Breaking News

ကိုလှိုင်းသစ် - ကျွန်တော်နှစ်သက်ခဲ့သောစာသားများအကြောင်း (အပိုင်း ၁)

ကျွန်တော်နှစ်သက်ခဲ့သောစာသားများအကြောင်း (အပိုင်း ၁)
မောင်လှိုင်းသစ်
( မိုးမခ) မတ် ၂၊ ၂၀၂၃


ကျွန်တော်တို့ ရသစာပေ၊ သုတစာပေတွေဖတ်ခဲ့ကြတယ်။ ကိုယ်နှစ်သက်ခဲ့တဲ့ စာအုပ်တွေကိုအခွင့်သင့်ရင်သင့်သလိုသုံးလေးခေါက် ပြန်ဖတ်ဖြစ်ကြတယ်။ တချို့စာပေတွေကစာရေးဆရာပေးချင်တဲ့ Message ကိုတခါဖတ်ရုံနဲ့ မရနိုင်သလိုနောက်တခေါက်ပြန်ဖတ်ဖြစ်မှ စာရေး ဆရာပေးချင်တဲ့ Message ကိုရတာမျိုး၊ ပထမတစ်ကြိမ်ဖတ်တုန်းကမကြိုက်ပေမယ့် ဒုတိယအကြိမ်ပြန်ဖတ်မိတော့မှ ကြိုက်သွားတဲ့ စာအုပ်တွေလည်းရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းတချို့ စာအုပ်တွေကိုတစ်ခါ ဖတ်ပြီးမကြိုက်ပေမယ့် နောက်တစ်ခေါက်ဖတ်ဖြစ်သွားတဲ့အချိန်မှာကြိုက်သွားတာတွေအများကြီးရှိပါ တယ်။ ဖတ်ရင်းဖတ်ရင်းကနေ ကျွန်တော်တို့ စွဲလန်းသွားတဲ့ နှစ်သက်ခဲ့တဲ့ စာသားလေးတွေ ရှိတတ်ပါတယ်။ ဆရာကြီးမောင်ထင်ရဲ့ ငဘဝတ္ထုထဲက “လွတ်ပြီးလပ်နေသောမြန်မာပြည်ကြီးအားကယ် တင်ရန် ….” ဆိုတဲ့ခေတ်ကြီးကိုသရော်တဲ့စာသားလေး၊ သခင်ဘသောင်းရဲ့ “မျိုးချစ်ပုဂ္ဂိုလ်ကြီးဦးကိုဂျိုး …….” အစရှိတဲ့စာသားလေးတွေကကျွန်တော့်ကိုစွဲလန်းစေခဲ့တယ်။ အဲဒီစွဲလန်းခဲ့ရတဲ့ ကျွန်တော်နှစ်သက်ခဲ့တဲ့စာသားလေးတွေအကြောင်းကိုအမှတ်တရရေးဖြစ်ပါတယ်။ 

၁။ “အကောင်းကိုရှာ၏၊ အကောင်းကားမရှိတော့”
မေ - ဒဂုန်တာရာ

ဆရာဒဂုန်တာရာဟာမေ ဝတ္ထုကို အသက် ၂၂ - ၂၃ အရွယ်မှာရေးခဲ့ပါတယ်။ အမှီးဝတ္ထုပါ။ အင်္ဂလိပ်စာရေးဆရာ Beverley Nichols ရဲ့ Self ဆိုတဲ့ဝတ္ထုကိုမှီးတာပါ။ မူရင်း၀တ္ထုဟာ အရမ်းကြီး အောင်မြင်ခဲ့တဲ့ဝတ္ထုမဟုတ်ပါဘူး။ မူရင်းဝတ္ထုရဲ့ဇာတ်ကောင်နာမည်က နန်စီပါ။ ဆရာ့ဆီမှာတော့ မေဖြစ်သွားတာပေါ့။ မူရင်းတတ္ထုဇာတ်လမ်းကို အစအဆုံးမှီငြမ်းထားတယ်။ မူရင်းအင်္ဂလိပ်ဝတ္ထုက ဆရာ့ရဲ့မေလောက်တောင် အောင်မြင်မှုမရှိဘူးလို့ ရေးကြတယ်။ မေဝတ္ထုရဲ့ဇာတ်လမ်းဟာဘာမှမဟုတ်ပါဘူး။ ဆရာ့ရဲ့အရေးအသား၊ စကားလုံးဆန်းသစ်မှုတွေကြောင့် အောင်မြင်ခဲ့တာပါ။မေဝတ္ထုကိုစပြီးရေးဘို့ စဉ်းစားထားပေမယ့် မရေးဖြစ်သေးချိန် ဆရာဟာသမဂ္ဂကိစ္စနဲ့ ဆရာဖြစ်သင်ကောလိပ်မှာဒိုရာသန်းအေးကိုသွားတွေ့ချိန်မှာမေကိုစရေးချင်စိတ်ပြန်ပေါက်ပြီးရေးဖြစ်သွားပါတယ်။ မေဝတ္ထုရဲ့အစဟာဆရာဖြစ် သင်ကောလိပ်ကျောင်းကိုအခြေခံပြီးရေးထားကြောင်းဆရာရေးထားတာလေးဖတ်ဖူးပါတယ်။ 

စိတ်လေလွင့်နေသောခေတ်ပညာတတ်မိန်းကလေးတစ်ဦး၊ အချစ်နဲ့ အိမ် ထောင်ရေးကိုခပ်လွယ်လွယ်ခပ်ပေါ့ပေါ့ စဉ်းစားတတ်သူတစ်ယောက်အဖြစ် မေကိုဖန်တီးထားတယ်။ ဘဝကို နောင်တရပြီးကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ အရာရာဟာနောက်ကျသွားပြီ။ “အကောင်းကိုရှာ၏၊ အကောင်းကားမရှိတော့ ……..” ဆိုတာလေးနဲ့ ၀တ္ထုကို အဆုံးသတ်ထားတယ်။ စာအုပ်တစ် အုပ်လုံးရဲ့ အကောင်းဆုံးစာ သားက အဲဒီစာသားလေးပါပဲ။ မူရင်းဝတ္ထုပါစာသားနဲ့ ယှဉ်ကြည့်ရင် ပိုရှင်းသွားပါလိမ့်မယ်။ မူရင်းတတ္ထုမှာတော့ “Back to the flesh, but the flesh had gone” ဆိုပြီးအဆုံးသတ်ထားတယ်။ “သူအနှစ်အသားရှိရာသို့ ပြန်သွားသည်၊ သို့သော် အနှစ်အသားကားမရှိတော့” ဆိုတာကိုဆရာမှီးပြီးရေးလိုက်တာက “အကောင်းကိုရှာ၏၊ အကောင်းကားမရှိတော့” လို့ရေးသွားတာလေးကပီပြင်လွန်းလှတယ်။

အဲဒီခေတ်အနေနဲ့ပြောရရင် စကားလုံးဆန်းသစ်မှုတွေအများကြီးတွေ့ရတယ်။ ဒီနေ့သုံးနေတဲ့ “လေနုအေး” ဆိုတဲ့စကားလုံး၊ “ကဗျာဆန်တယ်” ဆိုတဲ့စကားလုံးတွေကိုအဲဒီမှာစာဖတ်သူတွေစ,သတိထားမိလာတယ်။ ဆရာကတော့ “လေနုအေး”စကားလုံးကို မေ၀တ္ထုမတိုင်ခင်ကတည်းက သုံးခဲ့တယ်လို့အမှာစာမှာရေးခဲ့တယ်။မေစာအုပ်အမှာမှာသခင်ဗဟိန်းရေးခဲ့သလိုမေဝတ္ထုကိုဖတ်ရတာရှန်ပိန်အရက်ကိုသောက်ရသလိုပဲဆိုသလိုမျိုးပဲ၊ အရေးအသားတွေက။ “အား ….. မေလာပြီလေ ….” ဆိုတဲ့ရေးဟန်ကအဲဒီခေတ်အဲဒီအချိန် (၁၉၄၁)က အရမ်းကိုဆန်းသစ်ခဲ့တယ်။ သခင်ဗဟိန်းကလည်း အဲဒါကိုရည်ညွှန်းချင်တာဖြစ်ပါလိမ့်မယ်။ မင်းသမီးကြီးဒေါ်ခင်သန်းနုက မေ ဝတ္ထုကို ရုပ်ရှင်ရိုက်မယ်ဆိုရင် မေနေရာကနေသူသရုပ် ဆောင်ပါရစေဆိုပြီး ဆရာ့ကိုပြောဖူးတယ်ဆိုတာလေး ဖတ်ဖူးပါတယ်။ Beverley Nichols ဟာ Self ကို ၁၉၂၂ မှာရေးသားထုတ်ဝေခဲ့တယ်။ ၁၉၃၈ မှာနာမည်ကြီး Penguin စာအုပ်တိုက်ကဒုတိယအကြိမ် ပြန်ထုတ်ခဲ့တယ်။ ဆရာကအသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသားဘ၀ ၁၉၃၉ မှာဖတ်ဖြစ်ခဲ့တယ်။ အသက် ၂၂ နှစ်အရွယ် ၁၉၄၁ မှာမေအဖြစ်ဖန်တီးပြီးနဂါးနီစာအုပ်တိုက်ကပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ 

ဆရာကနောက်ပိုင်းစာတွေမှာလည်း စကားလုံးဆန်းသစ်မှုအားတအားအားကောင်းခဲ့တယ်။ Ragged Gold ဆိုတဲ့စာသားကိုဆရာက ရွှေအိုရောင်လို့ သုံးနှုန်းခဲ့တယ်။ အဲဒီစကားလုံးကိုကိုဆွေနွယ်ရေးပြီးအဆိုတော်စိန်လွင်စသီဆိုခဲ့တဲ့ စနေမှာရွာတဲ့မိုးသီချင်းမှာသုံးနှုန်းခဲ့တယ်။ 

မေဝတ္ထုမှာဆရာပြောချင်တဲ့ “အကောင်းကိုရှာ၏၊ အကောင်းကားမရှိတော့” ဆိုတာကဘတကို ခပ်ပေါ့ပေါ့စဉ်းစားပြီးအမှားတွေကိုလုပ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်၊ သူ့ကိုယ်သူပြုပြင်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ အရာရာဟာနောက်ကျသွားပြီလို့ ဆိုလိုချင်တာပါ။ အဲဒီစာသားလေးကိုပဲဒီနေ့ခေတ်အခြေအနေအတွက်ပြန်သုံးရရင်တော့ -
“အကောင်းကိုရှာ၏၊ အကောင်းကားမရှိတော့” ……………….

(၂) “အမေတွေသာတားမြစ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံမှာသခင်ဗဟိန်းတို့ သခင်အောင်ဆန်းတို့ ဖြစ်လာမှာမဟုတ်ဘူး၊ အဲဒီလိုပဲအိန္ဒိယမှာလဲဂန္ဒီတို့ နေရူးတို့ ဖြစ်လာမှာမဟုတ်ဘူး ….”
ဂျူး - ပင်လယ်နှင့်တူသောမိန်းမများ


ကျွန်တော်က ဆရာမဂျူးရဲ့ဖန်တော့ မဟုတ်ပါဘူး။ ဆရာမရဲ့စာအုပ်တွေထဲမှာကြိုက်တဲ့စာအုပ် တွေရှိသလိုမကြိုက်တဲ့စာအုပ်တွေလည်း အများကြီးပါ။ ကြိုက်တဲ့စာအုပ်တွေထဲကအကြိုက်ဆုံး ၃ အုပ်ကိုပြောရရင် မြစ်တို့၏မာယာ၊ မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်၊ ပင်လယ်နှင့်တူသောမိန်းမများ အဲဒီသုံးအုပ်ကိုအကြိုက်ဆုံးပါပဲ။ မြစ်တို့၏မာယာမှာ ဆရာမရဲ့စာဖတ်အားနဲ့ Study အားကိုသိနိုင်ပါတယ်။ မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်ကတော့ မိန်းမတွေဘက်ကနေအတွေးအခေါ် အဆင့်အတန်းမြင့်မြင့်နဲ့ ရေးထားတဲ့ဝတ္ထုပါပဲ။ Feministလို့လည်းခေါ်နိုင်ပါတယ်။ ဝတ္ထုအဆင့်အတန်းမြင့်ပါ တယ်။ ပင်လယ်နှင့်တူသောမိန်မများမှာ ဆရာမရဲ့ လေ့လာမှုအား၊ အတွေးအခေါ်တွေကိုအဓိကမြင်နိုင် ပါတယ်။ ဆရာမဟာသူမွေးဖွားကျင်လည်ခဲ့တဲ့ ရေနံချောင်းမြို့ဝန်းကျင်ကိုအခြေခံပြီး ဒီဝတ္ထုကိုရေးခဲ့ တယ်။ ရေနံမြေသမိုင်း၊ ရေနံမြေအလုပ်သမားလှုပ်ရှားမှုသမိုင်းနဲ့ မြန်မာ့နိုင်ငံရေးသမိုင်းကိုအထိုက် အလျှောက် ဖေါ်ပြထားတယ်။ စာအုပ်အညွှန်းဖြစ်သွားမှာစိုးလို့ ဆက်မရေးတော့ပါဘူး။ 

ဆရာမရဲ့စာအုပ်တွေထဲကနာမည်ကြီးပြီးလူကြိုက်များတဲ့ စာသားတွေ “လက်ထပ်ခြင်းဟာ ကြိုးတစ်ချောင်းဖြစ်တယ်ဆိုရင် …..” ဘာညာအဲဒါတွေ ကျွန်တော် စိတ်မဝင်စားဘူး။ ကျွန်တော် အရမ်းသဘောကျတဲ့စာ သားကပင်လယ်နှင့်တူသောမိန်းမများထဲမှာ ဇာတ်ကောင်ခင်မင်းမေဟာတူမဖြစ်သူအိမ်စိုးမေကို နိုင်ငံရေးမှာမပါဝင်ဖို့ တားမြစ်ပြောဆိုတဲ့အချိန်မှာအိမ်စိုးမေပြန်ပြောတဲ့စကားလေးပါ။ 

“အမေတွေသာတားမြစ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံမှာသခင်ဗဟိန်းတို့ သခင်အောင်ဆန်းတို့ ဖြစ်လာမှာမဟုတ်ဘူး၊ အဲဒီလိုပဲ အိန္ဒိယမှာလဲဂန္ဒီတို့ နေရူးတို့ ဖြစ်လာမှာမဟုတ်ဘူး ….”အရမ်းကောင်းတဲ့ စကားလေးပါ။ 

မှန်တာပေါ့ အမေတွေသာတားနိုင်ခဲ့ရင် သခင်အောင်ဆန်းတို့၊ သခင်ဗဟိန်းတို့ ဘယ်ဖြစ်လာတော့မလဲ။ ဗိုလ်ချုပ်အမေဒေါ်စုကကောဗိုလ်ချုပ်ကိုနိုင်ငံရေးဘယ်လုပ်စေချင်ပါ့မလဲ။ အဲဒီလိုပဲတိုင်းပြည်လွတ်လပ်ရေးအတွက် စွန့်လွှတ်အနစ်နာခံဆောင်ရွက်ခဲ့တဲ့သူတွေ၊ သူတို့ရဲ့ အမေတွေကကောသူတို့ကိုဘယ်လုပ်စေချင်ပါ့မလဲ။ ဒါပေမယ့် သူတို့ရဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်၊ မတရားမှုကိုမခံချင်တဲ့စိတ်၊ လွတ်လပ်ရေးရယူလိုတဲ့စိတ်တွေကိုအမေတွေမတားမြစ်နိုင်ခဲ့ဘူး။ အမေတွေမတားမြစ်နိုင်ခဲ့လို့ ကျွန်တော်တို့နိုင်ငံလွတ်လပ်ရေးရခဲ့တာပေါ့။

အမေတွေသာတားမြစ်နိုင်ခဲ့ရင် ဒီနေ့ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေ၊ လေးစားရတဲ့သူတွေစွန့်လွှတ်အနစ်နာခံပေးဆပ်နေရသူတွေဘယ်ထွက်ပေါ်လာနိုင်ပါ့မလဲ။

အမေတွေသာတားမြစ်နိုင်ခဲ့ရင် ………

နောက်ထပ် စာအုပ်တွေထဲကနှစ်သက်ခဲ့တဲ့ ခံစားခဲ့ရတဲ့ စာသားတွေအကြောင်းကိုဆက်ရေးပါဦးမယ်။

ကိုလှိုင်းသစ်
18-12-2022 3:02 PM
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar