Breaking News

ကိုအောင်မှိုင်း - ရာဇဝတ်ကောင်ရွေးပွဲ (နိဂုံး)

ကိုအောင်မှိုင်း - ရာဇဝတ်ကောင်ရွေးပွဲ

(မိုးမခ) မတ် ၄ ၊ ၂၀၂၃

နိဂုံး

ဗမာပြည် စစ်အာဏာသိမ်းမှုတိုင်းမှာ  အကြောင်းပြချက်တွေကတော့ အမျိုးမျိုး တွေ့ရပါတယ်။ ထိုင်ရင် ထိုင်လို့၊ ထရင်လည်း ထလို့ ဆိုတာမျိုးပေါ့ဗျာ။ အခု မင်းအောင်လှိုင် အာဏာသိမ်းသလိုပါပဲ။ မဲမသမာလို့ ဆိုတော့ မဲစာရင်းနဲ့ပတ်သက်ပြီး အလွဲအမှားရှိရင် လုပ်ထုံးလုပ်နည်းတွေ အခိုင်အမာရှိ နေရက်နဲ့ စစ်တပ်က တိုင်းပြည်အာဏာသိမ်းစရာ အကြောင်းလုံးဝမရှိပါဘူး။ ကနေ့ ဗမာပြည်မှာ တကယ်တော့ ဘာဥပဒေမှ မရှိတော့ဘဲ မင်းအောင်လှိုင် ပါးစပ်က အမိန့်တွေဟာ ဥပဒေတွေ ဖြစ်နေတယ် ဆိုတာ ထင်ရှားပါတယ်။ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရမှာကတော့ မင်းအောင်လှိုင်ဟာ ကနေ့တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ဆိုးမွေအားလုံးကို တာဝန်ခံရမှာဖြစ်ပြီး ရာဇဝတ်မှုအားလုံးရဲ့  နံပါတ်တစ် တရားခံ ဖြစ်တယ်ဆိုတာကို အတိအလင်းပြောရမှာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်က ဖက်ဒရယ်မူအရ  တိုင်းရင်းသားတွေ ခွဲထွက်မှာကြောင့် အာဏာသိမ်းရတာပါ လို့ ဗိုလ်နေဝင်း အကြောင်းပြခဲ့တာ လုံးဝမဟုတ်ဘူး ဆိုတာတော့ ကျနော်တို့ ပြောရပါလိမ့်မယ်။ ဆိုလိုတာက အဲဒီကာလ နိုင်ငံရေးအခင်းအကျင်းကို ကျနော်တို့ တစေ့တစောင်း လေ့လာရင် စစ်တပ်က အာဏာသိမ်းဖို့ အကွက်ချ ချောင်းမြောင်းနေချိန်မှာ ဖောက်ပြန်တဲ့ နိုင်ငံရေးသမားတချို့ရဲ့ ‘မစားရတဲ့အမဲ သဲနဲ့ပက်မယ်’ စိတ်ဓာတ်တွေနဲ့ စစ်တပ်ကို အားပေးအားမြှောက် လုပ်ရပ်တွေကလည်း စစ်တပ်  အာဏာသိမ်းမှုအပေါ်  တစုံတရာ အထောက်အကူဖြစ်ကြောင်း အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။

အာဏာရအစိုးရဖြစ်တဲ့ ပထစအစိုးရကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်တော့မယ်ဆိုပြီး ထင်တလုံးနဲ့ ရှိနေခဲ့တဲ့ တည်မြဲဖဆပလနဲ့  အာဏာသိမ်းဖို့ အကွက်ချောင်းနေတဲ့ စစ်တပ်က အတော်မခံချိမခံသာ ဖြစ်သွားခဲ့ကြပါတယ်။ အဲဒါကတော့ ပထစအစိုးရထဲ ပါတဲ့ ဦး ဗိုလ် သခင်အုပ်စုတွေဟာ ညီလာခံမှာ အပြိုင်အဆိုင်ယှဥ်ပြိုင်ကြရင်း သခင်အုပ်စုက အနိုင်ရခဲ့ကာ  နိုင်ငံရေးသမားတွေ   ညီညွတ်ရေး ပြန်လည်တည်ဆောက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဝန်ကြီးချုပ်ဦးနုက တရားဝင်လမ်းဖွင့်ပေးတဲ့အတွက်  အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး စာတမ်း ၄ စောင် ပေါ်ထွက်လာတယ်လို့ ယေဘုယျ ပြောနိုင်မှာ ဖြစ်ပါတယ်။

၁။ “ကျွန်တော်တို့လိုလားသော ပြည်ထောင်စုစနစ်” သို့မဟုတ် “ပြည်ထောင်စုတွင်းမှ တန်းတူသော ရှမ်းပြည်” စာတမ်း  ဦးထွန်းမြင့် (တောင်ကြီး)

၂။ “ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ မူကြမ်း” စာတမ်း၊ ဒေါက်တာစောလှထွန်း

၃။ “ပြည်ထောင်စုစစ်စစ်မူ” သို့မဟုတ် “ရှမ်းမူ” စာတမ်း ရှမ်းပြည်နယ်ဆိုင်ရာ ကြိုးကိုင်ကော်မတီ

၄။ “ဖက်ဒရယ်မူ” စာတမ်း ပြည်နယ်များညီညွတ်ရေးအဖွဲ့ကြီး ဆိုပြီး စာတမ်း ၄ စောင်ရှိတဲ့အနက် နောက်ဆုံးနံပါတ် ၄ မှာကတော့ ဖက်ဒရယ်မူ ဆိုပြီး အတိအလင်း ရေးသားတင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေးမှာ အမျိုးသားညီလာခံတရပ် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆွေးနွေးငြင်းခုံမှုတွေ တချို့ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာ ပြည်သူ့လွှတ်တော်ညီလာခံကို ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ လည်းကောင်း၊ အမျိုးသားညီလာခံကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ လည်းကောင်း ကျင်းပဖို့ ခေါ်ယူခဲ့ကြပါတယ်။ တပြိုင်တည်း ပြည်သူ့လွှတ်တော်အစည်းအဝေးကြီး ကျင်းပနေစဥ်မှာပဲ ဖေဖော်ဝါရီလ  ၂၄ ရက်နေ့  ညနေ ၆ နာရီက စတင်ပြီး ရန်ကုန်မြို့ အသံလွှင့်ရုံ ခန်းမဆောင်မှာ “ဖက်ဒရယ်မူ” ဆွေးနွေးပွဲကြီးကို တရားဝင်ကျင်းပခဲ့ကြပါတယ်။

ဒီနေရာမှာ တည်မြဲဖဆပလ ခေါင်းဆောင် ဦးကျော်ငြိမ်းကတော့ “ဖက်ဒရယ်မူ” အပေါ် အပြင်းအထန် ဆန့်ကျင်ကန့်ကွက် ပြောဆိုခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ရန်ကုန်ခရိုင် ဖဆပလ လူငယ်အဖွဲ့ ဦးစီးညီလာခံမှာ “ရှမ်းဖက်ဒရယ်မူဆိုတာ   တောင်တန်းသားတွေက  ဗမာကို ပြန်ချရအောင်ဆိုတဲ့ အဓိပ္ပာယ်ပဲ ရှိတယ်။ ဒီအရေးတွေကို ထိန်းနိုင်ရင် ထိန်းနိုင်၊  မထိန်းနိုင်ရင်တော့  တိုင်းပြည်ပြိုကွဲဖို့ပဲ ရှိတော့တယ်” လို့ ဆိုပြီး စစ်တပ်အာဏာသိမ်းဖို့ မျက်စပစ်တော့တာပါပဲ။

“ဖက်ဒရယ်မူ” ဆိုတာ ဘာလဲ။

ဒီမူမှာ အကြမ်းအားဖြင့် အချက်ကြီး ၃ ချက် ပါတယ်။ ဒီအချက်တွေကတော့ ဒီလိုပါ။

၁။ ဗမာပြည်မကို တခြားပြည်နယ်တွေလို ပြည်နယ်တခုအဖြစ် သတ်မှတ်ရန်

၂။ လူမျိုးစုလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့ဟာ ( House of Nationalities ,  House of  Representatives ) အာဏာချင်း တူတယ်လို့ သတ်မှတ်ပေးရန်

၃။ လူမျိုးစုလွှတ်တော်မှာ ပြည်နယ်တိုင်းရဲ့ အမတ်ဦးရေ  ညီတူညီမျှဖြစ်စေရန် ဆိုတဲ့ အချက် ၃ ချက်ပဲ ဖြစ်တယ်။ ( ဦးနု - တာတေစနေသား၊ စာမျက်နှာ ၃၃၂ )

ဒီအချိန်မှာ “ရှမ်းပြည်ကြီး ခွဲထွက်တော့မယ်”၊ “ပြည်ထောင်စုကြီး ပြိုကွဲတော့မယ်” စတဲ့ ကောလာဟလတွေကို အဖွဲ့အစည်းတခုကတော့ အစီအစဥ်ရှိရှိ အချိန်ကိုက် ထုတ်လွှင့်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှ ဝန်ကြီးချုပ်ဟောင်း ဦးနုက ဒီလိုဆိုပါတယ်။ ဒီကောလာဟလသတင်းတွေကို ဝန်ကြီးချုပ် ဦးနု ကြားတဲ့အခါ ရယ်စရာ ပြက်လုံးတွေအဖြစ်နဲ့ ချက်ချင်း ပစ်ပယ်လိုက်တယ်။ ပစ်ပယ်ဖို့ အကြောင်းတွေ ဦးနုမှာ လုံလုံလောက်လောက်ရှိနေတယ်။ ဒီနေရာမှာ နည်းနည်းလောက် ဖော်ပြချင်တယ်။

၁။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ဖို့ သင့်တော်တဲ့ အဆို တင်သွင်းကြပါလို့ ဦးနုက စပြီး  ဖိတ်ခေါ်လိုက်တာ။ ပြည်နယ်ခေါင်းဆောင်တွေက  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တယ်လို့  ဦးနုဆီမှာ တယောက်ချင်းအနေနဲ့ရော စုပေါင်းပြီးတော့ရော တခါမှ မ တောင်းဆိုခဲ့ဖူးဘူး။ တောင်းဆိုဖို့ဝေးစွ။ အခြေခံဥပဒေကို ပြင်ရရင် ကောင်းပါလိမ့်မယ်လို့ အကြံပေးတဲ့အနေနဲ့တောင် ဒီပြည်နယ်ခေါင်းဆောင်တွေက ဦးနုကို တခါမှ မပြောခဲ့ဖူးဘူး။

၂။ ဦးနုဟာ ဝန်ကြီးချုပ်သက်တမ်းအတွင်းမှာ မကြာခဏ အကြပ်ကိုင်တာ ခံခဲ့ရဖူးတယ်။ အဲဒီလို ဦးနုကို အကြပ်ကိုင်တဲ့လူဟာ မြန်မာချည်းပဲ။ ပြည်နယ်သူပြည်နယ်သားတွေ တယောက်တလေမှ မပါခဲ့ဖူးဘူး။

၃။ ဝန်ကြီးချုပ် ဦးနုကို အကြပ်ကိုင်ချင်ရင် လွတ်လပ်ရေးရစ ရောင်စုံသူပုန်တွေ ထနေတဲ့အချိန်ဟာ အကောင်းဆုံးအချိန်ပဲ။  အဲဒီအချိန်တုန်းက ပြည်ထောင်စုအစိုးရ ဆိုတာကလည်း ရန်ကုန်တမြို့လောက်သာ အုပ်ချုပ်နိုင်တဲ့ အစိုးရ။ မြန်မာ့တပ်မတော် ဆိုတာကလည်း မြန်မာတပ်ရင်းတရင်းနဲ့ တဝက်လောက်သာရှိတဲ့ တပ်မတော်။ အဲဒီလိုကောင်းတဲ့ အချိန်ကတောင် ဒီပြည်နယ်ခေါင်းဆောင်တွေဟာ ဦးနုကို အကြပ်မကိုင်ခဲ့ဘူး။ ဦးနုနဲ့အတူတူ ပြည်ထောင်စုကို ဖက်ထားခဲ့ကြတယ်။

၄။ မြန်မာခေါင်းဆောင်တွေထဲမှာ သူပုန်တွေ မျက်နှာကြီးပြီး အစိုးရ မျက်နှာငယ်နေတဲ့ အချိန်တုန်းက သူပုန်တွေကို တိတ်တိတ်ပုန်း လက်ကမ်း၊ အစိုးရ မျက်နှာကြီးပြီး သူပုန်တွေ မျက်နှာငယ်တော့မှ အစိုးရဘက်ကို ပြန်ဝင်လာတဲ့ သာယာစီးခေါင်းဆောင် တချို့ ရှိတယ်။ ဖက်ဒရယ်မူကို ရေးဆွဲကြတဲ့ ပြည်နယ်ခေါင်းဆောင်တွေထဲမှာ သူပုန်ရောင်စုံနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်စေ ဆက်သွယ်ခဲ့ဖူးတဲ့လူတွေ တယောက်မှမပါဘူး။

၅။ ဖက်ဒရယ်မူကို ရေးဆွဲကြတဲ့ ခေါင်းဆောင်တွေဟာ မနေ့တနေ့ကမှ ပေါ်လာတဲ့ ခေါင်းဆောင်တွေ မဟုတ်ဘူး။ သူတို့အကြောင်းကို မသိတဲ့လူ ရှားပါတယ်။ ဒီပြည်နယ်ခေါင်းဆောင်တွေထဲမှာ သူ ပုန်ထလောက်အောင် သွေးဆာတဲ့လူ တယောက်မှ မပါဘူး။

၆။ အစိုးရကို ထောက်ခံဖို့အတွက် ဦးနုမှာ လွှတ်တော်အမတ်တွေ လိုတာထက် အများကြီး ပိုနေတယ်။ အဲဒီတော့ ပြည်နယ်က အမတ်တွေကို ဦးနုဟာ ဘာမှ ငဲ့စရာ မလိုဘူး။ ဖက်ဒရယ်မူကို သူ ပယ်ချင်ရင် ချက်ချင်းပယ်ပစ်နိုင်တယ်။

ဒါပေမဲ့ ဦးနု မပယ်နိုင်တာ ရှိတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်းတစ်ဆယ် ( Chapter  X ) အရ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ဟာ ပြည်ထောင်စုထဲက ခွဲထွက်ချင်ရင် ခွဲထွက်ခွင့် ရှိတယ်။ အဲဒီ အခန်း  ၁၀ အရ ပြည်ထောင်စုထဲက ခွဲထွက်ချင်တယ်လို့  ရှမ်းခေါင်းဆောင်တွေနဲ့    ကယား ခေါင်းဆောင်တွေ တောင်းဆိုလာရင် ဒီတောင်းဆိုချက်ကို ဦးနု မပယ်နိုင်ဘူး။ ပယ်နိုင်တဲ့ အာဏာ ဦးနုမှာ မ ရှိဘူး။

အဲဒီတော့ ပြည်နယ်ခေါင်းဆောင်တွေဟာ သူပုန်ထဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် သူတို့မပိုင်တဲ့ ဖက်ဒရယ်မူကြီးကို ဘာဖြစ်လို့ အချိန်ကုန်လူပန်းခံပြီး တောင်းနေမလဲ။ အခန်း ( ၁၀ )အရ ခွဲထွက်ခွင့်ကို တိုက်ရိုက်တောင်းကြမှာပေါ့။ ရှမ်းနဲ့ ကယားခေါင်းဆောင်တွေဟာ အခန်း ( ၁၀ )အရ သူတို့ ပိုင်နေတဲ့ အခွင့်အရေးတွေကို တခါမှ မတောင်းဆိုခဲ့ဖူးဘူး။ အခု ပြောပြခဲ့တဲ့ အချက်တွေကြောင့် ဦးနုဟာ ကောလာဟလ သတင်းတွေကို ရယ်စရာ ပြက်လုံးတွေအဖြစ်နဲ့ ချက်ချင်း ပယ်ပစ်လိုက်တာ ဖြစ်တယ်။( ဦနု - တာတေစနေသား၊ စာမျက်နှာ ၃၃၄ )

အာဏာသိမ်းမယ့် ညမှာ ဗိုလ်နေဝင်းဟာ တပ်မတော်ကပွဲရုံမှာ ဣန္ဒြေမပျက် ပွဲကြည့်နေပါတယ်။ မြန်မာပြည်ကို ချစ်ကြည်ရေးအဖြစ် လာရောက်ကပြနေတဲ့ တရုတ်ယဥ်ကျေးမှုအဖွဲ့ရဲ့ ကပြဖျော်ဖြေမှုကို ခပ်တည်တည် ရှုစားနေခဲ့ရုံမက၊ ညသန်းခေါင်ယံ ပွဲပြီးချိန်မှာ ဇာတ်ခုံပေါ်တက်ပြီး ကပြဖြေဖျော်သူ  အဖွဲ့ဝင်တွေကို နှုတ်ဆက်အားပေးရင်း အတူဓာတ်ပုံရိုက်ခံတာတွေပါ လုပ်ခဲ့ပါတယ်။ စီစဥ်ပြီးဖြစ်တဲ့အတိုင်း ည ၁၂ နာရီမှာ စစ်တပ်က စတင်လှုပ်ရှား အကောင်အထည်ဖော်ပါတော့တယ်။

စစ်အာဏာသိမ်းမှုတွေကို သုံးသပ်တဲ့အခါ—

၁။ ကြိုတင်ကြံစည်ကြလေ့ရှိတယ်။

၂။ ကြိုတင်လိမ်ညာဝါဒဖြန့်လေ့ရှိတယ်။

၃။ မမှန်ကန်တဲ့ အကြောင်းပြချက်တခုခုကို အသုံးပြုလေ့ ရှိတယ်။

၄။ ဖောက်ပြန်တဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းကြံစည်လေ့ရှိတယ်။

၅။ စစ်ခေါင်းဆောင် ဆိုသူတွေဟာ သူတို့ကိုယ်ကျိုးစီးပွားအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိသူများ ဖြစ်ကြတယ်။

၆။ စစ်ခေါင်းဆောင် ဆိုသူတွေဟာ အလိုဆန္ဒအလွန်ကြီးကြတဲ့ တဘို့တည်းသမားတွေ ဖြစ်ကြတယ်။

၇။ စစ်ခေါင်းဆောင် ဆိုသူတွေဟာ လူသတ်တာကို လက်ယဥ်နေတဲ့ လူသတ်သမားတွေ ဖြစ်ကြတယ်။

၈။ စစ်ခေါင်းဆောင် ဆိုသူတွေဟာ အလွန်ချမ်းသာပြီး အာဏာရူး ရူးနေတဲ့ လူလိမ်များ ဖြစ်ကြတယ်။

၉။ စစ်ခေါင်းဆောင် ဆိုသူတွေဟာ ဖက်ဆစ်ဝါဒကို ကြိုက်နှစ်သက်သူများ ဖြစ်ကြတယ်။

၁၀။ စစ်ခေါင်းဆောင် ဆိုသူတွေဟာ ဒီမိုကရေစီစနစ်ကို အလွန်မုန်းတီးသူများ ဖြစ်ကြတယ် ဆိုပြီး ယေဘုယျ တွေ့ရှိရပါတယ်။

ကိုယ့်ကိုယ်ကိုယ် ၈ လေးလုံး ဆိုတာ နှုတ်ကမချဘဲ စစ်အုပ်စုနဲ့ အကြောင်းသင့်ပါတီတခုက ပြောသလို NLD ပါတီ ထိုင်ဆို ထိုင်၊ NLD ပါတီ ထဆို ထ၊ NLD ပါတီ ထွက် ဆိုထွက် ဆိုတဲ့ အပြောမျိုးကတော့ နိုင်ငံရေးအရ အတော်အောက်တန်းကျတယ်လို့ ပြောချင်ပါတယ်။ ကျနော်ကိုယ်တိုင်က NLD ပါတီဝင် မဟုတ်ပါဘူး။ ကနေ့ နွေဦးတော်လှန်ရေးဟာ NLD ပါတီ တပါတီတည်းရဲ့ တော်လှန်ရေးမဟုတ်သလို NLD ပါတီ ဦးဆောင်မှုနဲ့ လုပ်နေတဲ့ တော်လှန်ရေးလည်း မဟုတ်တာ သေချာပါတယ်။ စစ်တပ်က NLD ပါတီကို ဦးတည်တိုက်ခိုက် ချေမှုန်းနေချိန်မှာ စစ်တပ်အလိုကျ NLD ပါတီကို တိုက်ခိုက်နေတာကတော့ အတော် လူမြင်မကောင်းဘူးလို့ပဲ ပြောရတော့မှာပါ။ ကနေ့ အကြမ်းဖက်စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်တာ မပါဝင်တာ NLD ပါတီနဲ့ မဆိုင်ပါဘူး။ ကိုယ့်ပြဿနာ ကိုယ် ရှင်းရမယ့်ကိစ္စလို့ ရှင်းရှင်းလင်းလင်းမြင်ဖို့ လိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲဟာ အင်မတန် ကောက်ကျစ်စဥ်းလဲပြီး လူတွေကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်၊ မိန်းကလေးတွေကို မုဒိမ်းကျင့်၊ ကလေးတွေကို သတ်၊ စာသင်ကျောင်းတွေကို ဗုံးကြဲ၊  ရွာတွေကို မီးရှို့၊ လူတသောင်းကျော်ကို ဖမ်းထား၊ လူ ၃၀၀၀ ကျော်ကို သတ်ဖြတ် စတဲ့ အလုပ်တွေကို ရက်ရက်စက်စက် ပက်ပက်စက်စက် လုပ်နေတဲ့ ရာဇဝတ်ကောင်တွေရဲ့  ထွက်ပေါက်တခုအဖြစ် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ တကမ္ဘာလုံး သိနေတာလည်း ဖြစ်ပါတယ်။ ကိုယ့် မရိုးမသား လုပ်ရပ်တွေကို မိုးကြိုးပစ် ထန်းလက်ကာ ဆိုတာမျိုး လိမ်လို့ရတဲ့ ခေတ်ကုန်သွားပြီလို့ပဲ ပြောပါစေ။ 

ကနေ့ ကျနော်တို့က ရွေးကောက်ပွဲလုပ်ငန်းစဥ်ကို ဆန့်ကျင်နေကြတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲကို ခုတုံးလုပ်ပြီး ရာဇဝတ်ကောင်ဘဝက လွတ်အောင် ကြိုးစားမှုအားလုံးကိုတော့ ပြတ်ပြတ်သားသား ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုပါတယ်။ ရာဇဝတ်ကောင်ရွေးပွဲမှာ ရာဇဝတ်ကောင်တွေနဲ့ ပူးပေါင်းမှုမလုပ်ဖို့ လူထုကလည်း လိုလားနေတာ ဖြစ်ပါတယ်။ အခြားပါတီတွေတို့၊ တိုင်းရင်းသားပါတီတို့ ဆိုတာတွေကလည်း စစ်အုပ်စု လက်ခွဲတွေသာ အများစုဖြစ်နေတာ လူထုက သိပြီးမို့  ဗမာပါတီဖြစ်ဖြစ်၊  တိုင်းရင်းသားပါတီဖြစ်ဖြစ် ရာဇဝတ်ကောင်တွေ လုပ်မယ့်  ရာဇဝတ်ကောင်ရွေးပွဲမှာ ပူးပေါင်းပါဝင်မယ် ဆိုရင်တော့ ရာဇဝတ်ကောင်တွေသာ ဖြစ်ကြောင်း ရေးလိုက်ရပါတယ်။

(ကိုးကား - တာတေစနေသား - ဦးနု၊ ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း - ဗန်းမော်တင်အောင်၊ ရှမ်းပြည် ဘယ်လဲ - ဦးထွန်းမြင့် (တောင်ကြီး)၊ အမှောင်ကြားက ဗမာပြည် - ဝင်းတင့်ထွန်း )

ကိုအောင်မှိုင်း



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar