Breaking News

နေသွင်နိုင်း - အေအိုင်ရဲ့ အရေပြားထဲက အနည်ကျဝါကျများ

Art by Than Htay Maung

အေအိုင်ရဲ့ အရေပြားထဲက အနည်ကျဝါကျများ
နေသွင်နိုင်း
(မိုးမခ) မတ် ၁၈၊ ၂၀၂၃

မနက်လင်းသည်
တကိုယ်ရေ အရှက်တရားများ သိမ်းခေါက်သည် ။
ဘုရားရှိခိုးပြီး
တန်ခိုးကြီးဘုရားကို ဖူးသည်။
ပန်းကိတ်ကိုခွဲပြီး ဓာတ်ပုံလှလှရိုက်
အစာသွပ်ထားတဲ့အပြုံးနဲ့ ဒေးလ်ကာနယ်ဂျီရဲ့ အောင်မြင်တိုးတက်ရေးနည်းလမ်းတွေကောက်နုတ်
လူရာဝင်သည်။
အသည်းခဏခဏကွဲပြီး လိင်စိတ်ဖြေ
မောင်လေးကို နွားလို့ခေါ်ပြီး လိင်ခွန်အားတိုးစေတဲ့ အမေရိကန်မိတ်ကြော်ငြာတံဆိပ်ကို save ထား
အခုပဲ ဧဝရတ်တောင်တက်သိမ်းပိုက်တော့မယ့် စကားပြော
အခုပဲ  ငါတို့နိုင်မှာလားမေးပြီး
အခွန်ဆောင်သည်။
ပျက်နေတဲ့မီးလာတဲ့အခါ ငရဲကလွတ်လာသလို ဟေးခနဲအော်ကြ
ဘုရားရုပ်တုရဲ့ မျက်နှာတော်ဖူးယောင်ကိုင်းလာတဲ့အထိရွှေချပြီး 
အိမ်ခြေမဲ့ ကလေးတယောက်ကို မစင်လိုထွေးထုတ်လိုက်တော့ ဘုရားက ပြုံးတော်မူသည်။
ဘုန်းတော်ကြီးတပါးက သားကွဲမယားကွဲကိစ္စအကျိုးဆောင်ပေးလိုက်တဲ့အခါ
သာသနာတော်ကြီးဟာ ရွှေလက်ကောင်တဝင်းဝင်းနဲ့ တောက်ပ
လူထုက လက်ထိပ်နဲ့ 
ငယ်ထိပ်မှာ ကျည်ရာနဲ့
ပုဆိုးခြုံထဲက လက်သီးတွေ ထွက်လာအပြီးမှာ စပါးကျီ မီးထတောက်သည်။
အာဏာထိန်းအစိုးရဖြစ်ကြောင်း ရွှေဇွန်းကိုက်ထားသူက အင်တာဗျူးဖြေ
စစ်ကြောရေးစခန်းက ရဲဘော်များ ကောင်းကင်မှာ ပေါက်ရောက်ထုံကူးလို့
မျက်မှန်စိမ်းတပ်ထားတဲ့ပွဲတော်ကြီးအလယ်မှာ ရှုခင်းသာသည်။
အရေးတော်ပုံကြီး အမြန်ပြီးမြောက်စေလိုကြောင်း ဝိုင်ပုလင်းကိုဖောက်
ကေတီဗီပိတ်ကားထက် သီချင်းစာသားအော်ဆိုသည်။
ကမ္ဘာတခြမ်းရဲ့ပေါက်နေတဲ့လှေနံရံမှာ လိပ်ပြာသန့်သူများရဲ့ဖာထေးပြုပြင်မှု ကျောခိုင်း
ကမ္ဘာတခြမ်းရဲ့မျက်နှာစာမှာ ချက်နည်းပြုတ်နည်း စကင်ကဲနည်း ထုတ်လွှင့်သည်
မြစ်ကမ်းနဖူးမှာ ချစ်သူတို့ပျော်ကြ
ဧဒင်ရဲ့ဥယျာဥ်တော်မှာ ချောကလက်အနမ်းများဖူးပွင့်ကြ
လေယာဥ်ပျံများ ပျံတက်သွားသည်ကို မသိကြ။
အနည်ကျကျောက်များ ဖြစ်ထွန်းလာကြသည်။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar