Breaking News

လစ်ဘရယ်ဒီမိုကရေစီ နေဝင်ချိန်လား၊ နိုဘယ်ဆုရှင် ဒါရွန်က ဘာပြောသလဲ




လစ်ဘရယ်ဒီမိုကရေစီ နေဝင်ချိန်လား၊ နိုဘယ်ဆုရှင် ဒါရွန်က ဘာပြောသလဲ
နိုင်ငံတကာသာဂိ (မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၆

လစ်ဘရယ်ဒီမိုကရေစီ နေဝင်ပြီ။ အခု ထရန့်လိုမျိုး လက်ယာစွန်း အင်အားသုံး အနိုင်တိုက်ရေးဝါဒီတွေ၊ သူရဲကောင်းအမွှန်းတင်သမားတွေ ခေတ်စားလာပြီ။ လူသားဆန်မှု ၊ သာတူညီမျှ ခွဲဝေသုံးစွဲမှု၊ အားနည်းသူတွေကို စောင့်ရှောက်မှုတွေ ခေတ် ကုန်ဆုံးသွားပြီလို့ တချို့က ကြွေးကြော်ကြပြီ။ ဒါကို ပညာရှင်တွေက ဘယ်လို သုံးသပ်ဝေဖန် ဆင်ခြင်ကြသလဲ။

Daron Acemoglu သည် ၂၀၂၄ ခုနှစ် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရှင် တစ်ဦးဖြစ်ပြီး လက်ရှိ လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy) စနစ်သည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ထောက်ပြထားသည်။ သူ၏အမြင်အရ အဓိကအကြောင်းရင်းမှာ ဒီမိုကရေစီစနစ်က ပြည်သူများအား ကတိပေးခဲ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးကို လူအများ မျှဝေခံစားနိုင်ရေး (shared prosperity) ကို မဖြည့်ဆည်းနိုင်တော့ခြင်းဖြစ်သည်။

၁။ ပျက်ပြားသွားသော စီးပွားရေးနဲ့ လူမှုဖူလုံရေး ကတိကဝတ်

သာတူညီမျှဝေခံစားခွင့် ကွယ်ပျောက်ရခြင်း - လစ်ဘရယ်ဒီမိုကရေစီဟာ စီးပွားရေးတိုးတက်မှုရဲ့ အသီးအပွင့်တွေကို လူ့အဖွဲ့အစည်းရဲ့ အလွှာစုံက မျှဝေခံစားခွင့်ရခဲ့လို့ ယခင်က အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ ဒီဂျစ်တယ်ခေတ်မှာတော့ အဲဒီသဘောတူညီချက် ပျက်ပြားသွားပါတယ်။

Acemoglu က အလယ်အလတ်လက်ဝဲနိုင်ငံရေးသမားများနှင့် ပညာတတ်အထက်တန်းလွှာများကိုလည်း ဝေဖန်ထားသည်။ ၎င်းတို့တွင် အမှားနှစ်မျိုးရှိခဲ့သည်ဟု သူက ဆိုပါတယ်။

လူနည်းစုအထက်တန်းလွှာတို့၏ အမှား - ပညာတတ်နဲ့ နိုင်ငံရေးအထက်တန်းလွှာတွေဟာ စီးပွားရေးမညီမျှမှုတွေ ကျယ်ပြန့်လာတာကို နှုတ်ဆိတ်နေခဲ့ကြပြီး၊ ဒါကို “sins of omission” လို့ ခေါ်ပါတယ်။ ဖယ်ကြဉ်ထားခြင်း။

နောက်တခုကတော့ - အခြေခံအလုပ်သမားလူတန်းစားတွေနဲ့ အလှမ်းဝေးစေမယ့် လူမှုရေးမူဝါဒတွေကိုသာ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ အလှမ်းဝေးစေတဲ့ လူမှုဝါဒဆိုတာက နည်းပညာအရ၊ ပညာရေးအရ လိုက်မမီတဲ့ လူတန်းစားကို ဆွဲခေါ်မည့်အစား၊ သူတို့ကို ချန်ထားပြီး အခြားလူတန်းစားတွေ (ငယ်ရွယ်သူ၊ တပြည်သား၊ ပညာတတ်သူ၊ အမျိုးအစားမတူသူများ) နဲ့ အစားထိုးလိုက်တာကို ဆိုလိုပါတယ်။ “sins of commission” ဖြစ်ပြီး အချို့သော ယဉ်ကျေးမှုနှင့် လူမှုရေးမူဝါဒများကို ရှေ့တန်းတင်ဆောင်ရွက်ရာတွင် အလုပ်သမားလူတန်းစားများက မိမိတို့ကို လစ်လျူရှုထားသည်ဟု ခံစားလာစေခဲ့ခြင်းဖြစ်သည်။

အလုပ်သမားလူတန်းစား၏ တုံ့ပြန်မှု - လက်ရှိစနစ်က သာမန်ပြည်သူတွေအတွက် သင့်တော်တဲ့ လုပ်ခလစာနဲ့ အခြေခံအဆောက်အအုံတွေကို မဖြည့်ဆည်းပေးနိုင်တဲ့အတွက်၊ အလုပ်သမားလူတန်းစားတွေဟာ လစ်ဘရယ်ဒီမိုကရေစီကို ကျောခိုင်းပြီး လူပြိန်းကြိုက်ဟောပြောသူတွေ (Populist) သို့မဟုတ် လက်ယာစွန်းနိုင်ငံရေး လှုပ်ရှားမှုတွေကို ပံ့ပိုးလာကြပါတယ်။

၂။ နည်းပညာနှင့် AI ၏ အန္တရာယ်

ချမ်းသာကြွယ်ဝမှု တနေရာတည်းမှာ စုပြုံခြင်း - AI နဲ့ စက်မှုအလိုအလျောက်စနစ် (Automation) တွေဟာ စည်းကမ်းထိန်းသိမ်းမှုမရှိဘဲ တိုးတက်လာတဲ့အတွက် စီးပွားရေးမညီမျှမှုကို ပိုမိုဆိုးရွားစေပြီး၊ ဓနအင်အားနဲ့ နိုင်ငံရေးအာဏာတွေကို နည်းပညာအခြေပြုတဲ့ ဘီလျံနာအနည်းငယ် လက်ထဲမှာပဲ စုပြုံသွားစေတယ်လို့ သတိပေးထားပါတယ်။ သူတို့ကို နည်းပညာအားကိုး ဖက်ဆီဝါဒီတွေလို့တောင် လူတွေက သမုတ်ကြပါတယ်။

လူ့အဖွဲ့အစည်းကို အင်ဂျင်နီယာစနစ်တစ်ခုကဲ့သို့ သဘောထားခြင်း၏ ပြဿနာ - လူ့အဖွဲ့အစည်းကို နည်းပညာဖြင့် ဖြေရှင်းနိုင်သည့် engineering system တစ်ခုကဲ့သို့သာ သဘောထားခြင်းသည် မှားယွင်းကြောင်းလည်း Acemoglu က ထောက်ပြသည်။ ဒီမိုကရေစီ ကောင်းမွန်စွာ လည်ပတ်ရန် ဒေသခံအသိုင်းအဝိုင်းများ၊ လူမှုဆက်ဆံရေး၊ လူထုပါဝင်မှုနှင့် ဒေသန္တရအုပ်ချုပ်ရေးတို့လည်း အရေးကြီးသည်။

၃။ ရှေ့ဆက်ရမည့်လမ်း - "အလုပ်သမားလူတန်းစားအခြေပြု လစ်ဘရယ်ဝါဒ" “Working-Class Liberalism”

လက်တွေ့ဘဝကို မြှင့်တင်ရန် - ဒီမိုကရေစီ ရှင်သန်ဖို့အတွက် ရွေးကောက်ပွဲ ကျင်းပပေးရုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတွေ ပေးရုံနဲ့မလုံလောက်ဘဲ၊ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ (ကျန်းမာရေး၊ ပညာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ) ကို လက်တွေ့ကျကျ မြှင့်တင်ပေးရပါမယ်။

သဘောတူညီချက်အသစ် - နည်းပညာတွေဟာ လူသားအလုပ်သမားတွေကို အစားထိုးဖို့အတွက်မဟုတ်ဘဲ အလုပ်သမားတွေရဲ့ စွမ်းဆောင်ရည်ကို ပံ့ပိုးကူညီဖို့အတွက်သာ ဖြစ်စေမယ့် မူဝါဒမျိုးကို ချမှတ်ပြီး၊ စီးပွားရေးတိုးတက်မှုကို အောက်ခြေအထိ မျှဝေပေးနိုင်မယ့် မူဝါဒအသစ်ကို ဖော်ဆောင်ရပါမယ်။

တစ်ချိန်တည်းတွင် ဒေသခံလူမှုအသိုင်းအဝိုင်းများကို ပြန်လည်အားကောင်းစေပြီး စီးပွားရေးတိုးတက်မှု၏ အကျိုးကျေးဇူးများကို လူနည်းစုထံသာ စုစည်းမသွားစေဘဲ လူ့အဖွဲ့အစည်းအနှံ့ ပိုမိုမျှတစွာ ဖြန့်ဝေနိုင်ရန် ဖြစ်သည်။

အနှစ်ချုပ်အားဖြင့် Acemoglu ၏ အဓိကအဆိုမှာ “ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲရှိရုံနဲ့ မလုံလောက်ဘူး” ဆိုသည့်အချက်ဖြစ်သည်။ ဒီမိုကရေစီကို လူထုက ယုံကြည်ထောက်ခံစေလိုလျှင် သာမန်အလုပ်သမားနှင့် လူလတ်တန်းစားတို့က မိမိတို့၏ ဘဝအခြေအနေ အမှန်တကယ်တိုးတက်လာကြောင်း ခံစားနိုင်ရမည်။ ထိုကဲ့သို့ shared prosperity — လူအများပါဝင်မျှဝေခံစားနိုင်သည့် စီးပွားရေးတိုးတက်မှု ကို ပြန်လည်ဖန်တီးနိုင်ခြင်းသည် လစ်ဘရယ်ဒီမိုကရေစီ၏ အနာဂတ်အတွက် အဓိကကျသည်ဟု သူက ယူဆထားသည်။

ဥပမာ - အမေရိကားမှ ဆေးကုသစာရိတ်အတွက် ကျန်းမာရေးအာမခံစာရိတ်က မိုးထိအောင် မြင့်မား ဈေးကြီးပါတယ်။ အဲသည်ပြသနာကို ဖြေရှင်းနိုင်မှ တိုင်းပြည်က သာတူညီမျှ ခံစားခြင်း ပြယုဒ်တခု အဖြစ် သက်သေပြနိုင်မှာပါ။

နိဂုံး

အခုချိန်မှာ သူရဲကောင်းဝါဒီတွေ ခေတ်စားတယ်။ ဒါကို အာဏာရှင်တွေခေတ်စားလာနေတာကို ပြဆိုတယ်။ နိုင်သူ အကုန်စားစတမ်းဆိုတော့ အားနည်းသူတွေက အားကြီးသူတွေ အောက်မှာ ခစားဖို့ ပေးဆပ်ဖို့ ဖြစ်သွားစေတယ်။ လစ်ဘရယ်ဒီမိုကရေစီက အားနည်းသူတွေ ၊ လူတန်းစားစုံတွေ ၊ သာတူညီမျှ ခံစားခွင့်ကို အားပေးသလို၊ အာဏာရှင်တွေကို မတရားမှုတွေကို စုပေါင်းအားနဲ့ တိုက်ထုတ်ကြဖို့ တရားဟောခဲ့တာ ဖြစ်ပါတယ်။ ဘာသာရေးအရ ကြည့်ရင် ခရစ်ယာန်ဝါဒီတွေဟာ ရောမအင်ပါယာကို အံတုပြီး အားနည်းသူကို အားပေးကူဖို့ လူထုဝါဒကို ဖြန့်ချိခဲ့ကြတာပါပဲ။ ဗုဒ္ဓကလည်း ဘုရင်စနစ်တွေကြားထဲကနေ ဆင်းရဲသားတွေအင်အားကို စုစည်းပြီး ပညာတရားကို ဟောကြားခဲ့တာပါပဲ။ မိမိကိုယ်သာ အားကိုးရာကို ဉာဏ်အလင်းပေးခဲ့တာပါပဲ။

CNN က Fareed Zakaria က ၁၉ ရာစုနဲ့ ၂၀ ရာစု liberal democracies တွေကို ဥပမာပေးပါတယ်။ သူတို့ဟာ လူ့အခွင့်အရေးတွေ တိုးချဲ့နေတဲ့တစ်ချိန်တည်းမှာ ရထားလမ်းတွေ၊ highway တွေ၊ လေဆိပ်တွေ တည်ဆောက်ခဲ့တယ်၊ fascism ကို တိုက်ခဲ့တယ်၊ ဥရောပနဲ့ ဂျပန်ကို ပြန်တည်ဆောက်ခဲ့တယ်၊ လူကို လပေါ်ပို့ခဲ့တယ်၊ Internet ကို ဖန်တီးခဲ့တယ်လို့ ထောက်ပြပါတယ်။

အခုကတော့ ဘဝင်ရူး နည်းပညာထိပ်သီးတွေနဲ့ အာဏာရူးသမတနဲ့ သူ့နောက်လိုက်တွေအောက်မှာ လစ်ဘရယ်ဒီမိုကရေစီ ဟာ ခေါင်းငုံနေရပြီလား။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar