Breaking News

ကိုယ့်နိုင်ငံက လူထုကို လေကြောင်းက တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီ


မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၈ မြင်ကွင်း

(မိုးမခ) မတ် ၁၊ ၂၀၂၃


ကိုယ့်နိုင်ငံက လူထုကို လေကြောင်းက တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီ

ယခုလ ၂၇ ရက်နေ့က ဧရာဝတီမြစ်ကမ်းနံဘေး ရွှေကူမြို့အနီးမှာ ရွှေကျင်တဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ ရွှေဖောင်တွေကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ရွှေဖောင်လုပ်သူ ၄ ဦးသေဆုံးသွားတဲ့ သတင်းကို RFA သတင်းဌာနက ဖေါ်ပြထားတာ တွေ့ရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး ပဋိပက္ခရဲ့ အမြင့်ဆုံးအနေအထားဖြစ်တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပေါ်လာပြီး အုပ်ချုပ်ရေး တရားဥပဒေစိုးမိုးရေးတွေကို ဘယ်သူမှ မကြပ်မတ်နိုင်ကြတော့တဲ့ အနေအထားမှာ မျှောဖောင်နဲ့ ရွှေတူးကြသူတွေ ကချင်ပြည်နယ်မှာ စစ်ကိုင်းတိုင်းထဲ သိသိသာသာ တိုးမြင့်လာနေပြီး မြစ်ကြောင်းပြောင်းသွားမယ့် အရေး၊ ပတ်ဝန်းကျင်တွေ ရေညစ်ညမ်းပြီး စိုက်ပျိုးရေးလုပ်ငန်းကို သဘာဝဂေဟစနစ် ပျက်စီးမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်ကြတဲ့ အကြောင်းလည်း သတင်းတွေထဲ မကြာခဏတွေ့ရ ဖတ်ရှုနေရတာဖြစ်ပါတယ်။ ယခုနှစ်ဇန်နဝါရီလက ပထမဆုံးအကြိမ်အဖြစ် နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက ရွှေမျှောဖောင်လုပ်ငန်းလုပ်ကိုင်သူတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ဖူးပါတယ်။  ယမန်နေ့ကတော့ ရွှေကူမြို့အနီးက ရွှေမျှောဖောင်တွေကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြန်တာကြောင့် ၄ ဦးသေဆုံးခဲ့ရတယ်လို့ သတင်းတွေထဲ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

၂ လအတွင်း ဒုတိယအကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အနေအထားနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမယ့်အရေးကို ကြပ်မတ်ရာမှာ မြေပြင်က နေ လာရောက်ပြီး ဥပဒေစိုးမိုးအောင် စည်းမျဥ်းစည်းကမ်း လိုက်နာအောင်ဖြေရှင်းတာ မရှိတော့ဘူးလို့ဆိုပါတယ်။ 

အခုလို တရားမဝင် မော်တော်တွေနဲ့ မြစ်နဲ့ အနီးမှာ ရွေကျင်ကြတာတွေက စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး ကြပ်တည်းမှုနဲ့အတူ တရားဥပဒေ မစိုးမိုးတော့တာကို အခွင့်ကောင်းယူပြီး သိသိသာသာ များပြားလာတာဖြစ်ပါတယ်။ သစ်ခိုးထုတ်မှုလိုပဲ ရွှေတူးတာ မျှောဖောင်နဲ့ ရွှေကျင်တာ၊ ကျောက်စိမ်း လုပ်ကွက်တွေ ခိုးတူးကြတာတွေက အနှံ့အပြားဖြစ်ပွားလာနေပြီး ဘယ်သူမှ ဘယ်အဖွဲ့ကမှ ဒီကိစ္စတွေကို ဖြေရှင်းဖို့ မကြိုးစားနိုင်ကြတော့ပဲ လက်နက်ကိုင် တိုက်ပွဲ အားပြိုင်မှုမှာသာ ပိုပြီး စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ အခုလို ဥပဒေချိုးဖောက်ပြီး ရွှေတူးကြတဲ့ ကိစ္စကို ကြပ်မတ်ဖို့ ကြိုးစားရာမှာ လေကြောင်းကနေ တိုက်ခိုက်ပြီး လုပ်ဆောင်ခြင်းဟာ အလွန်တရာ ရက်စက်ရာကျတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးအောင် မြေပြင်မှာ လာရောက်ပြီး ကြပ်မတ်နိုင်တဲ့အနေအထား မရှိတော့တာ၊ ဒီနယ်မြေဒေသတွေမှာ စစ်ကောင်စီ အနေနဲ့ မစိုးမိုးထားနိုင်တော့တဲ့ အနေအထားကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ ကုန်ကျစရိတ်များတဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကို အခုလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမယ့် ကိစ္စရပ်တွေမှာ လက်နက်ကိုင် တပ်တွေအပေါ်မှာ ကျင့်သုံးတဲ့ လေကြောင်းတိုက်ခိုက်မှု ကို သုံးပြီး လုပ်ဆောင်တာဟာ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ပေါက်တာနဲ့ အလားသဏ္ဍာန်တူတဲ့ အဖြစ်လို့ ဆိုရမှာဖြစ်ပါတော့တယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ တာချီလိတ်မြို့က ကြံ့ခိုင်ရေးရုံးအနီး ဗုံး ၅ လုံး ဆင့်ကာပေါက်ကွဲမှုကြောင့် လူ ၇ ဦး ဒဏ်ရာရခဲ့တဲ့ သတင်းဖြစ်ပါတယ်။ တာချီလိတ်မြို့ဟာ ထိုင်းမြန်မာနယ်စပ် မြို့တမြို့ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ စိုးမိုးတဲ့ ဒေသတွေနဲ့ နီးကပ်စွာ တည်ရှိတဲ့မြို့၊ ရွှေတြိဂံဒေသနဲ့ နီးကပ်စွာ တည်ရှိတဲ့မြို့ဖြစ်ပြီး၊ လက်နက်နဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး လက်သည်မပေါ်တဲ့ အဖြစ်အပျက်လည်း အများအပြားဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။  ယမန်နှစ်ကလည်း စစ်ကောင်စီ ထောက်ခံပွဲတခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ လူသေဆုံးမှုတွေ ရှိခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားစိတ်ဝင်စားစရာ သတင်းတပုဒ်ကတော့ နေပြည်တော်မှာ ကြံ့ခိုင်ရေးပါတီက ပြည်သူလုံခြုံရေးအဖွဲ့လို အမည်ပေးထားတဲ့ ပြည်သူ့စစ်သဘောမျိုး ကြံ့ခိုင်ရေးပါတီဝင်တွေကို လက်နက်တပ်ဆင်တဲ့ အခမ်းအနားမှာ သေနတ်လို လက်နက်အစား ဝါးချွန်တွေ ပေးအပ်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ 

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ သတင်းဌာနတခုက အဆိုပါ အခမ်းအနားနဲ့ပတ်သက်လို့ သတင်း ဓါတ်ပုံနဲ့တကွ ဖေါ်ပြခဲ့ရာမှာ ဝါးအစိမ်းတွေကို ချွန်ထားတဲ့ ဝါးချွန်တွေကို ပေးအပ်နေတဲ့ဓာတ်ပုံ ပါရှိပြီးအခုလို သေနတ်တွေ အလွယ်တကူလက်ဝယ်ရရှိပြီး လုပ်ကြံသတ်ဖြတ်မှုတွေ တိုက်ခိုက်မှုတွေ ဖြစ်နေချိန်မှာ ရှေးရှေးတုန်းက လက်နက်ဖြစ်တဲ့ ဝါးချွန်တွေကို ပေးအပ်ခြင်းဟာ အံ့အားသင့်စရာကောင်းတဲ့ သတင်းတပုဒ် ဖြစ်နေတာပါ။ 

ကုန်းဘောင်ခေတ်၊ အင်္ဂလိပ်ကိုလိုနီကို တော်လှန်တဲ့ ကျေးလက်တွေက လူထုတွေရဲ့ လက်နက်မျိုးနဲ့ အခုလို ဒစ်ဂျစ်တယ်ခေတ်၊ အဏုမြူခေတ်မှာ လက်နက်တပ်ဆင်တာဟာ ဘယ်လောက်ထိ ခေတ်နောက်ကျတဲ့ အတွေးအခေါ်လည်းဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက မကြာသေးခင်က လက်နက်ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတွေကို လက်နက်ကိုင်ဆောင်ခွင့် ပေးမယ်လို့ ယူဆထားချိန်မှာ အခုလို ဝါးချွန်တွေ ပေးအပ်တဲ့ သတင်းဖော်ပြလာတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar