Breaking News

ကိုအောင်မှိုင်း - တောကျောင်းဆရာ


ကိုအောင်မှိုင်း - တောကျောင်းဆရာ

(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၃


ကျောင်းဆရာ ၂ ယောက်

အချစ်တွေနဲ့ ချစ်အိမ်ဆောက်

ပီတိကိုစား၊ ဒို့လင်မယား

စိုက်လို့ရတာ၊ အကုန်စား

မွေးလို့ရတာ၊ အကုန်ရောင်း

လွှေးလိုက်သမှ၊ ငပိထောင်း

ဟောင်းလောင်းဘဝ သိနေကြ

ဆရာတပည့် တန်းညှိဘို့မလို

ဒီနေ့ဘာဟင်း မေးကြည့်ဘို့မလို

တပည့်အဖေ၊ ပိုက်ချလေမှ

မျှော်လိုက်ရရှာ၊ ဆရာကြီးခင်ဗျာ

ဆရာကြီးဘို့၊ ဟင်းစားဗျိူ့သံ

နဝင်ပီယံ၊ မိုးကောင်းကင်ထံ

ခုန်ပျံထွက်သွား၊ သိကြားမင်းကြားပါစ။


ပီတိကိုစား၊ မလွယ်ပါလား

တောကျောင်းဆရာ ငါကွငါ

ရွာမင်္ဂလာဆောင် များများဆောင်ရင်

ဆရာကြီးခေါင်းကိုက် လကုန်ခိုက်မှာ

ဆရာမခင်ဗျာ ရွာအလည်သွား

နည်းနည်းများများ ချေးတာများဗျာ

ကြွေးတင်ရင် ဘုရင်ဆပ်ပေါ့

ခက်တာက

ဘုရင်ကိုယ်တိုင် ကြွေးထူနေတဲ့ခေတ်ပျက်။


လခထုတ်ရက် မြို့ကိုတက်

တောကျောင်းဆရာတွေ ဆုံတဲ့ရက်

အဲဒီနေ့ရက် ဘီအီးစျေးတက်

စားသောက်ဆိုင်တွေ ပြည်လို့နှက်

တောကျောင်းဆရာတွေ ပြုံးတဲ့ရက်

ရွာပြန်အလာ လစာမပါ

အမေ့ထံမှာ နည်းနည်းချေး

"နောက်လပြန်ဆပ်မယ်နော် အမေ"


အမေ့ကြွေးက ဆပ်လို့မကုန်

ရင်ကြွေးနောက်ကြွေး ပတ်ချာရေး

လျှော်ပေးလိုက်ရ တောကျောင်းဆရာဘဝ။


ကျောင်းဖွင့်စမှာ ကျောင်းသားလေး

ကြက်တကောင် လက်ဆောင်ပေး

ပူစူးမလို့ ဆရာမ နာမည်ပေး

ပူစူးမက မွေးလိုက်တာ

သားသမီး မြေးမြစ် စုံလို့ပါ

တနှစ်ကျော်ကြာ ကြက်များစွာ

ကြက်ခြံတခု ဆောက်ကြကာ

ငွေလိုပြီဆို ကြက်တွေရောင်း

ကြွေးဟောင်းဆပ်လို့ ကြွေးသစ်ပြောင်း

ဟောင်းလောင်းဘဝ ဟောင်းလောင်းကွ

ဒီနေ့စာသင် နက်ဖန်ထ္မင်းရှိ

တပည့်အပေါင်း သူတော်ကောင်းတွေ

ကျေးဇူးရှင်တွေ ထ္မင်းရှင်တွေ


သက်တော်ရာကျော် ရှည်ကြပါစေ။


ဆရာတို့ဘဝ ပူကြသလားမေး

မပူရေးချ ဆရာမရှိရင်ဘာမှမပူ

ပူစရာရှိရင် ဆရာမပူလိမ့်မယ်

အော်

မွေးမိခင် အမေပြီးရင်

သူသာအားထားရ သခင်မှသခင်

ဆရာသခင်ဆိုသူရဲ့ သခင်

ကျေးဇူးရှင်ပါဘဲ သတိတရ။


လွမ်းရပါပကော

တောကျောင်းဆီက

တခါက ချစ်တဲ့ဆရာမ။

ကိုအောင်မှိုင်း



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar