Breaking News

ခွန်ဆိုင်း - ကျားမြီးဆွဲ ဘုရင်ရူး

ခွန်ဆိုင်း - ကျားမြီးဆွဲ ဘုရင်ရူး

(မိုးမခ) မတ် ၂၊ ၂၀၂၃


ပြည်လုံးကျွတ်  သန်းခေါင်စာရင်းကောက်ဦး မလို့တဲ့။  ခုရက်ထဲ မအလ ဆီက   သန်းခေါင်စာရင်းကောက်ဦးမယ်ဆိုတဲ့ အသံသစ် တခု ထုတ်လာတာ ကြားလိုက်မိပြန်တော့ ဒီသတ္တဝါဟာ  ၂၀၂၃ အတွင်း ရွေးကောက်ပွဲ ဖြစ်အောင်လုပ်နိုင်စွမ်း   မရှိတော့ဘူး လို့ တဖက်လှည့်နဲ့ ဝန်ခံလိုက်တဲ့ အဓိပ္ပါယ် ပဲ။ စစ်ကောင်စီ ကြေငြာထားတဲ့  မဖြစ်မနေ အကြားအလပ်မရှိ သူတို့ လုပ်မယ်ဆိုတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ချေဖျက်နိုင်ခြင်းဟာ - တပြည်လုံး ဆင်နွှဲနေတဲ့ လူထုခုခံစစ်တွန်းလှန်စစ်ရဲ့ အသီးအပွင့်အောင်မြင်မှုတခု လို့ ပြောလို့ရပါတယ်။ သူ့ရဲ့ တခုတည်းသော နိုင်ငံရေးထွက်ပေါက်  ဆက်အပိတ်ခံထားရတယ်။ စစ်အုပ်ချုပ်ရေးနဲ့ ဆက်သွားမှ ရမယ့်သဘော။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ က စစ်ကောင်စီဟာ သူ့ သက်တမ်းကို ပုံမှန် မဟုတ်သေးဘူး၊ အကြောင်းပြချက်နဲ့ ၆ လ ထပ်တိုးလိုက်တယ်။ တလမပြည့်ခင် တိုင်းပြည်ဟာ သန်းခေါင်စာရင်းကောက်ဖို့ လိုနေတယ်လို့ ထပ်ပြောလာပြန်တာ ဆိုတော့ မအလ ဟာ  သူ ထင်သလို ရွေးကောက်ပွဲကနေ  အလွယ်လေး ထွက်သွားလို့ ရစရာလမ်းမမြင်တော့လို့ နောက်ထပ် စစ်ကောင်စီသက်တမ်းတိုးရင်း အချိန်ကို ထပ်ဆွဲဖို့ လိုလာတဲ့ သဘော။

ဒါကြောင့်  မြန်မာပြည်မှာ သန်းခေါင်စာရင်းကောက်ထားတာက  လွန်ခဲ့တဲ့ ၂၀၁၄ ကဆိုတော့   အခု ၁၀နှစ်ရှိနေပြီ။  တိုင်းပြည် လူဦးရေ စာရင်းဇယားတွေ တိတိကျကျ မရှိနိုင်တော့ဘူး။ ဒါကြောင့် ၂၀၂၄ မှာ သန်းခေါင်းစာရင်း ထပ်ကောက်တဲ့ကိစ္စ လုပ်ရမယ်လို့ အကြောင်းပြလာတာ။   ဒီလို အကြောင်းပြမှ စစ်ကောင်စီအုပ်ချုပ်ရေးကို သက်တမ်းထပ်တိုး အချိန်ထပ်ဆွဲလို့ ရမယ် မဟုတ်လား ။ 

သန်းခေါင်စာရင်းကောက်တဲ့ အလုပ်ဟာ  အင်မတန် ကျယ်ပြန့်တဲ့  ပြည်သူတရပ်လုံး ပါဝင်ရတဲ့ လုပ်ငန်းစဥ်ကြီးတခုပါ။  စာရင်းအင်း လုပ်နိုင်စွမ်းတဲ့ စေတနာ့ဝန်ထမ်း ကျောင်း ဆရာ ဆရာမတွေ ထောင်သောင်းချီ ပါဝင်ကူညီကြဖို့ လိုတယ်။ ဗော်လန်တီယာလုပ်ပေးမယ့်  ဌာနဆိုင်ရာဝန်ထမ်းတွေလည်း တချိန်တည်း အများကြီးလိုတယ်။ တပြည်လုံး တောကြိုအုံကျားမကျန် မြို့ရွာအနှံ့  အကြားအလပ် မရှိ အောင် လူဦးရေစာရင်းတွေ အိမ်ထောင်စု စာရင်းတွေပြုစုရတဲ့ လုပ်ငန်း ဆိုတော့ လ.ဝ.က ဝန်ထမ်းတွေ အင်အားအပြည့်နဲ့  နေရာဒေသမရွေးကို အချိန်မရွေးသွားနိုင်ရမယ်။ နိုင်ငံတကာက အကူအညီတွေ အများကြီးလိုမယ်။  ပြဿနာ က မအလ ဘက်မှာတကယ်ကူညီမယ့်  ပြည်သူလူထုလည်း မရှိ။ နိုင်ငံတကာကလည်း ခုထိ သူ့ကို တရားဝင် အသိအမှတ်ပြုထားတာ မရှိ။

လောလောဆယ် တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေငြာထားတာ ၄၇ မြို့နယ်ရှိတယ်။   စစ်တပ်က သူတို့ လုံခြုံရေး အတွက် တောင် သူတို့ကိုယ်တိုင် လက်နက်အပြည့်အစုံနဲ့ ၂၄ နာရီ  ကာကွယ်နေရတဲ့ အချိန်_ မြို့နယ် ၁၃၂ မြို့နယ် မတည်ငြိမ်ဘူးလို့ ကိုယ်တိုင်ဝန်ခံထားတာလဲ  တလ မပြည့်သေးဘူး။ ဒီတော့  ပြည်လုံးကျွတ်  သန်းခေါင်းစာရင်းကောက်မယ်ဆိုတဲ့ အသံနဲ့  အကြံတွေဟာ အရူးတယောက်  ကြုံရာကျပန်းတွေပြောနေတာနဲ့  မတူဘူးလား။ 

မကြာခင်က UN-OCHER  ထုတ်ပြန်ချက်မှာ မြန်မာပြည်ထဲ  စစ်ဘေး‌‌‌ရှောင်ဦးရေ လူ တသန်းခွဲ ရှိတယ်။ လူ၃ယောက်မှာ တယောက်က အကူအညီလိုအပ်နေတာ။ တကယ့်  ပြည်တွင်းစစ်ရှောင်လူဦးရေဟာ  ၂ သန်းအထက် ရှိမှာသေချာတယ်။ စစ်တပ် အာဏာသိမ်းကတည်းက လုံခြုံရေး စားဝတ်နေရေး အကြောင်းအမျိုးမျိုးနဲ့ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေကိုထွက်ပြေး ခိုလှုံနေတဲ့ လူဦးရေကလဲ  ၄ သန်းလောက်အထိ ရှိနိုင်သေးတယ်။ မကြာခင်ကလဲ  မင်္ဂလာဒုံ ထောက်ကြန့်နားက ရပ်ကွက် ၅ ခုကို ကျူးကျော်ဆိုပြီး ဖျက်ထားတာ ရှိတယ်။ သူတို့ကို  ဘယ်နေရာမှ ပြန်နေရာချမပေးဘူး သွားချင်ရာသွားဆိုတဲ့  အဲဒီလူဦးရေ  ၅ သောင်းရှိတယ်။ တခြားမြို့တွေ ရွာတွေမှာလည်း အဲလို ဇာတ်လမ်းတွေ အများကြီးပဲ။ ရခိုင်က- ကချင် -ကရင်နဲ့ ကရင်နီနယ်တွေက-  ချင်း-  စစ်ကိုင်း-မကွေး က မီးသင့်- စစ်ဘေးသင့် အိုးအိမ်မဲ့ လူဦးရေ  သန်းဂဏန်းဟာ နေရာ အတည်တကျ မနေနိုင်ကြဘူး။  စစ်ကြောင်းလာတိုင်း ခါးဝတ်ခါးစားနဲ့ ပြေးနေကြရတာ။ စစ်ရှောင်စခန်းတွေအထိ လိုက်မီးရှို့နေတာလဲ ကြင်စိုး တပည့်တွေပဲ။ 

သူ့ကို တော်လှန်နေတဲ့ ပီဒီအက်ဖ် လက်နက်ကိုင်ချည်းက တသိန်းလောက်ရှိလိမ့်မယ်။ ဘယ်သူက အိမ်ထောင်စု စာရင်းပေးမှာလဲ။ ဒီလို အခြေအနေမျိုးမှာ  ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မယ်လို့‌ ပြောထွက်သူဟာ တော်တော်ရူးလို့သာ ပြောနိုင်တာ ဖြစ်မယ်။ 

ကိုဗစ် ဖြစ်ခဲ့တာတွေကြောင့်- နိုင်ငံရေး မငြိမ်မသက် ဖြစ်ခဲ့တာတွေကြောင့် - မဲစာရင်းမှန်အောင်လုပ်ဖို့  အချိန်လိုနေသေးတယ် ဆိုလာတယ်။ နိုင်ငံရေးပါတီတွေကို အချိန်တခုပေးရမယ် တဲ့။ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို ပြည်သူတွေ လေ့လာဖို့ အချိန်ပေးရမယ် တဲ့။ အရေးပေါ်ကာလ ၆ လ သက်တမ်း  သူ  တိုးလိုက်တဲ့ အခါ ၁။  ကုန်ဈေးနှုန်းကျအောင်လုပ်ပေးဖို့၊  ၂။  တိုင်းပြည်တည်ငြိမ်အောင်လုပ်ပေးဖို့၊  ၃။ ရွေးကောက်ပွဲ ပြန်လုပ်‌‌ပေးဖို့  ဒီ ၃ ချက်  အရေးကြီးတယ်လို့  သူက   မြင်သတဲ့ ။ 

ဒီ ၃ ချက် အောင်မြင်အောင် လုပ်ပေးနိုင်ဖို့ကတော့ ကြင်စိုးရေ - သိပ်မလွယ်လှဘူး။ ကြင်စိုး ကျားမြီးဆွဲမိနေတာ။ 

ဒီ ၃ ချက် အောင်မြင်အောင် လုပ်မယ့်အစား သိကြားမင်း တန်ဆာ ပြေးဆွဲလိုက်တာက ပိုလွယ်မယ် ထင်တာပဲ ဂျိုပုရေ။  

(၂၇-၀၂-၂၃)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar