NLD ပါတီက ဗဟိုကော်မတီဝင် ၄ ဦးကို ထုတ်ပယ်တဲ့စာထုတ်
မြန်မာနွေဦး ခရိုနီကယ် - မတ် ၃ မြင်ကွင်း
(မိုးမခ) မတ် ၄၊ ၂၀၂၃
NLD ပါတီက ဗဟိုကော်မတီဝင် ၄ ဦးကို ထုတ်ပယ်တဲ့စာထုတ်
NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီက ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁ ဦးနဲ့ ဗဟိုကော်မတီဝင် ၃ ဦးကို ပါတီရဲ့ တာဝန်ရာထူးသာမက ပါတီဝင်အဖြစ်ကပါ ထုတ်ပယ်လိုက်တဲ့ စာကို မတ်လ ၃ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် CEC ဦးဖြိုးမင်းသိန်း နဲ့ အခြားဗဟိုကော်မတီဝင် CC ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင် တို့ကို ဗဟိုအလုပ်ကော်မတီက ထုတ်ပယ်စာထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ရွှေဂုံတိုင် ပါတီရုံးချုပ်ရဲ့ လိပ်စာနဲ့ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်သော်လည်း ဗဟိုအလုပ်ကော်မတီဝင်တွေအများစု သို့မဟုတ်အားလုံးက နိုင်ငံပြင်ပ မှာရှိနေကြတာ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်အရ ပါတီရဲ့ ဥက္ကဌ နဲ့ ဗဟိုအလုပ်အမှုဆောင်အများစုဖမ်းဆီးချုပ်နှောင်ခံထားရချိန်ကာလမှာ ဗဟိုအလုပ်ကော်မတီက ပါတီရဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ တာဝန်ကို ဗဟိုအလုပ်ကော်မတီက ရယူထားတာလို့ နားလည်ရပါတယ်။
“ယခုကဲ့သို့ နွေဦးတော်လှန်ရေးကာလတွင် ပါတီ၏ လုပ်ငန်းတာဝန်များကို ဗဟိုအလုပ်ကော်မတီမှ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့်” လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ရည်ညွှန်းဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီဗဟိုအလုပ်ကော်မတီကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဖွဲ့စည်းစဥ်က အဖွဲ့ဝင် ၇ ဦး ပါဝင်တာ ဖြစ်ပါတယ်။ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်ကြည်ညွန့် နဲ့ ဦးတင်ထွဋ်ဦး နဲ့ အခြား အရန်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁ ဦးနဲ့ ကြားနာရေးကော်မတီဝင်ကတွေ ပါဝင်ကြတာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီပါတီ ရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အများစုသော အလုပ်အမှုဆောင်ကော်မတီဝင်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ပါတီအနေနဲ့ အများသဘောတူ တာဝန်လွှဲပြောင်းပေးခြင်းတွေ မလုပ်ဆောင်နိုင်ချိန်မှာ အခုလို အရေးပေါ် ပါတီအလုပ်ကော်မတီကို ဖွဲ့စည်းခဲ့တာလို့ နားလည်ရပါတယ်။
အခု ကြေညာလိုက်တဲ့ ပါတီတာဝန်နဲ့ ပါတီဝင်အဖြစ်က ထုတ်ပယ်လိုက်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ လုပ်ထုံးလုပ်နည်းအရတော့ စောဒကတက်စရာ ရှိကောင်းရှိနိုင်မှာ ဖြစ်ပါတယ်။ တဖက်မှာလည်း အကျဥ်းကျခံနေရတဲ့ ပါတီခေါင်းဆောင်တွေအနေနဲ့ ပြင်ပမှာဖြစ်ပျက်နေတဲ့ ပါတီတွင်း ကိစ္စရပ်တွေနဲ့ပတ်သက်လို့ သဘောထားမှတ်ချက်တွေ ပေးတာမျိုး ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
အခုထုတ်ပြန်ချက်မှာတော့ ပါတီကို စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ ပြန်ဝင်ဖို့ပြင်ဆင်လုပ်ဆောင်နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို အဓိက အချက်အဖြစ် ရေးသားထားတာလို့ နားလည်ရပါတယ်။ ဦးဖြိုးမင်းသိန်းနဲ့ပတ်သက်တဲ့ အချက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန် ထွက်ဆိုမှုများ ပြုလုပ်ခဲ့တယ် ဆိုတဲ့ အချက်ကို ဖော်ပြထားတာ တွေ့ရပါတယ်။ ဦးဖြိုးမင်းသိန်း နဲ့ပတ်သက်တဲ့ မှတ်ချက်ကတော့ ထင်ရှားတဲ့ အထောက်အထားတွေ၊ အချက်အလက်တွေ ရှိတာကြောင့် အထူးတလည် ရှင်းပြဖို့ မလိုအပ်တော့ပါဘူး။
ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင် တို့နဲ့ ပတ်သက်တဲ့မှတ်ချက်တွေမှာတော့ ဒီထက်အသေးစိတ် ရှင်းပြနိုင်ရင် ပိုကောင်းမယ်လို့ ထင်မြင်ပါတယ်။ အခြားသော ရှုထောင့်တခုကတော့ ပါတီတွင်း ကိစ္စဖြစ်တဲ့ အတွက် ပါတီတွင်း အကြေအလည်ဆွေးနွေးမှုမျိုး လုပ်ဆောင်ခဲ့တဲ့ အခြေအနေမျိုး ရှိ၊ မရှိ စတာတွေလည်း ဖော်ပြနိုင်ရင် ပိုကောင်းမွန်မယ်လို့ ယူဆမိပါတယ်။ ပါတီအနေနဲ့ အခုလို အခြေအနေအောက်မှာ သာမန်အခြေအနေလိုမျိုး ညီလာခံတွေ၊ ကွန်ဂရက်စ်တွေ မလုပ်နိုင်တာ အမှန်ပါ။ သို့သော်လည်း ပါတီကို ဦးဆောင်သူတွေအနေနဲ့ တိုင်းပြည်ပြင်ပ ရောက်နေသူတွေ၊ အကျဥ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ နဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း မခံထားရတဲ့ ပြည်တွင်းမှာ ရှိနေသူတွေအကြား ဆက်သွယ် ဆွေးနွေးမှုမျိုး ရှိ၊ မရှိ ဆိုတဲ့အချက်ကိုလည်း ရှင်းရှင်းလင်းလင်း ပါတီဝင်အများ သိအောင် ထုတ်ပြန်နိုင်ရင် ပိုမိုပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက် အားကောင်းတဲ့ ဆုံးဖြတ်ချက်အဖြစ် ပေါ်လွင်စေမှာ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၁ ခုနှစ်အကြား NLD ပါတီခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရချိန် ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခြေအနေနဲ့ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရင်ဆိုင်ဖြတ်သန်းရတဲ့ အနေအထားက မတူညီတဲ့ နောက်ခံတွေ ရှိနေတာ တွေ့ရပါတယ်။
ပထမ စစ်အစိုးရခေတ်မှာ NLD ပါတီရဲ့ ခေါင်းဆောင်ထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ အချို့ကို ဖမ်းဆီးလိုက်၊ ပြန်လွှတ်လိုက် လုပ်ဆောင်နေခဲ့ချိန် ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ဖြစ်ပြီးနောက် ၂၀၁၁ ထိ တောက်လျှောက် ဖမ်းဆီးထိန်းသိမ်းခံထားရချိန်တွေမှာ ဦးအောင်ရွှေ၊ ဦးချစ်ခိုင်၊ ဦးလွင်တို့က ပါတီကို တရားဝင် ရပ်တည်ခွင့်ရဖို့ တာဝန်ယူ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပြီး အချို့သော ကိစ္စရပ်တွေမှာ ပါတီရဲ့ အောက်ခြေ ပါတီဝင်တွေကို ဆန့်ကျင်ပြီး ဆုံးဖြတ်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။
အခု ဒုတိယအကြိမ် စစ်အာဏာသိမ်းတဲ့ ခေတ်မှာတော့ ပါတီခေါင်းဆောင်ပိုင်း အနေနဲ့ ဒီအခြေအနေမျိုး ကြုံလာရင် ပါတီကို ဘယ်လိုဆက်လက် တာဝန်ယူ ဦးဆောင်လုပ်ကိုင်ကြမလဲဆိုတာ ကြိုတင်ပြင်ဆင်နိုင်ခဲ့တဲ့ အထောက်အထား မတွေ့ရဘဲ အများစုသော ပါတီတာဝန်ရှိသူတွေ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့နောက် ပြည်ပကို ထွက်ပြေးတိမ်းရှောင်နိုင်သူ အချို့က ဦးဆောင်မှု တာဝန်ကို ယူလိုက်တဲ့သဘောဖြစ်ပြီး ပါတီထဲက ဖမ်းဆီးခြင်းမခံရတဲ့ အချို့သော လူနည်းစုတွေ အနေနဲ့ ပါတီတရားဝင် ဆက်လက်ရပ်တည်ရေးကို လုပ်ဆောင်ဖို့ ရည်ရွယ်တဲ့ ခြေလှမ်းတချို့လည်း ရှိနေတာတွေ့ ရမှာ ဖြစ်ပါတယ်။ ပါတီတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေ စစ်ဆေးမယ်လို့ ပြောဆိုစဥ်က ပြည်တွင်းက ဖမ်းဆီးခြင်းမခံရတဲ့ ပါတီ ခေါင်းဆောင်တချို့က လက်ရှိအနေအထားမှာ စစ်ဆေးမခံနိုင်တဲ့အကြောင်း စစ်ကောင်စီအစိုးရလက်အောက်က ပြည်ထောင်စု ရွေးကော်ထံ စာပေးပို့တဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်လို့ သိရပြီး အဲဒီကာလကတည်းက NLD ပါတီရဲ့ အစိတ်အပိုင်းတချို့ က သဘောထားကွဲလွဲနေတဲ့ အဖြစ်အပျက် စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။
အခု ဒုတိယအနေနဲ့ စစ်ကောင်စီဘက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထုတ်ပြန် အပြီးမှာ ပါတီက မြေပေါ် ပါတီအဖြစ် ရပ်တည်ရေးနဲ့ ပြည်ပအခြေစိုက် ဦးဆောင်မှုနဲ့ ပြည်တွင်းမှာ မြေအောက်ပါတီအဖြစ် ရပ်တည်ရေး လမ်းကြောင်းအဖြစ် ကွဲပြားသွားတဲ့ သဘောမျိုးလို့လည်း ယူနိုင်ပါတယ်။
NLD ပါတီ အနေနဲ့ သူတို့၏ ၂၀၂၀ ရွေးကောက်ခံအမတ်များ၊ ပါတီ၏ အလွှာအသီးသီးက ခေါင်းဆောင်သူများ၊ ပါတီဝင် အများစုနဲ့ အခုလို လက်နက်ကိုင် တော်လှန်ရေးကာလမှာ တပ်ပေါင်းစုတွေ မဟာမိတ်တွေဖွဲ့စည်းပြီး NUG အစိုးရကို ထူထောင်ခဲ့ပြီးနောက် ပါတီရဲ့ အခန်းကဏ္ဍက ဘာတွေ ဖြစ်မလဲ စတာတွေနဲ့လည်း ချိန်ညှိပြီး ပြန်လည်သုံးသပ်ကြရမယ့် အချိန်ကာလလို့ ထင်မြင်ယူဆမိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar