မောင်တူး - အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု
အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု
မောင်တူး
(မိုးမခ) မတ် ၂၊ ၂၀၂၃
အရှေ့ အနောက် ၊ တောင်မြောက်ဘယ်မှာ
မသိပါငြား၊ အာဏာသားသည်
မှန် မှား မသိ၊ ပြောဆိုမိပြီ
ဒီမိုကရေစီ မကောင်းကြောင်း။ ။
စစ်ကောင်စီက ကျောင်းတွေမှာ အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှု ကို မသင်ကြဖို့ ညွှန်ကြားချက် ထုတ်လိုက်တယ်။ စစ်ကောင်စီ အာဏာသိမ်းရတဲ့ ရည်ရွယ်ချက်မှာကိုက ဒီမိုကရေစီ ရွေးကောက်ပွဲမှာ မဲစာရင်းမှားပြီး ဒီမိုကရေစီ နည်းမကျလို့ သိမ်းတာတဲ့။ စစ်ကောင်စီကပဲ ဒီစကားကို အကြိမ်ကြိမ် ပြောနေတယ်။ ဒါကြောင့် ဒီမိုကရေစီ ရွေးကောက်ပွဲကြီး ထပ်လုပ်ဖို့ ပြင်နေတယ်တဲ့။ မင်းအောင်လှိုင်ကိုယ်တိုင် ပြော ပြောနေတာ။ ဒီမိုကရေစီနည်းကျ ပါတီတွေ ပြန်ပြီးမှတ်ပါတင်ကြပါတဲ့။ ဒီမိုကရေစီနိုင်ငံ တော်ကြီးကို တပ်မတော်က တည် ဆောက်နေတာတဲ့။ စည်းကမ်းပြည့်ဝသောဒီမိုကရေစီတဲ့။ ဒီမိုကရေစီ ။ ဒီမိုကရေစီ ။ ဒီမိုကရေစီ ။ ပြောနေတာကတော့ အကြိမ်ကြိမ်ပါ။
အခုနောက်ဆုံး အနောက်တိုင်း ဒီမိုကရေစီကို မသင်ကြားရဘူးတဲ့။ ဘာတွေလဲ။ ဒီမိုကရေစီကို တည်ဆောက်နေပါတယ်ဆိုသူတွေက ဒီမိုကရေစီဘာသာရပ်ကို ကျောင်းမှာမသင်ရဘူးဆိုတော့ သူတို့က ဒီမိုကရေစီကိုမကြိုက် မနှစ်သက်ဘူးဆိုတဲ့အဖြေထွက်လာတာပေါ့။ ဒီမိုကရေစီကို စစ်တပ်က မလိုလားဘူး ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါပေါ့။ ဒီမိုကရေစီ ပညာရေးကို တပ်မတော်က ဆန့်ကျင်နေတာကို စာသူငယ်ကြား လင်းတနား သလို ကွင်းကွင်းကွက်ကွက် မီးမောင်းထိုးပြနေကြတာပဲပေါ့။
#အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု
အနောက်တိုင်းဆိုတာ ကမ္ဘာ့အနောက်ခြမ်း နိုင်ငံတွေကို ခေါ်တာပါ။ သတင်းတွေမှာ ပြောပြောနေတဲ့ အနောက် နိုင်ငံတွေလေ။ COLLINS အဘိဓာန်မှာတော့ ...
(Western means in or from the west of a region, state, or country.)
အနောက်ပိုင်း အနောက်ဘက် ဒေသ နိုင်ငံ တိုင်းပြည်တွေကို အနောက် (တိုင်း) လို့ ခေါ်တယ်တဲ့။ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ (ရောမ)၊ ဂရိ စတဲ့ အနောက်နိုင်ငံတွေပေါ့။ ဒီနိုင်ငံတွေကိုကြည့်လိုက်ပါ။ ဒီမိုကရေစီတွေထွန်း ကားနေတယ်။ အနောက်နိုင်ငံသားတွေဟာ ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်ရနေကြတယ်။ တခြားနိုင်ငံတွေကိုလည်း ဒီမိုကရေစီရအောင် ကူညီနေကြတယ်။ သူတို့ရဲ့စာပေတွေဟာလည်း ဒီမိုကရေစီ စာပေတွေလေ။ ဒီစာပေတွေ ဗမာပြည်က ကျောင်းတွေမှာသာ သင်လိုက်ရရင် ဒီမိုကရေစီရဲ့ ကောင်းကြောင်းတွေသိသွားလိမ့်မယ်လို့ စစ်ဗိုလ်ချုပ်တွေ ယူဆကြမယ်ပေါ့။ စစ်တပ် အာဏာသိမ်းတာဟာ ဒီမိုကရေစီနဲ့ ပြဒါးတလမ်းသံတလမ်း ဆိုတာ မျိုးဆက်သစ် ကျောင်းသားတွေ သိကုန်ရင် ပြဿနာပေါ့။ ဒါကြောင့် ကျောင်းတွေမှာ သင်ခွင့်မပေးနဲ့လို့ အမိန့်ထုတ်လိုက်ပုံရပါတယ်။
#ဒီမိုကရေစီဆိုတာ
ကျနော်တို့ ကျောင်းမှာ သင်ယူခဲ့ရတာကတော့ ဒီမိုကရေစီဆိုတာ ဒီမို = လူများစု ကရေစီ= အုပ်ချုပ်ရေး လူ များစု အုပ်ချုပ်ရေးလို့ အဓိပ္ပါယ်ရပါတယ်။ ရှေးအကျဆုံး ဒီမိုကရေစီက ဂရိမြို့ပြနိုင်ငံတွေက စတင်သုံးစွဲတယ်။ ကွင်းအကျယ်ကြီးထဲမှာ ပြည်သူတွေ အကုန်စုဝေးတယ်။ အုပ်ချုပ်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်ကို ကွင်းထိပ် ၂ ဖက်မှာ နေခိုင်းထားပြီး ကိုယ်ကြိုက်တဲ့ဖက် ရပ်ကြ။ ဒါဟာ မဲထည့်တာပဲ။ လူများတဲ့ဖက်ကလူက လွှတ်တော်ကိုယ်စားလှယ် ဖြစ်တယ်။ ဒါကို တိုက်ရိုက်ဒီမိုကရေစီလို့ ခေါ်တာပါ့။ ကျနော်က နန်းခင်ထွေးမြင့် ဒီမိုကရေစီလို့ ခေါ်ချင်တယ်။ နန်းခင်ထွေးမြင့် ဒီမိုကရေစီဆိုတာက (ကရင်ပြည်နယ်ဝန်ကြီး ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထွေးမြင့်ဟာ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီ ၁ ရက်ကစ အဖမ်းခံရတယ်။ သူ့ကိုသွားဖမ်းတဲ့တပ်မှူးက မဲမသမာမှုကြောင့် ဖမ်းရပါတယ်တဲ့။ နန်းခွင်ထွေးမြင့်က “မဲမသမာမှုရှိတယ်လို့ စစ် တပ်ကထင်ရင် ကျမက ရှင်နဲ့ပြိုင်ပြီး လျှို့ဝှက်မဲမဟုတ်ဘဲ ဗြောင်မဲစနစ်နဲ့ မဲပေးရွေးချယ်ခံဖို့အဆင်သင့်ပဲ၊ ရှင်က ကွင်းဟိုဖက်ထိပ်ရပ်။ ကျမ က ဒီဖက်ထိပ်ရပ်မယ်။ ဘားအံက လူတွေကို အကုန်လာခိုင်းပြီ ကြိုက်တဲ့သူဖက်ရပ်ခိုင်းလိုက်ပါ။ ဗြောင်မဲပေးကြည့်မလား) လို့ စိမ်ခေါ်ခဲ့တယ်။ အနောက်တိုင်း ဂရိမြို့ပြနိုင်ငံက ရှေးအကျဆုံး တိုက်ရိုက်ဒီမိုကရေစီဟာ နန်းခင်ထွေးမြင့် ဒီမိုကရေစီနဲ့ အတူတူပါ။ ”
COLLINS အဘိဓာန်မှာတော့ (Democracy is a system of government in which people choose their rulers by voting for them in elections)
ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲကနေ မဲဆန္ဒရှင်တွေက အုပ်ချုပ်မည့်သူတွေကို မဲပေးရွေးချယ်ပြီး အစိုးရဖွဲ့တဲ့ စနစ်ပါပဲ။ အစိုးရကို ပြည်သူက မဲပေးရွေးရပါတယ်။ မဲအပြတ်မနိုင်ရင် ညွန့်ပေါင်း အစိုးရဖြစ်တယ်။ ပါတီတခုတည်းက သောင်ပြိုကမ်းပြိုအပြတ်အသတ်နိုင်ရင်။ သူတို့က လွတ်တော်ခေါ်ခွင့်ရတယ်။ လွှတ်တော်ကနေ အစိုးရဖွဲ့တယ်။ အားကောင်းတဲ့အစိုးရပေါ့။ ညွန့်ပေါင်းအစိုးရဆိုရင်တော့ အားမကောင်းဘူး။ မတည်ငြိမ်ဘူး။ ပြဿနာများတယ်။ ဒါပေမဲ့ ညွန့်ပေါင်းအစိုးရလည်း ဒီမိုကရေစီ အစိုးရပဲ။ အာဏာသိမ်း စစ်အစိုးရလိုတော့ လူ ၃၀၀၀ ကျော် သတ်မပြစ်။ ရွာတွေကို မီးမရှို့ရဲဘူး။ နောက်တကြိမ် ရွေးကောက်ပွဲ ငါးနှစ်မှာ သူ့ပါတီကို လူထုက မဲထည့်ချင်အောင် ကောင်းတာတွေလုပ်ပြရတယ်။
#ဒီမိုကရေစီအစိုးရ၁၉၉၀
ဒီမိုကရေစီ အစိုးရ ဖြစ်ချင်သလား။ ရွေးကောက်ပွဲတွေကို ဖြတ်ကျော်ရမယ်။ နိုင်ရင် အစိုးရလုပ်ပေတော့ ငါးနှစ်။ ရှုံးရင် ငါးနှစ်ပြန်စောင့်၊ ပြန်ကြိုးစား၊ လူထုကိုစည်းရုံးပြီး ကောင်းတာတွေ ပြန်လုပ်။ နောက်ရွေးကောက်ပွဲအတွက်။ အခုတော့ ဒီလိုမလုပ်ပါ။ ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးမှာ NLD က အပြတ် အသတ်နိုင်ခဲ့တယ်။ စစ်တပ်ပါတီ တစည ပါတီက အပြတ်အသတ်ရှုံးခဲ့တယ်။ လွှတ်တော်ခေါ်မပေးဘူး။ အစိုးရဖွဲ့ခွင့်မပေးဘူး။ စစ်တပ်က မဲနိုင်ကိုယ်စားလှယ်တွေကို ဖမ်း သတ် ထောင်ချ ပြည်ပထွက်ပြေးကြသူတွေလည်းရှိ။ ဒီမိုကရေစီ အစိုးရလည်း ဖွဲ့ခွင့်မရခဲ့ပေါ့။ စစ်တပ်က ဒီမိုကရေစီ မကြိုက်တာ လူတိုင်း သိပါတယ်။ အခုလို ဒီမိုကရေစီ ဘာသာရပ်ကို ကျောင်းမှာ မသင်ရဘူးလို့ အမိန်ထုတ်ပြန်ပြီ။ စစ်တပ်က မကြိုက်တာ ဒီမိုကရေစီ ပါ။ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ဒီမိုကရေစီ မသင်ကြားရေး စစ်တပ်အရေး။
#ဟန်ပြဒီမိုကရေစီအစိုးရ၂၀၁၀
ယူနီဖောင်းချွတ်
တိုက်ပုံဝတ်
ဇွတ်ဖွဲ့အစိုးရ။ ။
၂၀၁၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲ၊ မဲလိမ်၊ မဲခိုး၊ အကြောက်တရားဖိအားပေး တွေနဲ့ အနိုင်ယူပြီး ဇွတ် အစိုးရ လုပ်သွားပါတယ်။ ဦးသိန်းစိန် ဦးဆောင် ၂၀၁၀ ရွေးကောက်ပွဲ အတုက ပေါက်ဖွားလာတဲ့ အစိုးရဟာ ဒီမိုကရေစီ အစိုးရ မဟုတ်ပါ။ အတုအယောင် ဒီမိုကရေစီ အစိုးရ။ ဟန်ပြ ဒီမိုကရေစီ အစိုးရပါ။ ထင်ရှားအောင်ပြပါ့မယ်။ နာဂစ်မုန်တိုင်း အပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူ ၉၉ ရာခိုင်နှုန်းက ထောက်ခံမဲပေးသွားခဲ့တယ်ဆိုပြီး ညာခဲ့တယ်။ စစ်တပ် အာဏာသိမ်းခွင့်တွေထည့်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲလုပ်တယ်။ တပ် ကိုယ် စားလှယ် ၂၅ ရာခိုင်နှုန်းကလည်း ယူထားသေးတယ်။ မဲရွေးပြီးညမှာမှ ကြိုတင်မဲအိတ်တွေ ခနခန ထပ်ရောက် လာပြီး မဲပေါင်းထည့်ပြီးနိုင်တာတွေက အများကြီး။ ဒီမိုကရက်ပါတီ ဥက္ကဌ ဦးသုဝေဆို ည ၈ နာရီ မှာ မဲအပြတ်အသတ် နိုင်ထားပြီးမှ နောက်ထပ်ရောက်လာတဲ့ ကြိုတင်မဲတွေကြောင့် ရှုံးခဲ့ရတာကလား။ ဒီကိစ္စကို ဦးသုဝေက ခနခန ပြောတယ်။ အလားတူ ဦးသုဝေတွေ အများကြီးပါ။ ဒီနည်းနဲ့ စစ်တပ်ပါတီ ကြံဖွတ်ဟာ နိုင်ခဲ့တယ်။ သူတို့ဟာ ဒီမိုကရေစီ အစိုးရ မဟုတ်ပါ။ ဒီလို ဗဟုသုတတွေဟာ အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေး မှု သင်ရိုးညွှန်တန်းတွေမှာပါတယ်။ ဒါတွေကို မသိစေချင်ဘူး။ ဒါကြောင့် စစ်ကောင်စီက ကျောင်းမှာ ဒီမိုကရေစီ မသင်ဖို့ တားမြစ်တာ။
#ဒီမိုကရေစီအစိုးရ၂၀၁၅
၂၀၁၅ ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်နိုင်တယ်။ ဒီမိုကရေစီ အစိုးရဖြစ်လာတယ်။ ဒါတောင်မှ ၂၀၀၈ ဖွဲ့စည်းပုံကြီးက ကန့်လန့်ကန့် လန့်။ လွှတ်တော်အသီးသီးမှာ စစ်တပ်ကိုယ်စားလှယ်အစိတ်သားက အမိန့်သားကြီး ဝင်ထိုင်နေသေးတာ။ အာဏာလွှဲချိန်မှာဆို အဖုအထစ်တွေက ရှိခဲ့သေးတာ။ စစ်တပ်ပါတီ ပြည်ခိုင်ဖြိုးက ရှုံးခဲ့တာကိုး။ မန္တလေးတိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ရဲမြင့်က ဆိုရင် အာဏာတောင် လာလွဲမပေးဘူးဗျ။ ဝန်ကြီးချုပ်သစ်ဒေါက်တာဇော်မြင့်မောင်က သူ့ဘာသာသူ ဝန်ကြီးချုပ်ထိုင်ခုံကိုဝင်ထိုင်ရတာ။ CDM တ ပ်မတော်သားတွေအပြောအရ အဲ့သည်ကတည်းက စစ်တပ်က အာဏာသိမ်းချင်နေတာ။ နောက်တော့မှ NLD အစိုးရ လုပ်ကြည့်ပါဦး။ သူ့ဘာသာသူ ပျက်သွားမှာပါ။ မအုပ်ချုပ်နိုင်ပါဘူးဆိုပြီး။ အထင်သေးစွာ၊ လွှဲလိုက်ပါသည်၊ အာဏာငါးနှစ်၊ စောင့်ကြည်ရစ်ကြ ဆိုပြီး လွှဲလိုက်တာတဲ့။ သူတို့တပ်ထဲက လူတွေပြန်ပြောပြတာပါ။ NLD က ၅ နှစ် မောင်းနှင်ပြလိုက်တော့ စစ်တပ်က သိပ်ကြောက်သွားတယ်။ ဒါပေမဲ့ နည်းမျိုးစုံနဲ့ နှောင့်ယှက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲတွေ ပြန့်သွားအောင်စီစဉ်ပြီး ညွန့်ပေါင်းအစိုးရကိုမှန်းပြီး ရွေးကောက်ပွဲလုပ်ပေးလိုက်တာလို့ဆိုတယ်။ အဲ့သည်မှာ NLD ကအပြတ်အသတ် ပိုပြီးနိုင်ပြန်တော့ ကြောက်သည်မက ကြောက်လာပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ မှာ သိမ်းတာပါ။ လူထုက မဲပေးရွေးချယ် တာဟာ ဒီမိုကရေစီ အစိုးရပဲ။ အာဏာသိမ်းတာဟာ ဒီမိုကရေစီ အမှောင်ကျတာပဲ။ ဒီမိုကရေစီ သင်ရိုးညွှန်းတန်းမှာ အဲ့သည် အချက်အလက် သဘောတရားတွေပါတယ်။ ဒါကြောင့် စစ်တပ် စစ်ကောင်စီက ကျောင်းသင်ရိုးမှာ အနောက်တိုင်းဒီမိုကရေစီ ယဉ်ကျေးမှုကို မသင်စေချင်တာပဲ ဖြစ်ပါတယ်။
#အရှေ့အလယ်အနောက်တိုင်းဒီမိုကရေစီ
လူထုရွေးကောက်၊ ဝိုင်းတင်မြှောက်၊
အနောက်တိုင်း ဒီမိုကရေစီ။
လူထုရွေးချယ်၊ တင်မြှောက်တယ်
အလယ်တိုင်း ဒီမိုကရေစီ။
လူထုကြိုက်ပေ့၊ ရွေးဓလေ့
အရှေ့တိုင်း ဒီမိုကရေစီ။
ဒီမိုကရေစီ၊ အများညီသော်
တိုင်းပြည်ခေါင်းဆောင် ဖြစ်ပါသည်။ ။
--
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar