ကချင်ပြည်နယ် ဖားကန့်က အရပ်သား ၉ ဦး သတ်ဖြတ်ခံရမှု
မြန်မာနွေဦး ခရိုနီကယ် - မတ် ၂ မြင်ကွင်း
(မိုးမခ) မတ် ၃၊ ၂၀၂၃
ကချင်ပြည်နယ် ဖားကန့်က အရပ်သား ၉ ဦး သတ်ဖြတ်ခံရမှု
သတင်းပေး ဆိုတဲ့ စွပ်စွဲချက်နဲ့ တဦးချင်း လုပ်ကြံသတ်ဖြတ်ခံရတာတွေ၊ တခါတရံ မိသားစုလိုက်၊ နေအိမ်မှာ ဝင်ရောက်လုပ်ကြံစဥ် အတူရှိနေတဲ့ သူတွေပါ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တဲ့ အဖြစ်အပျက်တွေ မကြာမကြာ ဖြစ်ပွားလေ့ရှိရာမှာ ခုနောက်ဆုံးအဖြစ်အပျက်ကတော့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကျေးရွာတရွာမှာ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၉ ဦးကို KIA နဲ့ PDF အဖွဲ့တွေက ဖမ်းဆီးကာ သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မိုးကောင်းမြို့ပြပြောက်ကျားအဖွဲ့နဲ့ ကေအိုင်အေတို့ ပါဝင်တဲ့အဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေထဲပါရှိပြီး ကေအိုင်အေ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရှမ်းနီအမျိုးသားလက်နက်ကိုင်တပ်နဲ့ ပူးပေါင်းပြီး သတင်းပေးတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးတာလို့ အဆိုပါ မြို့ပြပြောက်ကျားအဖွဲ့က အစောပိုင်းမှာ ကြေညာခဲ့တယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီတပ်တွေက အရပ်သားတွေကို PDF တပ်ဖွဲ့ဝင်၊ ထောက်ခံအားပေးသူ အဖြစ်နဲ့ သံသယရှိရင် ဖမ်းဆီးစစ်ဆေးကာ သတ်ဖြတ်မှုတွေ အများအပြားရှိနေချိန်မှာ တဖက်မှာ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကလည်း သတင်းပေး သို့မဟုတ် ပျူစောထီး အဖွဲ့ဝင် စတဲ့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးတဲ့ အဖြစ်အပျက်တွေ ကြိုကြားကြိုကား ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာ တံတားဆောက်တဲ့ လုပ်သား ၄၀ ကျော် ၅၀ နီးပါး ဖမ်းဆီးပြီး ၂၀ ကျော်ကို KNDO လက်နက်ကိုင်အဖွဲ့က သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်၊ မကွေးတိုင်း ဆောPDF တပ်ဖွဲ့က အရပ်သားမိသားစုနဲ့ ဧည့်သည်အပါအဝင် ၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်လည်း ယမန်နှစ်က ဖြစ်ပွားခဲ့ပါတယ်။ ၁ ဦး သို့မဟုတ် ၂ ဦး သတ်ဖြတ်မှုတွေက ဒိထက်မကရှိကောင်းရှိနိုင်ပါတယ်။ ၅ ယောက် နဲ့အထက် အုပ်စုလိုက် ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေက သတင်းတွေထဲ ပါရှိနိုင်တာဖြစ်ပြီး တဦးတယောက်တလေ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေက သိပ်ပြီးအာရုံစိုက်မခံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အခုလို အဖြစ်အပျက်တွေ ဘာကြောင့် ဆက်လက်ဖြစ်ပွားနေတာလဲ ဆိုတာကို တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့ ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီလို့ ယူဆမိပါတယ်။ တော်လှန်ရေး လုပ်နေတာ၊ ကဗျာစပ်နေတာ မဟုတ်ဘူး၊ စိတ်ကူးယဥ်နေတာ မဟုတ်ဘူးဆိုတာမျိုး စောဒကတက်တာ စတဲ့ရှုထောင့်က စဥ်းစားပြီး ပြောဆိုတာလည်း ရှိကောင်းရှိနိုင်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေး ဆိုတာ နိုင်ငံရေးပါတီတရပ်လို၊ အရပ်ဖက် အဖွဲ့အစည်းလို စံနှုန်းတွေကို အပြည့်အဝ မလိုက်နာနိုင်ဘူးဆိုတာကို နားလည်ပေမယ့်လည်း အခုလို သံသယနဲ့ စွပ်စွဲ သတ်ဖြတ်တာတွေက မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။
အခု ဖြစ်ရပ်မတိုင်ခင် အရင်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေး အရေးယူနိုင်ခဲ့ရင် အဲဒီဖြစ်စဥ်က နောက်ထပ်အလားတူ ဖြစ်ရပ်တွေ မဖြစ်အောင် ဟန့်တားပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ သံသယဖြစ်ရုံမျှနဲ့ ဖမ်းဆီးတာ နှိပ်စက်တာတွေ လုပ်ဆောင်ရင်း တဖက်က လက်နက်နဲ့ ခြိမ်းခြောက်မှုကြောင့် နှိပ်စက်ညှဉ်းပန်းမှုကြောင့် တခါတရံ မမှန်ကန်ပေမယ့် နှိပ်စက်မှုကို မခံနိုင်လို့ ဝန်ခံကြတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဖမ်းဆီးတဲ့ အဖွဲ့အစည်းက တဖက်သံသယရှိသူရဲ့ လုပ်ဆောင်မှုကို သက်သေပြနိုင်ဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်၊ အကယ်၍ သတင်းပေးတယ်ဆိုတာ မှန်ကန်ခဲ့လျှင်တောင် ဘယ်လို အရေးယူမှုမျိုးတွေ လုပ်မလဲဆိုတာ ထပ်မံစဥ်းစား ပြီးဆုံးဖြတ်ချက်ချဖို့ ၊ လူ့အခွင့်အရေး စံနှုန်းနဲ့ ကိုက်ညီတဲ့၊ ဒီမိုကရက်တစ် နည်းလမ်းကျင့်သုံးတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့ရဲ့ ရပ်တည်ချက်မျိုး ကျင့်ကြံမှုမျိုး ဖြစ်ဖို့ လိုအပ်တာ အမှန်ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးကာလမို့လို့ အကျဥ်းထောင် မရှိဘူး၊ အချုပ်ထောင်မရှိဘူး ရန်သူ့လူကို လနဲ့ချီ နှစ်နဲ့ချီ ကျွေးမထားနိုင်ဘူး မစောင့်ရှောက်နိုင်ဘူး ဆိုတာမျိုး ဆင်ခြေလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် ရန်သူဘက်က လက်နက်ချ ပူးပေါင်းလာတယ်ဆိုတဲ့ စစ်သားတွေကိုတောင် ဆုငွေချီးမြှင့်သလို တတိယနိုင်ငံ ပို့ပေးမယ် ဆိုတဲ့ ကတိတွေပေးနိုင်တဲ့အခြေအနေမျိုးမှာ ရန်သူကို သတင်းပေးတယ်လို့ သံသယရှိရုံမျှနဲ့ သတ်ဖြတ်အဆုံးစီရင်တာမျိုးက ပြင်းထန်လွန်းတဲ့ စီရင်မှု၊ ရက်စက်မှုတခု အဖြစ် မှတ်တမ်းတင်ခံရနိုင်တာ သတိပြုဖို့လိုအပ်ပါတယ်။
အခု နောက်ဆုံးဖြစ်ပွားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့လည်း သေသေချာချာ တာဝန်ခံမှုရှိစွာနဲ့ စုံစမ်းစစ်ဆေးဖို့ လိုအပ်သလို အခု ဖြစ်ရပ်မတိုင်ခင် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း မေ့မပစ်လိုက်ဘဲ၊ လျော်မပစ်လိုက်ဘဲ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူဖို့လည်း လိုအပ်တာ ဖြစ်ပါတယ်။ နို့မဟုတ်ခဲ့ရင် အလားတူ ဖြစ်ရပ်မျိုးတွေ ဆက်လက်ဖြစ်ပွားနိုင်တဲ့အလားအလာတွေ ရှိနေတာ ဖြစ်ပါတယ်။
ရခိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဥ်အချို့၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှာ ဖြစ်ပွားခဲ့တဲ့ အရပ်သားတွေ ကို ဖမ်းဆီးသတ်ဖြတ်မှုတွေ အတွက် တရားမျှတမှုကို ဆောင်ကျဥ်းပေးနိုင်ဖို့ က ဒီမိုကရေစီလိုလားသူတိုင်းရဲ့ တာဝန်ဖြစ်သလို ဒီမိုကရေစီလိုလားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့အဖို့လည်း မလုပ်မဖြစ် လုပ်ဆောင်ရမယ့် တာဝန်တရပ် ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar