Breaking News

အပြန်အလှန်သတ်ဖြတ်မှုတွေ ရဲ့ အလားအလာ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၃ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃


အပြန်အလှန်သတ်ဖြတ်မှုတွေ ရဲ့ အလားအလာ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ နိုင်ငံအနှံ့အပြား ဖြစ်ပွားလာခဲ့သလို၊ အခြားတဖက်မှာလည်း အာဏာသိမ်းထားတဲ့ စစ်တပ်က နိုင်ငံရေးအရ ဆန့်ကျင်သူလို့ သံသယရှိသူတွေကို လက်နက်ကိုင် အဖွဲ့ဝင်အဖြစ်၊ ထောက်ပံ့သူအဖြစ် စွပ်စွဲကာ တရားလက်လွတ် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေပြီး တခြားတဖက်မှာ စစ်ကောင်စီ ထောက်ခံသူတွေ၊ စစ်ကောင်စီဘက်ကတော့ ပြည်သူ့စစ်လို့ အမည်ပေးပြီး ပြည်သူတွေက ပျူစောထီးလို့ ခေါ်ဝေါ်ကြတဲ့သူတွေကို မြို့ပေါ် ပြောက်ကျားအဖွဲ့နဲ့ နယ်တွေမှာ PDF/ LPDF တွေက လုပ်ကြံသတ်ဖြတ်မှုတွေက တနေ့တခြား ကျယ်ပြန့်လာနေတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းက မန္တလေးတိုင်း တံတားဦး မြေငူရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ၄င်းရဲ့ ညီအစ်ကိုတော်စပ်သူ ပျူစောထီးခေါင်းဆောင် ဆိုသူကို စစ်ကောင်စီဆန့်ကျင်ရေး မြေအောက် လက်နက်ကိုင် အဖွဲ့က သတ်ဖြတ်လိုက်ပြီးနောက် စစ်ကောင်စီဘက်က အဆိုပါ သတ်ဖြတ်မှုအတွက် ၄င်းတို့ သံသယရှိသူ ကျေးရွာသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့တယ်လို့ မန္တလေး ဖရီးပရက်စ် သတင်းမှာ ဖေါ်ပြထားပါတယ်။ 

တဖန် ခုရက်အတွင်းမှာပဲ လှည်းကူးမှာ မိသားစုဝင် ၄ ဦးနဲ့ ဧည့်သည်တဦး စုစုပေါင်း ၅ ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့က သတ်ဖြတ်သွားရာမှာ အသက် ၃ နှစ်အရွယ် ကလေးငယ် တဦးပါ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ 

ဒီဖြစ်ရပ်၂ ခုက အခုရက်ပိုင်းအတွင်း ဖြစ်ပျက်တာဖြစ်ပြီး ဒီလိုဆင်တူရိုးမှား ဖြစ်ရပ်တွေ ယမန်နှစ်က ဆောနယ်မှာ၊ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ တနင်္သာရီတိုင်းက ရေဖြူ၊ လောင်းလုံတို့မှာ ဖြစ်ပွားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ စစ်ကောင်စီဘက်က သတ်ဖြတ်မှုတွေ အများအပြားရှိသလို စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ PDF အဖွဲ့တချို့ကလည်း လက်တုံ့ပြန် သတ်ဖြတ်တာတွေ ရှိခဲ့တာ ဖြစ်လို့ မိသားစုလိုက် သတ်ဖြတ်မှုတွေ မဖြစ်ပွားအောင် စစ်ကောင်စီကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ထိန်းသိမ်းကြဖို့ ကျူးလွန်မှုဖြစ်ခဲ့ရင်လည်း အရေးယူအပြစ်ပေးတာတွေ လုပ်ဆောင်ကြဖို့ အရေးကြီးလာပြီလို့ ယူဆမိပါတယ်။ 

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးဟာ ပဒေသရာဇ် ခေတ်ကလို လူပုဂ္ဂိုလ် အခြေပြုပြီး ဆန့်ကျင်တိုက်ခိုက်ကြတာမျိုးထက် နိုင်ငံရေး အခြေခံပေါ်မှာ စနစ်အပြောင်းအလဲပေါ်မှာ အခြေခံတဲ့ ဖက်ဒရယ်နိုင်ငံ၊ ဒီမိုကရေစီနိုင်ငံ၊ လူ့အခွင့်အရေးကို လေးစားကာကွယ်ပေးတဲ့ နိုင်ငံ၊ နိုင်ငံသားတိုင်း တန်းတူရည်တူ အခွင့်အရေးရှိတဲ့ နိုင်ငံ အဖြစ်ကို ဖေါ်ဆောင်ချင်ကြတာ ဖြစ်လို့ ၊ ကျူးလွန်တဲ့အမှုနဲ့ ညီမျှတဲ့ အပြစ်ဒဏ်ကို ပေးတာမျိုး၊ လူ့အသက်ကို သေဆုံးတဲ့အထိ အပြစ်ပေးတာမျိုး၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေပါ သတ်ဖြတ်တာ၊ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေကို သတ်ဖြတ်တာမျိုးတွေ မဖြစ်အောင် တတ်နိုင်သမျှ ထိန်းသိမ်းကြဖို့ ၊ တင်းကြပ်တဲ့ ဥပဒေအမိန့်တွေ ထုတ်ပြန်ပြီး ထိန်းသိမ်းဆောင်ရွက်ကြဖို့ အရေးကြီးနေပြီဖြစ်ပါတယ်။ အဲလို မဟုတ်ခဲ့ရင် ကောင်းဘွိုင်ရုပ်ရှင် ဇတ်လမ်းထဲကလို လက်စားချေတာတွေ၊ ရာဇဝင်ကြွေးဆပ်တဲ့ အဖြစ်အပျက်မျိုးတွေ ဆီဦးတည်သွားပြီး ဒီမိုကရေစီပန်းတိုင်နဲ့ ဝေးကွာသွားနိုင်တဲ့ အလားအလာတွေလည်း ရှိနေတာဖြစ်ပါတယ်။ 

တော်ရေးဆိုတာ ကဗျာတပုဒ်ရေးသလိုမဟုတ်ဘူး ၊ ပန်းသီနေတာမဟုတ်ဘူး စိတ်ကူးယဥ် စံနှုန်းတွေနဲ့ ရေးခြယ်သီဖွဲ့နေတာမဟုတ်ဘူးလို့ စောဒက တက်တာတွေ ရှိကောင်းရှိနိုင်ပါတယ်။ နိုင်ငံတကာက ထင်ရှားတဲ့ လက်ဝဲဝါဒခေါင်းဆောင် တချို့ရဲ့ အဆိုအမိန့်တွေမှာ အလားတူ စကားလုံးတွေနဲ့ စိတ်ကူးယဥ်မဆန်ဖို့ ပြောဆိုမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ သို့ပေမယ့် မိသားစု သတ်ဖြတ်မှုတွေ၊ အရွယ်မရောက်သူတွေပါ မချန် ရှင်းလင်းသုတ်သင်မှုတွေက လက်နက်ကိုင် တော်လှန်ရေးဆိုတာထက်ကို ကျော်လွန်ကာ sabotage လို့ခေါ်တဲ့ လုပ်ကြံသတ်ဖြတ်ရေး ၊ လက်စားချေရေး ၊ နိုင်ငံရေးအယူဝါဒထက် လူကိုသာ အာရုံစိုက်ပစ်မှတ်ထား တိုက်ခိုက်ကြတာတွေက မိမိတို့အဖွဲ့အစည်းကို ဆိုးရွားစွာ ထိခိုက်စေနိုင်တာလည်း ဖြစ်ပါတယ်။ 

အခု နွေဦးလှုပ်ရှားမှုမှာ တာဝန်ရှိတဲ့သူတွေ နိုင်ငံရေးအရ ခေါင်းဆောင်တွေ အနေနဲ့ အပြန်အလှန် လက်စားချေ သတ်ဖြတ်မှုတွေ၊ အရွယ်မရောက်သေးသူ ကလေးငယ်တွေ၊ အမျိုးသမီးတွေကို ပါ မခွဲခြားဘဲ သတ်ဖြတ်နေမှုတွေ နောက်ထပ်လုံးဝ မဖြစ်ပွားစေရအောင် ထိန်းသိမ်းကြဖို့ အချိန်တန်ပြီဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar