Breaking News

သီအိုဇော် - သမိုင်း၏ မှန်ကန်သည့်ဘက်ခြမ်းတွင် အမှန်တကယ်ရှိနေချင်သည် ဆိုလျှင်

သီအိုဇော် - သမိုင်း၏ မှန်ကန်သည့်ဘက်ခြမ်းတွင် အမှန်တကယ်ရှိနေချင်သည် ဆိုလျှင်

(မိုးမခ) မတ် ၃ ၊ ၂၀၂၃


ရုရှားတို့ ယူကရိန်းကျူးကျော်စစ် စတင်ပြီး မကြာမီကာလမှာပဲ ထိုစဉ်က တရုတ်နိုင်ငံခြားရေး ဝန်ကြီး‘ဝမ်ယိ’က တရုတ်နိုင်ငံဟာ ယူကရိန်းအကျပ်အတည်းမှာ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်ခြမ်းမှာ ရှိနေမယ်လို့ ဆိုခဲ့ဖူးပါတယ်။ တကယ်တော့ ဒီအသုံးအနှုန်းဟာ တရုတ်နိုင်ငံမှ တာဝန်ရှိသူများ အတော်ခံတွင်းတွေ့တဲ့ စကားလုံးလို့ ပြောရလောက်အောင် သတင်းမီဒီယာတွေမှာ မကြာခဏ တွေ့ရ ကြားရတတ်ပါတယ်။ 

သမ္မတ ’ရှီကျင့်ဖျင်’ ကိုယ်တိုင်ကလည်း ၂၀၂၃ ခုနှစ်အတွက် နှစ်သစ်ကူးမိန့်ခွန်းထဲမှာ တရုတ်နိုင်ငံက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲအကျိုးဆောင် လှုံ့ဆော်သွားမှာဖြစ်ပြီး သမိုင်းရဲ့ မှန်ကန်တဲ့ဘက်ခြမ်းမှာ တစိုက်မတ်မတ် ရပ်တည်သွားမယ် လို့ ပြောကြားခဲ့ပါတယ်။

ဒီရက်ပိုင်း ‘ဝမ်ယိ’ရဲ့ ရုရှားခရီးစဉ်တွင်း ‘ကျောက်သားပမာ ခိုင်မာတယ်’ဆိုတဲ့ တရုတ်-ရုရှား ဆက်ဆံရေးအပေါ် ဥပမာပြုပြောဆိုမှုက မှန်ကန်တဲ့ဘက် ရပ်မယ်ဆိုတဲ့ တရုတ်နိုင်ငံအတွက် မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။ အဓိက ကုန်သွယ်ဘက် နိုင်ငံချင်း ဖြစ်တဲ့အပြင် ရန်သူရဲ့ ရန်သူများကို မိတ်ဆွေလို သဘောထားတတ်တဲ့ တရုတ်နိုင်ငံက ဒီလိုထုတ်ဖော် ပြောဆိုလာတဲ့နောက် ထပ်လှမ်းနိုင်တဲ့ ခြေလှမ်းတွေကို သတိနဲ့မှန်းဆ စောင့်ကြည့်နေကြပါတယ်။

မြောက်ကိုရီးယားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိထားတဲ့အပြင် အီရန် အစ္စလာမ်မစ်တော်လှန်ရေး ၄၄ နှစ်မြောက်တဲ့ ဖေဖော်ဝါရီလထဲမှာပဲ သမ္မတ ‘အီဘရာဟင်ရေစီ’ (Ebrahim Raisi) တရုတ်နိုင်ငံကို လာရောက်ခဲ့ပြီး ‘ရှီ ကျင့်ဖျင်’နဲ့ ရင်းနှီးစွာ တွေ့ဆုံခဲ့ကြတာကလည်း တရုတ်နိုင်ငံရဲ့ မိတ်ဆွေ ရွေးချယ်ပုံ ရွေးချယ်နည်းကို ပိုပေါ်လွင်စေပါတယ်။

ဒီလို မိတ်ဘက်နိုင်ငံများနဲ့ ယှဥ်တွဲနေထိုင်မှုဟာ တရုတ်နိုင်ငံက မျှော်မှန်းသလို သမိုင်းရဲ့ မှန်ကန်တဲ့ဘက်ခြမ်းမှာ ရှိစေနိုင်ပါ့မလား။ စဥ်းစားကြည့်ချင်စရာပါ။

ယူကရိန်း ကျူးကျော်စစ် နှစ်ပတ်လည်လာတဲ့အခါမှာတော့ ဒီလို ရှေ့တိုးရခက် နောက်ဆုတ်ရခက်တဲ့ စစ်ပွဲကို အခုလောက် ကြာအောင် တိုက်ကြရမယ်မှန်း သိခဲ့ရရင် ဒီစစ်ကို ငါတို့ မစခဲ့ပါဘူးဆိုတဲ့ အတွေး‘ပူတင်‘နဲ့  အပေါင်းအဖော်များရဲ့ ခေါင်းထဲဝင်နေပါလိမ့်မယ်။

လူသူ လက်နက် ငွေကြေး စိုက်ထုတ်ရမှု ဆုံးရှုံးရမှုများဟာ နှစ်ဖက်လုံးအတွက် ကြီးမားကြပါတယ်။ စစ်ပွဲတိုင်းမှာ သူ့ဘက်ကိုယ့်ဘက် ကာကွယ်ပြောဆိုကြရတာတွေ ရှိစမြဲပါ။

ဒီအတွက်လည်း ခေါင်းစည်းအမျိုးမျိုးတပ် စည်းရုံးကြပါတယ်၊ ဒါပေမဲ့ ‘တရားမျှတမှု’ဆိုတဲ့ အဓိကအကျဆုံး ခေါင်းစဉ်ပါအလံကို လွှင့်ထူလိုက်တဲ့အခါမှာတော့ တရားမဲ့ပြုကျင့်သူဟာ ပခုံးချင်းယှဉ်ဖို့ ခက်သွားသလို ကမ္ဘာ့မိသားစုများအတွက်လည်း ဘယ်အလံအောက်မှာ ရပ်သင့်တယ်ဆိုတာ အတိုင်းသား ပေါ်လွင်သွားပါတယ်။

‘Defending the indefensible’ ဆိုစကားလိုမျိုး ဖြစ်သွားမှာစိုးလို့ ကိုယ်ကသိပ်ပြီး အကာအကွယ်ပေးချင်နေရင်တောင် ဘယ်လိုမှ အကာအကွယ်ပေးလို့ မရ၊ ကာကွယ်ပေးလို့ မသင့်တဲ့ ပြဿနာ ကြီး ငယ်တွေ လောကမှာ ရှိတတ်ကြပါတယ်။ တရားလက်လွတ် လုပ်ဆောင်ကြတာမျိုး၊ စည်းမရှိ ကမ်းမရှိနဲ့ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေကို ဖောက်ဖျက်ကြတာမျိုး၊ စည်းမျဥ်းဥပဒေသများ ချိုးဖောက်ကြတာမျိုး၊ လူ့အဖွဲ့အစည်းက လက်သင့်မခံနိုင်တာမျိုး အစရှိတာတွေကို ဒီလိုစာရင်းထဲ ထည့်သွင်းထားကြပါတယ်။

ရုရှားတို့ ယူကရိန်းကို ဒုတိယအကြိမ် ထပ်ကျူးကျော်လိုက်တာနဲ့ လွတ်လပ်စွာ တွေးခေါ်နိုင်တဲ့ လူ့အဖွဲ့အစည်းက ဘယ်ဘက်မှာ ရပ်တည်သင့်တယ် ဆိုတာကို ဘယ်သူ့ဘယ်သူရဲ့ စည်းရုံးလှုံ့ဆော်မှုမျိုးမှ မလိုအပ်ဘဲ တညီတညွတ်တည်း ဆန္ဒပြုခဲ့ကြပါတယ်။

ဒါဟာ တိုးတိုးတဖုံ၊ ကျယ်ကျယ်တမျိုး ရံဖန်ရံခါ ကြားရတတ်တဲ့ စစ်အေးကာလ အယူဝါဒတိုက်ပွဲ ပြန်ခေါင်းထောင်လာတာမျိုး မဟုတ်သလို အရှေ့-အနောက် ပဋိပက္ခလည်း မဟုတ်ပါဘူး။ အမှန်နဲ့ အမှား၊ ဓမ္မနဲ့ အဓမ္မ ယှဥ်ပြိုင်မှုသာ ဖြစ်ပါတယ်။ တဖက်ကကြည့်ပြန်ရင်လည်း ဒီစစ်ပွဲကို အကြောင်းပြုပြီး ဝါရှင်တန်နဲ့ သူ့မဟာမိတ်တွေက စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်လိုက်တာမျိုးတွေ လုံးဝမရှိဘူးလို့ ငြင်းဆိုကြဖို့လည်း ခက်မှာပါ။

အားပြိုင်ဘက်တွေကြားမှာ အခွင့်အရေးတရပ်အနေနဲ့ အသုံးချတတ်ကြတာမျိုးကလည်း အဆန်းတကြယ်ကိစ္စ မဟုတ်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ‘စမှတ်’ကို ပြန်လှည့်ကြည့်ရင်တော့ အဓိကလက်သည်တရားခံကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။

ဒီရက်ပိုင်း တရုတ်နိုင်ငံအဆိုပြုခဲ့တဲ့ ယူကရိန်းအရေးအတွက် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်ရေး စကားပြောရေးတို့ကို သိပ်စိတ်လှုပ်ရှားမှုမပြကြတာ တွေ့ရပါတယ်။ ဘယ်ဘက်မှ မလိုက်ဘူး ဆိုတာကို သက်သေပြဖို့ တရုတ်-ရုရှား နှစ်နိုင်ငံ တာဝန်ရှိသူ ခေါင်းဆောင်ပိုင်း တွေ့ဆုံခဲ့သလို ယူကရိန်းဘက်နဲ့လည်း တွေ့ဆုံသင့်တယ် ဆိုတဲ့စကား ယူကရိန်းနိုင်ငံဘက်က ပြောကြားခဲ့တာက သဘာဝကျတယ်လို့ ဆိုနိုင်ပါတယ်။ တကယ့်ကို စိတ်ရင်းမှန်နဲ့ ဘက်မလိုက်ဘဲ ကြားဝင်ဆောင်ရွက်လိုတာ ဆိုရင်တော့ ယူကရိန်းရဲ့ ပြောကြားချက်ကို အလေးအနက်ထားရမှာပါ။

ဒါမှမဟုတ်ရင်တော့ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်ကို စတင်ကျူးကျော်ရန်စခဲ့တဲ့၊ စစ်ရာဇဝတ်မှု အပါအဝင် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့ ရုရှားရဲ့ လုပ်ရပ်တွေကို အခုချိန်အထိ ဝေဖန် ရှုတ်ချခြင်း မပြုသေးတဲ့ တရုတ်နိုင်ငံရဲ့ ယူကရိန်းအရေး ချဥ်းကပ်မှုအပေါ်ကို အမှန်တကယ် ကြားနေတဲ့ မူဝါဒလို့ ယူဆဖို့ ခက်ခဲပါလိမ့်မယ်။

တဖက်က ပြန်ကြည့်ရင် တရုတ်နိုင်ငံအနေနဲ့ လက်ရှိ ရုရှားနဲ့ ဆက်ဆံရေးအပေါ် သတိကြီးကြီးထားပြီး ဆောင်ရွက်နေဟန်ရှိပေမယ့် ဝါရှင်တန်နဲ့ ပီကင်းကြား အဖုအထစ် အကျပ်အတည်းတွေကို မကျော်လွှားနိုင်ခဲ့တာတွေကြောင့် နဂိုကတည်းက တိမ်းညွတ်မှုရှိနေတဲ့ ရုရှားဘက်ဆီကို တဖြည်းဖြည်းနဲ့ ပိုနီးကပ်သွားစေတယ်လို့လည်း ဆိုနိုင်ပါတယ်။

လတ်တလော ဖြစ်ပွားခဲ့တဲ့ ‘မိုးပျံပူဖောင်း’ ပြဿနာ၊ FBI ရဲ့ ကိုဗစ်-၁၉ မူလအစနဲ့ ပတ်သက်တဲ့ အစီရင်ခံစာများကလည်း နှစ်နိုင်ငံကြား အနုတ်လက္ခဏာဆောင်တာတွေသာ ဖြစ်ပြီး အကဲဆတ် တုံ့ပြန်လေ့ရှိတဲ့ တရုတ်နိုင်ငံအနေနဲ့ အနောက်အုပ်စုနဲ့ ထိပ်တိုက်ရင်ဆိုင်နေတဲ့ ရုရှားနဲ့အတူ ဘုံရှုထောင့်ကနေ ပိုပြီး ကြည့်မြင်လာပါလိမ့်မယ်။ ‘ရှီကျင့် ဖျင်’နဲ့ ‘ပူတင်’တို့ကြား အနိမ့်ဆုံး အနေနဲ့ အနောက်အုပ်စုအပေါ်  ထားရှိတဲ့ အမြင်ကတော့ တူညီကြတယ်လို့ ပြောရမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရုရှားတပ်တွေ ယူကရိန်းနိုင်ငံထဲက ချက်ချင်း ဆုတ်ခွာပြီး စစ်ပွဲအဆုံးသတ်စေဖို့ မဲခွဲရာမှာ တရုတ်နိုင်ငံ ကြားနေခဲ့ခြင်း တခုတည်းကို ကြည့်ပြီး တရုတ်ရဲ့အနေအထားကို ရုရှားအပေါ်  မျက်နှာသာ သိပ်မပေးဘူးလို့တော့ ပြောလို့မရနိုင်ပါဘူး။ မဲပေးခြင်းကို ကောင်းမွန်စွာ ကစားတတ်တဲ့ တရုတ်နိုင်ငံရဲ့ မဲပေးပုံစံ အများစုက တသမတ်တည်း ရှိနေဆဲပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရုရှားကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့စဉ် (A/RES/ES-11-3)လို အရေးကြီး အဆိုမျိုးမှာတော့ တရုတ်နိုင်ငံက ရုရှားနဲ့အတူတကွ ဆန့်ကျင်မဲ ပေးခဲ့တာကို ဂရုပြုကြရပါမယ်။ ကုလသမဂ္ဂ ညီလာခံက မဲခွဲအဆိုပြုခဲ့သလို ယူကရိန်းဘက်က ရှေ့တန်းတင် ပြောကြားနေတာကလည်း ပထမဆုံးအဆင့်အနေနဲ့ ရုရှားတပ်ဖွဲ့တွေ ပြန်ဆုတ်ခွာသွားဖို့ပါ။ 

ငြိမ်းချမ်းရေး အကျိုးတော်ဆောင်လုပ်ချင်တဲ့ တရုတ်နိုင်ငံအနေနဲ့ ဒီအချက်ကို လေးလေးနက်နက် စဥ်းစားပေးသင့်ပါတယ်။

တကယ်လို့ တရုတ်နိုင်ငံဘက်က ရုရှားနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ အတိအလင်းလုပ်လာခဲ့ရင် စစ်ရှိန်ပိုမြင့်လာဖို့ပဲ ရှိပါတယ်။ အခုအချိန်အထိကတော့ စစ်လက်နက်ပစ္စည်း ထောက်ပံ့ရောင်းချမှုတွေ တရားဝင် မလုပ်သေးဘူးလို့ပဲ တရုတ်နိုင်ငံရဲ့ ပြောဆိုချက်များအရ ယူဆရမှာဖြစ်ပြီး ဒါကို ‘နေတိုး’နဲ့ အနောက်အုပ်စုက မျက်စိ ဒေါက်ထောက်ကြည့်နေပါတယ်။

ကိုယ့်အဖွဲ့ဝင်နိုင်ငံကို လုံးဝအထိမခံတဲ့ မူဝါဒရှိတဲ့ နေတိုးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေက ပထဝီအနေအထားအရ လက်တကမ်းမှာ ရှိနေတာဖြစ်လို့ ယူကရိန်း ကျူးကျော်စစ်က ရုတ်ခြည်း စစ်မျက်နှာကျယ်ပြန့် မသွားနိုင်ဘူးလို့ အာမခံ ပြောဆိုလို့မရတဲ့ အနေအထား ဖြစ်ပါတယ်။ ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ အခြေအနေရှိလာလိမ့်မယ်လို့ပဲ နေတိုးအဖွဲ့ကြီးရဲ့ ပြောဆိုချက်များကနေ မှတ်ယူရပါလိမ့်မယ်။

စစ်ရိပ်စစ်ငွေ့များကြားမှ တရုတ်နိုင်ငံ၏ စစ်ရေးခြေလှမ်းများ

ကမ္ဘာစစ် မဟုတ်ခဲ့ရင်တောင် ကမ္ဘာစစ်နီးပါး သတ်မှတ်လို့ ရနိုင်တဲ့ သမားရိုးကျစစ်ပွဲ အခင်းအကျင်း ပြောင်းလဲ သွား၊ မသွားက တရုတ်နိုင်ငံနဲ့ ဘယ်လို ဆက်စပ်လာနိုင်သလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

တရုတ်နိုင်ငံကို စစ်အင်အားကြီးမားတဲ့ နိုင်ငံတခုအဖြစ် အသိအမှတ်ပြုထားကြပါတယ်။ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချနိုင်မှုမှာတော့ အမေရိကန်၊ ရုရှား၊ ပြင်သစ်တို့နောက်က ရှိနေပါတယ်။ 

လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ဆိုတာကလည်း ရောင်းအားကြီးမားရင် ကြီးမားသလို သုတေသနကဏ္ဍအတွက် ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်တာကြောင့် ယူကရိန်းကို အနောက်အုပ်စုက ပံ့ပိုးပေးနေတာများကနေ အကျိုးများစွာ ဖြစ်ထွန်းပါတယ်။ ပိုအဓိကကျတယ်လို့ ပြောနိုင်တာတခုက ဒီလက်နက်တွေရဲ့ ထိရောက်တိကျမှု၊ အားသာချက်၊ အားနည်းချက် ဒေတာအချက်အလက်တွေ ထပ်မံစုဆောင်းနိုင်တာမျိုးပါ။

တရုတ်နိုင်ငံအနေနဲ့ကတော့ လက်နက်မျိုးစုံ ထုတ်လုပ်နေတယ် ဆိုပေမယ့် အနောက်နိုင်ငံက လက်နက်ထုတ်လုပ်သူတွေလောက် ဖော်ပြခဲ့သလို စစ်ပွဲတွေမှာ လက်တွေ့စမ်းသပ်နိုင်တဲ့ အခွင့်အရေး ပေါပေါများများ မရရှိခဲ့ပါဘူး။ လက်နက်တခုရဲ့ စွမ်းရည်ကို စစ်မြေပြင်မှာ အသုံးပြုတဲ့အခါ ပိုပြီး ထင်သာမြင်သာ သိကြရပါတယ်။ လက်နက်ခဲယမ်းနဲ့ စစ်ဆင်ရေးသုံး ပစ္စည်းများ အပူတပြင်းလိုအပ်နေတဲ့ ရုရှားကို တင်ပို့ရောင်းချနိုင်ရင် ကုန်သွယ်အကျိုးစီးပွားအတွက်သာမက တရုတ်စစ်လက်နက်ပစ္စည်း‌တွေရဲ့ စွမ်းရည်ကို အကဲဖြတ်ပြီးသားလည်း ဖြစ်သွားမှာပါ။ ဒီကနေမှ နိုင်ငံတကာဈေးကွက်ကိုလည်း ပိုထိုးဖောက်သွားနိုင်ခြေ ရှိပါတယ်။ တကယ်တော့ စစ်ပွဲဆိုတာ လက်နက်ကုမ္ပဏီများအတွက် အထင်ကရ ကုန်စည်ပြပွဲကြီး တခုလိုပါပဲ။

ကုန်သွယ်‌ရေး အကျိုးစီးပွားများအပြင် တရုတ်နိုင်ငံအတွက် ရုရှားနဲ့ မဟာမိတ်ဖြစ်ဖို့ အခြေအနေက လိုအပ်ချက်တခုအနေနဲ့ တောင်းဆိုထားမှုပါ။ အခုနောက်ပိုင်း ’ပင်တဂွန်’ဘက်က တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ကို ဝင်ရောက် သိမ်းပိုက်ဖို့ ကြိုးစားလာနိုင်မှုကို ခပ်စိပ်စိပ် ခန့်မှန်းလာခဲ့ကြပြီးတဲ့နောက် အနှေးနဲ့ အမြန်လို့သာ မှတ်ချက်ပြုရတော့မယ့် အခြေအနေ ဖြစ်နေပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း အန္တိမရည်မှန်းချက်ဖြစ်တဲ့ ထိုင်ဝမ်ကို လက်ဝယ်ပြန်လည်ရရှိရေးကို ဘယ်တုန်းကမှ ဖုံးကွယ်မထားခဲ့ပါဘူး။

ဒါကြောင့် အမေရိကန်နဲ့ နေတိုး စစ်အုပ်စုတခုလုံးကို အနာဂတ် စစ်ရေးယှဉ်ပြိုင်ဖက်အဖြစ် စဉ်းစားထားရမှာ ဖြစ်တဲ့ တရုတ်နိုင်ငံအတွက်တော့ တောင့်တင်းတဲ့ စစ်ရေးမဟာမိတ်များ ရှိထားဖို့ လိုအပ်တယ်လို့ပဲ စဥ်းစားမှာပါ။ ရုရှား လိုအပ်ချိန်မှာ တရုတ်က အတူရပ်တည်ပေးခဲ့ရင် တရုတ် လိုအပ်ချိန်မှာ ရုရှားရဲ့ ကျောထောက်နောက်ခံ ပြန်ပေးမှုကို ရရှိနိုင်မှာ ထင်ရှားပါတယ်။

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲက ဘယ်လောက် စစ်အင်အားကြီးမားတဲ့ နိုင်ငံဖြစ်နေပါစေ၊ နေတိုးစစ်အုပ်စုကို တနိုင်ငံတည်းအနေနဲ့ သမားရိုးကျစစ်ပွဲမှာ ရင်ဆိုင်အန်တုဖို့ မလွယ်ကူတာကို သက်သေပြနေတဲ့အတွက် ရုရှားလို စစ်အင်အားကြီးနိုင်ငံနဲ့ မဟာမိတ်ဖြစ်ထားဖို့ကို တရုတ်နိုင်ငံက မဟာဗျူဟာကျကျ စဥ်းစား လုပ်ဆောင်နေမှာပါ။

တရုတ်နိုင်ငံဟာ စစ်အင်အားကြီးနိုင်ငံတခု ဖြစ်လာတာနဲ့အမျှ စစ်အသုံးစရိတ်လည်း သုံးစွဲမှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ဒါပေမဲ့ ‘STOCKHOLM INTERNATIONAL PEACERESEARCH INSTITUTE’ (SIPRI)က ထုတ်ပြန်ထားတဲ့ ၂၀၂၁ ခုနှစ် အစီရင်ခံစာအရ တရုတ်နိုင်ငံနဲ့ ရုရှား နှစ်နိုင်ငံပေါင်း စစ်အသုံးစရိတ်ဟာ နေတိုးစစ်အုပ်စု တခုလုံးနဲ့ နှိုင်းယှဥ်ဖို့ မဆိုထားနဲ့၊ အမေရိကန်နိုင်ငံ စစ်အသုံးစရိတ်ရဲ့ ထက်ဝက်ကိုတောင် မမီသေးတာကို တွေ့ရပါတယ်။

အခုနေအချိန်အခါမှာ တရုတ်နိုင်ငံဟာ စစ်ပွဲကြီးတရပ်အတွက် အဆင်သင့်ဖြစ်ပါ့မလားလို့ အတွေးဝင်ရလောက်တဲ့ နောက်ထပ်အချက်တခု ရှိပါသေးတယ်။ ဒါကတော့ စစ်ပွဲအတွေ့အကြုံနဲ့ ပတ်သက်ပါတယ်။ ပထမဆုံး စစ်မက်ရေးရာတွေအတွက် အမြင့်ဆုံးတာဝန်ရှိတဲ့ ဗဟိုစစ်ကော်မရှင်ကို အရင်ကြည့်ကြပါမယ်။ ဥက္ကဋ္ဌအဖြစ် ‘ရှီ ကျင့်ဖျင်’တာဝန်ယူထားတဲ့ ဒီကော်မရှင်မှာ ဒုဥက္ကဋ္ဌ ၂ ဦးနဲ့ နောက်ထပ် အဖွဲ့ဝင် ၄ ဦး ပါဝင်ပါတယ်။ ‘ရှီ’ကလွဲရင် ကျန်တဲ့သူတွေက စစ်ဗိုလ်ချုပ်ကြီးတွေ ဖြစ်ပါတယ်။

အသက်အကြီးဆုံးက ဒုဥက္ကဋ္ဌ ‘Zhang Youxia’ (၇၃ နှစ်) ဖြစ်ပြီး ဗီယက်နမ်စစ်ပွဲ (၁၉၇၉) တုန်းက တိုက်ရည်ခိုက်ရည်ကြောင့် နာမည်ရခဲ့တဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ စစ်ရေးအတွေ့အကြုံများကြောင့် ဒီအသက်အရွယ်အထိ အားထားနေရပုံပေါ်ပါတယ်။ အသက်အငယ်ဆုံး အဖွဲ့ဝင်က အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီးလို့ ဖော်ပြကြသူ ‘Liu Zhenli’ ၅၉ နှစ်အရွယ် ဖြစ်ပါတယ်။ သူ့ကိုလည်း ၁၉၇၉ ခုနှစ် ဗီယက်နမ်စစ်ပွဲပြန်တဦးအဖြစ် ရေးသားကြပါတယ်။ 

ဗီယက်နမ်စစ်ပွဲက လွန်ခဲ့တဲ့ ၄၃ နှစ်က ဖြစ်ပွားခဲ့တာဆိုတော့ ‘Liu Zhenli’ အနေနဲ့ အဲဒီအချိန်မှာ အသက် ၁၅-၁၆ နှစ်ခန့်သာ ရှိဦးမှာပါ။ ဘယ်ဘက်က ထုတ်ပြန်တဲ့စာရင်းကိုပဲ ကြည့်ကြည့် တရုတ်-ဗီယက်နမ် စစ်ပွဲ (၁၉၇၉) ဟာ ပြင်းထန်တဲ့ သမားရိုးကျ စစ်ပွဲကြီးတခု ဖြစ်တယ်ဆိုတာ ငြင်းဆိုလို့ မရနိုင်ပါဘူး။ စစ်ပွဲအပြီး PLA က ဗိုလ်ချုပ်ကြီး‘Wu Xiuquan’ရဲ့ ထုတ်ပြန်ချက်အရဆိုရင် တရုတ်တပ်ဖွဲ့တွေဘက်က ကျဆုံးဒဏ်ရာရ  ၂၀,၀၀၀ ပတ်ဝန်းကျင်ရှိပြီး ဗီယက်နမ်ဘက်မှာ ကျဆုံးဒဏ်ရာရ ၅၀,၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဗီယက်နမ်ဘက်က ထုတ်ပြန်တဲ့စာရင်းဆိုရင် ကိန်းဂဏန်း နောက်တမျိုး တွေ့ရမှာ သေချာပါတယ်။ နှစ်ဖက် အကျအဆုံး စုစုပေါင်း ၅၀,၀၀၀ခန့် ရှိတယ်ဆိုပြီး မှတ်တမ်းတင်ထားကြတာတွေလည်း ရှိပါတယ်။

ဒီတလပတ်ဝန်းကျင်သာ ကြာတဲ့စစ်ပွဲရဲ့ ထိခိုက်ကျဆုံးရလဒ်ကို ကြည့်ရင် ဘယ်လောက်ပြင်းထန်ခဲ့တဲ့ စစ်ပွဲ ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ဒီစစ်ပွဲနောက်ပိုင်း PLA တွေ့ကြုံရတာတွေ အများစုက ဗီယက်နမ်စစ်ပွဲ (၁၉၇၉) နဲ့ မနှိုင်းယှဥ်သာတဲ့ တိုက်ပွဲများသာ ဖြစ်ပြီး ၁၉၉၁ ခုနှစ်နောက်ပိုင်းမှာတော့ နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေး ထူထောင်လာနိုင်ကြလို့ နိုင်ငံပတ်ဝန်းကျင်က နယ်စပ်ပဋိပက္ခ အနည်းအကျဥ်းလောက်သာ ဖြေရှင်းဖို့ ကြုံရတော့တယ်လို့ ဆိုရမှာပါ။

ဒီအချက်များကနေ အားမနာတမ်း ကောက်ချက်ချရရင်တော့ လက်ရှိ ‘တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်’ (PLA) မှာ အမှုထမ်းနေကြတဲ့ ‘Liu Zhenli’ထက် အသက်ငယ်ရွယ်တဲ့ အဆင့်ဆင့်သော စစ်ဗိုလ်ချုပ်များ၊ အဆင့်မြင့် စစ်ဦးစီးအရာရှိကြီးငယ်များကအစ ရှေ့တန်းထွက် တိုက်ပွဲဝင်ကြမယ့် သန်းဂဏန်းရှိတဲ့ တပ်ဖွဲ့ဝင်များ ဟာ နဖူးတွေ့ ဒူးတွေ့ စစ်ပွဲ အတွေ့အကြုံ နည်းပါးကြတဲ့သူတွေလို့ပဲ ယေဘုယျ ဆိုရမှာပါ။ အသက် ၄၅ နှစ်အောက် စစ်မှုထမ်းများဆိုရင် စစ်ပွဲအတွေ့အကြုံ လုံးလုံးလျားလျား မရှိကြတဲ့သူတွေလို့ပဲ သတ်မှတ်ရပါလိမ့်မယ်။ ဒီလို ဗီယက်နမ်စစ်ပြန်မျိုးဆက်များ နည်းပါးလာရခြင်းဟာ PLA အတွက် နစ်နာမှုတခုလို့လည်း ပြောနိုင်ပါတယ်။

စစ်ပွဲများအတွင်း လက်တွေ့ စီမံကွပ်ကဲနိုင်စွမ်းနဲ့ စစ်မြေပြင်အတွေ့အကြုံတို့ဟာ စစ်ပွဲတခုအတွက် အရေးကြီးတဲ့ လိုအပ်ချက်များအဖြစ် ပါဝင်နေတယ်ဆိုတာ ငြင်းဆိုရန်မရှိတဲ့ အများ သဘောတူညီချက် ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာလှည့် စစ်တိုက်နေတယ်လို့တောင် ပြောရမယ့် အမေရိကန်နဲ့ အခြားနေတိုး စစ်အုပ်စုဝင်နိုင်ငံများနဲ့ ရင်ဆိုင် တိုက်ခိုက်ရမယ့်ကိန်းဆိုရင် ပိုလို့တောင် မရှိမဖြစ် အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။

ဒီလို တရုတ်နဲ့ ရုရှား အပြန်အလှန် လိုအပ်လာနေမှုဟာ လတ်တလော ယူကရိန်းအရေးကိစ္စမှာ သက်ရောက်မှုများစွာ ရှိလာနိုင်ပါတယ်။ လောလောဆယ်မှာ ရုရှားက တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှု လွန်စွာ လိုအပ်နေတဲ့အချိန်ပါ။

 ၂၀၂၃ ခုနှစ်ဟာ ရုရှား‌ရော ယူကရိန်းအတွက်ပါ အရေးကြီးတဲ့နှစ် ဖြစ်လို့လာပါပြီ။ အချိန်နဲ့အမျှ နှစ်နိုင်ငံလုံးအတွက် နှစ်ရှည် စစ်ပွဲဟာ ဝန်ထုပ်ဝန်ပိုး ပိုဖြစ်လာနေသလို အခုချိန်အထိ စိတ်ပိုင်းဖြတ်မှု အပြည့်အဝနဲ့ ယူကရိန်းကို ကျောထောက်နောက်ခံပေးနေကြတဲ့ အနောက်အုပ်စုဘက်မှာလည်း ဒီမိုကရေစီနိုင်ငံများဖြစ်တဲ့ အားလျော်စွာ မဲဆန္ဒရှင်များ၊ အတိုက်အခံပါတီများရဲ့ စိတ်ထက်သန်မှုအတိုင်းအဆကို ချိန်ဆဆောင်ရွက်ရတာမျိုး ရှိလာနိုင်ပါတယ်။ တနည်းအားဖြင့် အကန့်အသတ်များရှိတယ်လို့ ပြောနိုင်တဲ့အတွက် ရုရှား ကျူးကျော်မှုကို အမြန်ဆုံး အဆုံးသတ်ချင်ကြပါလိမ့်မယ်။ ၂၀၂၄ ခုနှစ်မှာ သမ္မတရွေးကောက်ပွဲရှိတဲ့ အမေရိကန်နိုင်ငံအတွက်လည်း ၂၀၂၃ ခုနှစ်မှာ ရလဒ်ကောင်းနဲ့ ပွဲသိမ်းနိုင်ဖို့ ပိုအားစိုက်ထုတ်လာနိုင်ပါတယ်။

အမေရိကန်နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့က ရုရှားကို တရုတ်က လက်နက်ခဲယမ်း ပံ့ပိုးခဲ့ရင် စည်းအနီကို ကျော်ဖြတ်ခြင်းပဲလို့ ပြောထားပါတယ်။ ဒီလိုဆိုရင် လက်နက်ခဲယမ်းပစ္စည်းတွေ ပံ့ပိုးရောင်းချရင်း ရုရှားနဲ့ နီးသထက် နီးကပ်သွားတာနဲ့အမျှ တရုတ်နိုင်ငံ အကျိုးစီးပွားလည်း ထိခိုက်လာနိုင်ပါတယ်။ ယွမ်ငွေကို အခြေခံတဲ့ ငွေပေးချေရေးစနစ်ကလည်း အခြေမခိုင်သေးတော့ ကန့်သတ်ပိတ်ဆို့မှုတွေ ကြုံလာရင် ရုရှားနိုင်ငံလိုပဲ ကုန်သွယ်ရေးရာမှာ အခက်ကြုံရဦးမှာ ဖြစ်လို့ တရုတ်ဘက်က ခြေလှမ်းမလှမ်းခင် စဥ်းစားပြင်ဆင်မှုများ လုပ်ထားရမှာကတော့ သေချာပါတယ်။

အထူးစစ်ဆင်ရေးမှသည် မထူးတော့သည့် စစ်ဆင်ရေးဆီသို့ 

ရေရှည်စစ်ပွဲတခု အသွင်ဆောင်လာတဲ့အခါမှာတော့ မိမိပြည်သူလူထုရဲ့ ကျောထောက်နောက်ခံပြုမှုကို ဘယ်လိုမှ လျစ်လျူရှုလို့ မရနိုင်ပါဘူး။ ရုရှားပြည်တွင်းက ပြည်သူတွေရဲ့ အမြင်ကို ကောက်ခံထားတဲ့ စစ်တမ်းရလဒ်တွေက စိတ်ဝင်စားစရာပါ။ ပထမအနေနဲ့ မော်စကိုမြို့မှာရှိတဲ့ လွတ်လပ်တဲ့ သုတေသနစစ်တမ်းဌာန ‘Levada Center’ ရဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ နိုဝင်ဘာလအတွင်းက ကောက်ခံထားသော ရလဒ်တချို့ကို အကျဉ်းချုပ် ကောက်နုတ်လိုပါတယ်။

ရုရှားနိုင်ငံတွင်းရှိ ဒေသ ၅၀ ရဲ့ မြူနီစပယ် ဧရိယာ ၁၃၇ ခုမှာ ကောက်ခံထားတာဖြစ်ပြီး ၅၃ ရာခိုင်နှုန်းက ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးချင်နေကြပြီး ၄၁ ရာခိုင်နှုန်းကသာ စစ်ဆက်တိုက်ချင်ပါတယ်။ ဖြေဆိုသူ ပြည်သူ ထက်ဝက်ကျော် စိတ်အားထက်သန်မှုမရှိတော့တဲ့ စစ်ကို ရုရှားနိုင်ငံ ဆက်ဆင်နွှဲဖို့ ရေရှည်မှာ ခက်ခဲပါလိမ့်မယ်။

ဒုတိယစစ်တမ်းရလဒ်က ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကောက်ခံတဲ့ အဖွဲ့အစည်းက ‘The Federal Protection Service’ (Federalnaya Sluzhba Okhrany - FSO)ဆိုတဲ့ ရုရှားအစိုးရ လုံခြုံရေးအေဂျင်စီ ဖြစ်နေလို့ပါ။ ပိုမြင်သာအောင် ပြောရရင်တော့ နာမည်အဆင့်ဆင့် ပြောင်းလဲခဲ့တဲ့ ဒီ‘FSO’အဖွဲ့က ‘ကေဂျီဘီ’ (KGB) အဖွဲ့ကြီးက ဆင်းသက်လာခဲ့တာပါ။

ဒီရလဒ်ကတော့ တရားဝင်ထုတ်ပြန်ထားတာ မဟုတ်ပေမယ့် ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်တိုင်က သတင်းမီဒီယာတခုက လျှို့ဝှက်ရရှိခဲ့တဲ့ သတင်းအချက်အလက်ဆိုပြီး ထပ်မံကိုးကားထားတဲ့အတွက် ခိုင်လုံမှု အတိုင်းအတာတခု ရှိတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။

သတင်းရင်းမြစ် အမည်ကို ဖော်ပြမထားပေမယ့် ‘Meduza’ မီဒီယာ အဖွဲ့အစည်းဖြစ်တယ်လို့ နားလည်ထားပါတယ်။ ‘FSO’ရဲ့ ရလဒ်အရ ဖြေဆိုသူ ၅၅ ရာခိုင်နှုန်းက ငြိမ်းချမ်းရေးစကား ပြောချင်လိုကြပြီး ၂၅ ရာခိုင်နှုန်းကသာ စစ်ကိုထောက်ခံကြပါတယ်။

ပုံသဏ္ဌာန်ကွဲပြားတဲ့ အဖွဲ့အစည်းနှစ်ခု ဖြစ်ပေမယ့် ရာခိုင်နှုန်းထက်ဝက်ကျော် (Levada Center - ၅၃ %၊ FSO - ၅၅%) က စစ်ဆက်တိုက်မယ့်အစား ငြိမ်းချမ်းရေး ဆွေးနွေးလိုကြတယ် ဆိုတာကို နီးနီးစပ်စပ် ဖြေဆိုပေးခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ စစ်ဆက်တိုက်လိုသူများကလည်း ရာခိုင်နှုန်းတဝက်ရဲ့ အောက်မှာ ရှိတာကလည်း ကိုက်ညီနေပြန်ပါတယ်။ ဒီလိုစစ်တမ်းရလဒ်သဏ္ဌာန် တူညီဟန်ရှိတဲ့အတွက် အမှန်တကယ် ကောက်ယူထားတဲ့ ‘FSO’ စစ်တမ်း ပေါက်ကြားခဲ့တယ်ဆိုတာဟာ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆရပါမယ်။ ပြည်သူထက်ဝက်ကျော် စစ်ဆက်မတိုက်ချင်တဲ့ ရုရှားနိုင်ငံအနေနဲ့ တပ်သားသစ် စုဆောင်းမှုမှာ ပြဿနာအကြီးအကျယ် ရှိနေရတာကလည်း အံ့အားသင့်စရာ မရှိပါဘူး။ ၂၀၂၂ ခုနှစ်က အထူးစစ်ဆင်ရေး နာမည်ခံထားတဲ့ ကျူးကျော်စစ်ဟာ ၂၀၂၃ခုနှစ်မှာတော့ မထူးဇာတ်ခင်းနေရတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။

ယူကရိန်းမှာရှိတဲ့ ဥရောပတိုက်ရဲ့ အကြီးဆုံး နျူးကလီးယား ဓာတ်ပေါင်းဖို ‘ဇပိုရီးဇား’ (Zaporizhzhia) တိုက်ခိုက်ခံရမှုမျိုးအပါအဝင် နျူးကလီးယားလက်နက်နဲ့ ခြိမ်းခြောက်တယ်လို့ ယူဆရမှာဖြစ်တဲ့ သွယ်ဝိုက်ပြောဆိုနေခဲ့မှုများဟာ ရုရှားတို့အပေါ်  နေတိုးအဖွဲ့အပါအဝင် နိုင်ငံတကာက သတိကြီး သံသယပိုလာစေခဲ့ပါတယ်။

ဒီကျူးကျော်စစ်ကို မှားယွင်းစွာ စတင်ခဲ့တဲ့အတွက် နေတိုးအဖွဲ့ရဲ့ ထီးရိပ်ကို ခိုလှုံချင်တဲ့ နိုင်ငံတွေလည်း ပိုများလာပါတယ်။ ဘယ်သူမပြု မိမိမှုသာ ဖြစ်သလို အခုလည်း နေတိုးအဖွဲ့နဲ့ ထိပ်တိုင်ရင်ဆိုင်ရတဲ့ အခြေအနေကို ရောက်စေခြင်း၊ မရောက်စေခြင်းတို့ဟာ ရုရှားတို့ကိုယ်တိုင်ကသာ ရွေးချယ် ဆုံးဖြတ်မယ့် အခြေအနေ ဖြစ်လာပါတယ်။

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကြောင့် မြန်မာ့အရေးကို နိုင်ငံတကာက အာရုံစူးစိုက်မှု လျော့ကျသွားတယ် ဆိုတာက ငြင်းပယ်လို့မရတဲ့ကိစ္စ ဖြစ်ပေမယ့် ယူကရိန်းစစ်ရေးရလဒ်က နွေဦးတော်လှန်ရေးနဲ့ သွယ်ဝိုက်ဆက်စပ်လို့ ရနိုင်ပါသေးတယ်။ ဆိုကြပါစို့၊ ရုရှားတို့ရဲ့ စစ်ရေးရည်မှန်းချက် မအောင်မြင်ဘဲ ယူကရိန်းက အဆုံးအရှုံးများနဲ့ ပြန်ဆုတ်ခွာသွားရတယ် ဆိုရင် ဒါဟာ ယူကရိန်းပြည်သူတွေ အပါအဝင် တရားမျှတမှုကို လိုလားတဲ့ ကမ္ဘာသူ ကမ္ဘာသားများရဲ့ အောင်ပွဲလို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် အကြမ်းဖက်စစ်ကောင်စီ ကိုးစားတဲ့ ရုရှားတို့ ဇာတ်သိမ်းမလှခြင်းဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဝန်းရံသူများအတွက် အပြင်းအထန် ထိုးနှက်ခံရမှု တခုလည်း ဖြစ်စေပါလိမ့်မယ်။

စစ်ပွဲတခု အထူးသဖြင့် ဒီယူကရိန်း ကျူးကျော်စစ်ရဲ့ ပမာဏလို အတိုင်းအဆ ကြီးမားလှတဲ့ စစ်ပွဲ  ဘယ်အချိန်မှာ ဘယ်လို ပြီးဆုံးသွားလိမ့်မယ်ဆိုတာ အတိအကျ မှန်းဆဖို့ ခက်ခဲပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျိန်းသေပြောနိုင်တာ တခုကတော့ ဘယ်လိုပုံစံမျိုးနဲ့ပဲ အဆုံးသတ်သတ်‘ပူတင်’ကတော့ သမိုင်းမှာ အဖတ်ဆယ်မရ ဖြစ်ကာ ကျန်ရစ်ခဲ့မယ် ဆိုတာကိုပါ။ ဒီလိုအချိန်မှာ တရုတ်နိုင်ငံက ရုရှားနဲ့ ပိုမိုနီးကပ်သွားဖို့ လုပ်ဆောင်သင့်ပါရဲ့လား။

မျက်မှောက်ကာလ နိုင်ငံတကာစာမျက်နှာမှာ တရုတ်နိုင်ငံအတွက် ထိုက်သင့်တဲ့နေရာ ရှိပြီးသား ဖြစ်သလို ကမ္ဘာ့မိသားစုကြီးအတွက် တုံ့ပြန်လုပ်ဆောင်မှုပေါ်  မူတည်ပြီး ပိုထိုက်တန်တဲ့ နေရာကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးလည်း ရှိနေပါတယ်။ လူ့အဖွဲ့အစည်းက တောင်းဆိုတဲ့ တရားမျှတမှု ကြွေးကြော်သံကို ပိုနားစိုက်သင့်ကာ အပယ်ခံ အာဏာရှင်များနဲ့ ဝေးဝေးနေခြင်းကသာ တရုတ်နိုင်ငံရဲ့ အနာဂတ်မှာ ဦးဆောင်နိုင်ငံဖြစ်လိုတဲ့ ရည်မှန်းချက်နဲ့ ပိုမိုနီးကပ်လာစေနိုင်ပါလိမ့်မယ်။

သမိုင်းမှာ အမှန်ဘက်က ရပ်တည်တယ်လို့ မော်ကွန်းတင်ခံလိုရင်တော့ အမှားဘက်ကို သွယ်ဝိုက်၍သော် လည်းကောင်း၊ သိသာပေါ်လွင်စွာပဲဖြစ်ဖြစ် ကျောထောက်နောက်ခံ မပြုမိကြဖို့ အရေးကြီးပါတယ်။ ယူကရိန်းအရေး၊ မြန်မာ့အရေးတို့မှာ ဘယ်ဘက်က ရပ်တည် ဆုံးဖြတ်မလဲ ဆိုတာကို တရုတ်နိုင်ငံအနေနဲ့ ရွေးချယ်ခွင့် ရှိသလို ကမ္ဘာကြီးကလည်း စိတ်ဝင်တစား ဆက်စောင့်ကြည့်နေကြပါတယ်။ တကယ်တော့ ပုံရိပ်ပြဿနာရှိတဲ့ တရုတ်နိုင်ငံအတွက် ယူကရိန်းနဲ့ မြန်မာ့အရေးဟာ ပုံရိပ်မြှင့်တင် ပြောင်းလဲနိုင်ဖို့ အခွင့်ကောင်းတခု ဖြစ်ပါတယ်။

ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့ကြသူများ ကျဆုံးချိန်မှာ ထောက်ခံဝန်းရံသူများပါ လိုက်ပါသွားရတတ်တာက ဓမ္မတာပါ။၂၀၂၃ ခုနှစ်မှာ ဘယ်ရာဇဝတ်သား အာဏာရှင်ပဲ အရှုံးနဲ့ ဇာတ်သိမ်းကြရပါစေ၊ လွတ်လပ်မှု တရားမျှတမှုကို လိုလားတဲ့ ကမ္ဘာ့မိသားစုများက ဝမ်းပန်းတသာ ကြိုဆိုကြမှာပါ။ ထိုသူများနဲ့အတူ တရွတ်တိုက် ဆွဲပါသွားမယ့်သူတွေအတွက်တော့ ဝမ်းနည်းခံစားမှု စိုးစဉ်းမျှ ရှိမနေမှာကလည်း မြေကြီးလက်ခတ်မလွဲပါပဲ။

၂၀၂၃ ခုနှစ်ဟာ မှန်ကန်တဲ့ဘက်မှာ တကယ် ရပ်တည်ချင်တယ်ဆိုတဲ့ နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အားလုံးကို သမိုင်းတင်ကျန်ရစ်စေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ရင်းစေတနာမမှန်ဘဲ နားထောင်ကောင်းရုံ စကားလုံးသက်သက်အဖြစ် သုံးစွဲခဲ့ကြသူများကိုတော့ မှားယွင်းတဲ့ဘက်မှာ ဆင်ခြင်တုံတရားကင်းမဲ့စွာ ရပ်ခဲ့ကြသူများအဖြစ် မညှာမတာ မှတ်တမ်းတင် ချန်ထားရစ်မယ့် အဆုံးအဖြတ် နှစ်တခုလည်း ဖြစ်ပါတယ်။

ဒီနေ့ ဒီကာလမှာ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်ခြမ်း ရပ်တည်ပြီး ယူကရိန်းပြည်သူများက ကျူးကျော်သူများကို ရဲဝံ့စွာ တွန်းလှန် တိုက်ထုတ်နေကြသလို မြန်မာပြည်သူများကလည်း ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက် စစ်အာဏာရှင်ကို သတ္တိရှိရှိ ရင်ဆိုင်တော်လှန်နေကြတာက သမိုင်းသက်သေပါ။ တရုတ်နိုင်ငံအနေနဲ့ နှစ်ခြိုက်စွာ ပြောကြားလေ့ရှိတဲ့အတိုင်း ‘သမိုင်းရဲ့ မှန်ကန်တဲ့ဘက်ခြမ်းမှာ ရှိနေတယ်’ ဆိုတာကို သက်သေပြနိုင်ဖို့အတွက်ကတော့ ယူကရိန်းပြည်သူ၊ မြန်မာပြည်သူများနဲ့အတူ တသားတည်း ရပ်တည်ပေးရုံမှတပါး အခြား ရွေးချယ်စရာမရှိလို့သာ ဆိုရပါလိမ့်မယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar