မြန်မာ့နိုင်ငံရေး အကျပ်အတည်းအပေါ် ကမ္ဘာ့အာရုံစိုက်ခံရမှု
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၅ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၃
မြန်မာ့နိုင်ငံရေး အကျပ်အတည်းအပေါ် ကမ္ဘာ့အာရုံစိုက်ခံရမှု
၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အကျပ်အတည်း စတင်ဖြစ်ပွားစဥ်က ကမ္ဘာမှာ မြန်မာ့အရေးက အာရုံစိုက်ခံရဆုံး အရေးထားစရာ၊ အခြားနိုင်ငံတွေအနေနဲ့ ဝိုင်းဝန်းကူညီဖြေရှင်းကြဖို့ စိတ်ဝင်စားခံရတဲ့ နိုင်ငံရေးပြဿနာတရပ်အဖြစ် တည်ရှိခဲ့ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆယ်စုနှစ်တခုကြာ ဖြတ်သန်းခဲ့တဲ့ နိုင်ငံက စစ်အာဏာသိမ်းမှုဆီ ပြန်လည်ကျဆင်းသွားတဲ့အဖြစ်အပျက်ကို မြန်မာနိုင်ငံလူထုက တခဲနက် ဆန့်ကျင် ဆန္ဒပြမှုတွေ စစ်အာဏာသိမ်းမှုကို လက်မခံကြတဲ့ မြန်မာနိုင်ငံက သိန်း သန်းနဲ့ချီတဲ့လူထုရဲ့ ဆန္ဒကို ကမ္ဘာက အသိအမှတ်ပြုပြီး အားပေးခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ကုလသမဂ္ဂ၊ အာဆီယံတို့ကို မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဝင်ရောက်ဖြေရှင်းပေးဖို့ အခြားသောနိုင်ငံတွေက ဝိုင်းဝန်းတိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီအထိ မြန်မာ့အရေး မြန်ဆန်စွာ ရလဒ် ထွက်ပေါ်လာအောင် အာဆီယံ အထူးသံတမန်၊ ကုလသမဂ္ဂရဲ့အထူးသံတမန်စတာတွေ ခန့်အပ်တာဝန်ပေးကြပြိး မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုစားခဲ့ကြသလို မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေကို ဒုက္ခသည်တွေ ဝင်ရောက်လာနိုင်ခြေ၊ နယ်စပ်ကို ကျော်ဖြတ်ပြီး စစ်ပွဲရဲ့ အကျိုးဆက်တွေ သက်ရောက် ကူးစက်လာနိုင်ခြေရှိတာတွေကို အရှေ့တောင်အာရှနိုင်ငံက အစိုးရတွေက စိုးရိမ်ပူပန်ကြခဲ့ကြရတာ ဖြစ်ပါတယ်။
မြန်မာ့ နိုင်ငံရဲ့ ပြဿနာက တနှစ်တာအကြာမှာတော့ ဥရောပမှာ ယူကရိန်းကို ရုရှားကျူးကျော်မှု ဖြစ်ပွားလာပြီး မြန်မာနိုင်ငံပြဿနာကို ကမ္ဘာရဲ့ အာရုံစိုက်မှုလျော့နည်းသွားတဲ့ အဖြစ်မျိုး ကြုံလာရ တာဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေ၊ အရှေ့တောင်အာရှက မြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကို ဆက်လက်ပြီး အဖြေရှာဖို့ တိုက်တွန်းဆောင်ရွက်နေကြပေမယ့် အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေအနေနဲ့ ယူကရိန်း-ရုရှားစစ်ပွဲက ပိုပြီးပြင်းထန်တဲ့ စစ်ပွဲကြီးတခု ကမ္ဘာတခုလုံးအပေါ် သက်ရောက်မှုရှိတဲ့ နှစ်နိုင်ငံ စစ်ပွဲတခု ဖြစ်တာမို့ မြန်မာနိုင်ငံအရေးအပေါ် အာရုံစိုက်မှုက လျော့ကျလာခဲ့တာ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေအဖို့ ၄င်းတို့အိမ်အနီးမှာ ဖြစ်ပွားနေတဲ့ မီးလောင်မှုက အချိန်မရွေး သက်ဆိုင်ရာနိုင်ငံတွေကိုပါ ကူးစက်လာနိုင်ခြေ၊ လက်ရှိဖြစ်ပွားလာတဲ့ စစ်ပွဲရဲ့ အကျိုးဆက် ဒုက္ခသည်ပြဿနာတွေရဲ့ သက်ရောက်မှု၊ စီးပွားရေးအပေါ် သက်ရောက်မှုစတာတွေက မြန်မာ့အရေးကို အာရုံစိုက်မှု၊ ကူညီမှု လျော့ကျလာစေတဲ့ အကြောင်းအချက်တွေ ဖြစ်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့လည်း ယူကရိန်း-ရုရှားစစ်ပွဲမှာ တက်ကြွစွာပါဝင်လုပ်ဆောင်နေရပြီး မြန်မာ့အရေးက အနောက်ကို ရောက်ခဲ့ရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ယူကရိန်း-ရုရှားစစ်ပွဲ ၁ နှစ်ပြည့်ပြီးနောက် ၄င်းစစ်ပွဲက နေ့ချင်းညချင်း ပြီးဆုံးမယ့် အရိပ်အယောင် မတွေ့ရသေးသလို မြန်မာ့အရေးလည်း လက်နက်ကိုင် တိုက်ပွဲတွေ နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ဆက်လက်ဖြစ်ပွားနေဆဲ ခုခံတိုက်ခိုက် နေကြဆဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက မြန်မာ့စစ်အာဏာရှင် ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ အင်အားစုတွေအပေါ် နိုင်ငံရေးအရ စိတ်ဓာတ်အရ ထောက်ခံအားပေးသော်လည်း လက်နက်ကိုင်တိုက်ပွဲမှာ လက်နက်ကူညီဖို့ အလားအလာမတွေ့ရသေးပါဘူး။ ၂၀၂၃ ခုနှစ်မှာ အကောင်အထည်ဖေါ်မယ့် အမေရိကန် ကာကွယ်ရေး အသုံးစရိတ်မှာ မြန်မာ့အရေးအတွက် ဘားမားအက် ဆိုတဲ့ ခေါင်းစဥ်နဲ့ ထောက်ပံ့ငွေ သန်းရာနဲ့ချီ ပြဋ္ဌာန်းထားသော်လည်း လက်နက် အကူအညီမျိုး မဟုတ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ၊ ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ပေးမှုအကူအညီမျိုးတွေသာ ပေးဖို့ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးအနေနဲ့ စိတ်ဓာတ်ရေးအရ ကမ္ဘာရဲ့ ထောက်ခံမှုရရှိထားပေမယ့် လူသားချင်းစာနာမှု အကူအညီမဟုတ်တဲ့ အခြားသော ရုပ်ဝတ္ထုအရ ထောက်ပံ့မှုကို မရနိုင်သေးတာလည်း လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်လိုမျိုးကို မကြာသေးခင်က ချမှတ်ခဲ့ပါတယ်။ သို့သော် ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အကောင်အထည်မဖော်ရင် မလိုက်နာရင် ဘယ်လို ဆောင်ရွက်မယ်ဆိုတာမျိုး မပါရှိတာကြောင့် တဖက်မှာ စစ်အာဏာရှင်တွေအနေနဲ့ သက်သာရာရသလို ဖြစ်နေသေးတာလည်း တွေ့ရပါတယ်။
အာဆီယံမှာ အလှည့်ကျ ဥက္ကဋ္ဌ ပြောင်းလဲပြီးနောက် ဒေသတွင်း သြဇာကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံက အလှည့်ကျ တာဝန်ယူပြီး မြန်မာ့အရေးကို ကြိုးစားမှုအသစ်တွေ လုပ်ဆောင်ဖို့ စိတ်အားထက်သန် နေတာ တွေ့ရပေမယ့် စစ်ကောင်စီဘက်ကတော့ သံတမန်ရေးအရ ပြောဆိုလာတာတွေကို ခေါင်းမာစွာနဲ့ ရင်ဆိုင်ရပ်ခံနေတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ တိုက်ပွဲမှာ နိုင်ငံတကာရဲ့ စိတ်ဓာတ်ရေးရာ အကူအညီက ကျေနပ်လောက်စရာရရှိပေမယ့် ရုပ်ဝတ္ထုဆိုင်ရာ အကူအညီမှာတော့ ဒီလောက်ထိ မရသေးတာ တွေ့ရမှာဖြစ်ပြီး ကမ္ဘာမှာ အခြားသော အဖြစ်အပျက် အသစ်တွေ၊ ပြဿနာအသစ်တွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ လိုအပ်တဲ့ တူရကီ၊ ဆီးရီးယားနယ်စပ်က ငလျင်ဘေးလို အဖြစ်အပျက်တွေ ပေါ်ထွက်လာပြီး မြန်မာ့အရေးကို အာရုံစိုက်မှု လျော့ကျလာမယ့် အခြေအနေတွေလည်း ဖြစ်ပေါ်နေတာ သတိပြုမိဖို့၊ လက်ရှိ ရှိနေတဲ့ အနေအထားထက် ထပ်လျော့ကျမသွားအောင် ပြောဆိုနေကြဖို့လည်း အရေးပါကြောင်းလည်း တိုက်တွန်းလိုက်ရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar