြားဖူးပါတယ်။ ဒါပေမဲ့ အလေးအနက်ထားကြပုံ မရပါ။ မိဘမဲ့ကလေးများကိုလည်း အလေးမထားသလို မိဘမဲ့ကျောင်းကိုလည်း အလေးမထားကြပါ။ အမှန်စင်စစ် မိဘမဲ့ကလေးတွေဟာ မိဘမဲ့နေတာကြောင့် အများပြည်သူတရပ်လုံးနဲ့ ဆိုင်ပါတယ်။ အများပြည်သူတွေရဲ့ သားသမီးတွေ ဖြစ်နေကြပါတယ်။ ဒီကလေးတွေကို မိဘပြည်သူတွေနဲ့အတူ အစိုးရကလည်း အလေးထား စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ သူတို့လေးတွေကို ပညာတတ် လုပ်သားကောင်းလေးတွေ ဖြစ်လာအောင် စောင့်ရှောက်ရပါမယ်။ သူတို့လေးတွေကို အစိုးရနဲ့ မိဘပြည်သူတွေက အသိအမှတ်ပြုပြီး မစောင့်ရှောက်ခဲ့ရင် သူတို့ဟာ ကလေကချေလေးတွေ ဘဝနဲ့ အဖျက်သမားလေးတွေ ဖြစ်သွားနိုင်ကြပါတယ်။
မိဘမဲ့ ဆိုတာလည်း လူကလေးတွေပဲ မဟုတ်လား။ လူလေးတွေကို လူလို မစောင့်ရှောက်ရင် တိုင်းပြည်ရဲ့ အန္တရာယ်၊ ပြည်သူလူထုရဲ့ အန္တရာယ်လေးတွေ ဖြစ်လာနိုင်ပါတယ်။ ပုဂ္ဂလိကစောင့်ရှောက်သူအနေနဲ့ ဒေါ်တီတီလု(စ်) ဆိုတဲ့ အမျိုးသမီးကြီးကို ကြားဖူးပါတယ်။ ကျွန်တော် မန္တလေးမှာ နေစဉ် ကြားဖူးတာဖြစ်ပြီး ကျွန်တော် ရန်ကုန်ရောက်တော့ သတင်းမကြားတော့ပါ။ ဒေါ်တီတီလု(စ်) ကွယ်လွန်သွားပြီး ကျောင်းလည်း ပျက်သွားပုံရပါတယ်။ မန္တလေးမှာ မိဘမဲ့ကျောင်းကို ဘီဘီအိုအေအသင်း ခေါ် ဗုဒ္ဓဘာသာ မြန်မာ မိဘမဲ့အသင်းကို ကျောင်းအဖြစ်နဲ့ ကြားသိ လေ့လာခဲ့ရဖူးပါတယ်။ ဗုဒ္ဓဘာသာ မိဘမဲ့ကျောင်း ဖြစ်လို့ ဘုန်းတော်ကြီးများ အုပ်ချုပ်တဲ့ကျောင်း ဖြစ်ပါတယ်။ ဘုန်းကြီးရဲ့ တူတော်သူ ဦးသန်းဘိုမှာ မိဘမဲ့ကလေးများကို ဘုန်းကြီးနဲ့အတူ ထိန်းကျောင်းရင်း ဘွဲ့ရခဲ့တဲ့ ဆရာတယောက် ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ဦးသန်းဘိုမှာ ဘူမိဗေဒ၊ ပထဝီ ဘာသာတွဲယူရင်း တက္ကသိုလ် အတူတက်ခဲ့ကြတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ပါတယ်။ ကျွန်တော်က သူနဲ့ လိုက်သွားရင်း သူ အုပ်ချုပ်တဲ့ကျောင်းကို သေချာလေ့လာခဲ့ဖူးပါတယ်။
မန္တလေးမှာ ဘူတာကြီးရှေ့ကနေ အရှေ့တည့်တည့်သွားတဲ့ ကားလမ်းမကြီးအတိုင်း ဆေးရုံကြီးရှေ့က ဖြစ်သွားရင် လမ်းဆုံးတော့ စီဗီလိုင်းလို့ ခေါ်တဲ့ အင်္ဂလိပ်လက်ထက်က အစိုးရအရာရှိတွေ နေတဲ့ ရပ်ကွက်ကို ရောက်ပါတယ်။ အဲဒီလမ်းထိပ်မှာလည်း ဘုန်းကြီးကျောင်း ရှိပါတယ်။ အဲဒီဘုန်းကြီးကျောင်းဟာ ဘီဘီအိုအေ ခေါ် ဗုဒ္ဓဘာသာဝင်များရဲ့ မိဘမဲ့အသင်း တည်ရှိပါတယ်။ ကျောင်းဝင်းထဲကို ဝင်ဝင်ချင်း လက်ဝဲဘက်ဘေးက တထပ်အဆောက်အဦမှာ ကျောင်းအုပ်ချုပ်တဲ့ ဘုန်းတော်ကြီး ဦးပဝရ သီတင်းသုံးနေထိုင်ရာကျောင်း ဖြစ်ပါတယ်။ ကျောင်းဝင်းကြီးက အကျယ်ကြီးဖြစ်ပြီး ကျောင်းဝင်းထဲမှာ စာသင်ကျောင်း၊ နှစ်ထပ်ကျောင်းကြီး နှစ်ကျောင်း ရှိပါတယ်။ အစိုးရက ပြည်သူပိုင် သိမ်းလိုက်တဲ့အခါ အဲဒီကျောင်းကြီးတွေက အစိုးရအထက်တန်းကျောင်းကြီးတွေ ဖြစ်လာပါတယ်။ မိဘမဲ့ကျောင်းသားတွေကို ဦးပဉ္စင်းတပါးနဲ့ ဦးသန်းဘိုက အုပ်ချုပ်ပါတယ်။ ဘီဘီအိုအေကျောင်းမှာ နေရင်း ဘွဲ့ရသွားကြတဲ့ ကျောင်းသား သုံး လေးယောက်လည်း ရှိပါတယ်။ သူတို့ကလည်း မိဘမဲ့ကျောင်းသားလေးတွေကို ကူညီထိန်းသိမ်းပေးပြီး ညအခါ စာသင်ပေးပါတယ်။
အစိုးရစာသင်ကျောင်း မဖြစ်ခင်က ကျွန်တော် ရောက်ရှိသွားတော့ ကလေးတွေ စားဖို့ ဆန်၊ ပဲ၊ ပြောင်း စတဲ့ ရိက္ခာတို့ကို အစိုးရရဲ့ S.A.M.B ရုံး ခေါ် ကောက်ပဲသီးနှံရုံး (စိုက်ပျိုးရေးရုံး)က ထောက်ပံ့ပေးပါတယ်။ တိုက်ဆိုင်ချင်တော့ အဲဒီအချိန်က စိုက်ပျိုးရေးရုံး ညွှန်ကြားရေးမှူးက ကျွန်တော့်အမေနဲ့ မောင်နှမဝမ်းကွဲ တော်စပ်သူ ဦးသိမ်းမောင် ဖြစ်နေပါတယ်။ သူက မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ထနောင်းကိုင်ရွာ ဇာတိ ဖြစ်ပါတယ်။ ဦးလေးက သူ့အိမ် လာနေပါဆိုလို့ တခါတရံ ကျွန်တော် ဦးလေးအိမ်မှာ သွားနေဖူးပါတယ်။ ကောက်ပဲသီးနှံရုံးကြီးရဲ့ အပေါ်ထပ်တခုလုံး ဆိုတော့ ကျယ်ဝန်းပါတယ်။ မင်း အဲဒီမှာ ဘာလုပ်နေသလဲတဲ့။ ကျွန်တော် ဘာမှ မလုပ်ပါဘူး။ သူငယ်ချင်းနဲ့ လိုက်သွားရင်းက တခါတရံ ကလေးတွေကို စာသင်ပေးပါတယ်လို့။
ကလေးတွေကို မိဘမဲ့ကျောင်းမှာ အသက်မွေးဝမ်းကျောင်းပညာ သင်ပေးပါတယ်။ အုတ်ကြွပ်ဖုတ်၊ ဆံပင်ညှပ် စတဲ့ ပညာမျိုးတွေဟာ သူတို့ဘဝအတွက် အသုံးဝင်ပါတယ်။ စက်ချုပ်ပညာ၊ ကြက် ဝက် မွေးမြူရေးပညာ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးရေးပညာတို့ကိုပါ စနစ်တကျ တိုးချဲ့ပြီး သင်ပေးသင့်ပါတယ်။ ကျောင်းဝင်းကြီးက အကျယ်ကြီးပါ။ အရှေ့ဘက်မှာ ရေနီမြောင်းကြီး ဖြတ်စီးနေတာကြောင့် ရေလည်း ပေါပါတယ်။ မြေကလည်း အရှေ့ဘက်မှာ လယ်ကွင်းတွေချည်းပါ။ ရှမ်းကုန်းပြင်မြင့်ထက် မိုင် ၂၀ လောက် ကျယ်မယ် ထင်ပါတယ်။ စနစ်တကျ တိုးချဲ့သွားမယ်ဆိုရင် မိဘမဲ့ကျောင်းသားတွေအတွက် စားနပ်ရိက္ခာသာမက ဝင်ငွေတောင် အပိုရနိုင်ပါလိမ့်မယ်။ စိုက်ပျိုးရေးဌာနအတွက်လည်း ဝင်ငွေရနိုင်ပါလိမ့်မယ်။
ကျောင်းသား လုပ်အားတွေ အများကြီး ရှိနေတာကြောင့် လူငှားစရာမလိုဘဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမျိုးစုံ စနစ်တကျ တိုးချဲ့လုပ်ကိုင်သွားနိုင်စရာ အလားအလာကောင်းတွေ အများကြီးပါ။ လက်ငင်း လုပ်နေတာထက် အုပ်ချုပ်ရေးလည်း စနစ်တကျ တိုးချဲ့သွားဖို့လိုမယ် ထင်ပါတယ်။ မိဘမဲ့ ကျောင်းသားတွေရဲ့ လုပ်အားကို စနစ်တကျ အသုံးချရင်း သူတို့လည်း ပညာရ၊ သူတို့အတွက် စားဝတ်နေရေး အဆင့်အတန်းလည်း ပိုပြီးမြှင့်တင်ပေးရာကျပါတယ်။
ဦးသန်းဘိုကတော့ မန်းတက္ကသိုလ်က ဘူမိဗေဒ၊ ဓာတုဗေဒ၊ ပထဝီဘွဲ့ ရတာပါ။ ခုအခါ ဗြဟ္မစိုရ်အသင်းကိုလည်း ပါဝင်ကြီးကြပ်နေပုံရပါတယ်။ လူမှုဝန်ထမ်းလုပ်ငန်းတွေမှာ ထိတွေ့ကျွမ်းဝင်ပြီးသား ဆိုတော့ ပညာရေးဌာန၊ စိုက်ပျိုးမွေးမြူရေးဌာန၊ စာနယ်ဇင်းဌာန၊ ရဲဌာန စတဲ့ ဌာနပေါင်းစုံ ပါဝင်တဲ့ ကြီးကြပ်ရေးအဖွဲ့ တိုးချဲ့ဖွဲ့ပြီး မိဘမဲ့ ကလေးများရဲ့ လုပ်အားကို အသုံးချရင်း သူတို့ဘဝကို ပညာရေးဘက်ကရော၊ အသက်မွေးဝမ်းကျောင်းပညာဘက်ကပါ တိုးချဲ့မြှင့်တင်သွားရင် ဆိုပြီး စိတ်ကူးယဉ်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်၊ ခြောက်ဆယ် ကာလကတည်းကပါ။ မိဘမဲ့ကလေးများရဲ့ ဘဝကို မြှင့်တင်ရင်း တိုင်းပြည်ဘဝလည်း မြင့်တက်လာစေသတည်း။
မောင်စွမ်းရည်
၂၀၂၂၊ ဒီဇင်ဘာ
နယူးယောက်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar