Breaking News

မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ အရေးပါလာမလား

မြန်မာနွေဦး ခရိုနီကယ် - မတ် ၁၇ မြင်ကွင်း

(မိုးမခ) မတ် ၁၈၊ ၂၀၂၃


မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ အရေးပါလာမလား

မြောက်ပိုင်းမဟာမိတ်အဖွဲ့လို့ အလွယ်ခေါ်ဆိုကြတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးမှု ညှိနှိုင်းကော်မတီ FPNCC အဖွဲ့က ဝ ပြည်နယ် ပန်းခန်းမြို့မှာ ခုရက်ပိုင်းတွေ့ဆုံကြပြီး မတ်လ ၁၆ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်ချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာ အရေးကိစ္စတွေကို တွေ့ဆုံဆွေးနွေးဖလှယ်ကြတဲ့ သဘောလို့ ယူဆရပါတယ်။ အဖွဲ့ဝင် ၇ ဖွဲ့စလုံးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး ၂ ရက်အကြာဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ “မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြည်လည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ်  ကြိုဆိုထောက်ခံပါသည်” လို့ စာပိုဒ် ၆ မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ 

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်လက်နက်ကိုင် အဖွဲ့တွေအထဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနက် အင်အားအကြီးဆုံး ဝ အဖွဲ့လိုမျိုး ပါဝင်သလို လက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲတွေမှာ အဓိကနေရာက ပါဝင်တိုက်ခိုက်နေတဲ့ ကေအိုင်အေ လိုအဖွဲ့လည်း ပါဝင်ကာ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အဓိကအင်အားစုဖြစ်တဲ့ AA လို အဖွဲ့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ 

ဒီမဟာမိတ်အဖွဲ့ ဝင် လက်နက်ကိုင် အဖွဲ့အများစုဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသတွေမှာ အခြေစိုက်ကြတဲ့ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ပြီး တရုတ်နိုင်ငံနဲ့  နယ်စပ် အခြေစိုက်စခန်းလို ကိစ္စရပ်တွေ၊ လက်နက်နဲ့ အခြားသော ကုန်ပစ္စည်းတွေ ဝယ်ယူရရှိရေး ခေါင်းဆောင်တွေရဲ့ တဦးချင်း လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ အကူအညီ နားလည်မှုတွေ ရယူကြရတဲ့ အဖွဲ့တွေ ဖြစ်ပြီး တရုတ်နိုင်ငံက အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် အတိုင်းအတာတခုထိ သြဇာရှိတယ်လို့ ဆိုနိုင်ပါတယ်။ 

အခု လက်ရှိအခြေအနေကို ဖေါ်ပြရည်ညွှန်းထားတဲ့ စာပိုဒ်တွေ နောက်မှာ အထက်ပါအတိုင်း တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှု အပေါ် ကြိုဆိုပါသည် လို့ ရည်ညွှန်းရေးသားထားတာကို ထောက်ချင့်ကြည့်ရင် လက်ရှိ မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်နေနှင့်ပြီးလို့ အဓိပ္ပါယ်သက်ရောက်တာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ ကြားဝင်ဆောင်ရွက်ခြင်းဟာ အင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်တာကြောင့်လို့ ဆိုရင်လည်း ဆိုနိုင်ပေမယ့် တခြားရှုထောင့်တခုကကြည့်ရင် အိမ်နီးချင်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံဖြစ်လို့ မြန်မာပြည်တွင်းက လက်နက်ကိုင် ပဋိပက္ခလိုမျိုးက အိမ်နီးချင်း တရုတ်နိုင်ငံအပေါ် သက်ရောက်မှုရှိလာနိုင်တာကြောင့် အနည်းနဲ့အများ ပါဝင်ဆောင်ရွက်ခွင့် ရှိတဲ့ သဘောလည်း ခံယူတာမျိုး ၊ အခြားသော အကြောင်းတချက်က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအရ စီမံကိန်းတွေ အများအပြား ရင်းနှီးမြှုပ်နှံထားပြီး ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၊ one belt one road လို ကမ္ဘာလုံးဆိုင်ရာ တရုတ်နိုင်ငံရဲ့ စီမံကိန်းလိုမျိုးမှာ ပါဝင်နေတာ စတဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုးစီးပွားတွေလည်း ရှိတာကြောင့် မြန်မာ့အရေးမှာ တနေရာရာက ပါဝင်ညှိနှိုင်းသူ သို့မဟုတ် ရှိတဲ့ နိုင်ငံရေး သြဇာကို အသုံးချကာ ဖြေရှင်းဖို့ ကြိုးစားတဲ့ နိုင်ငံတနိုင်ငံ အဖြစ်ယူဆထားမှာ သေချာတဲ့အခြေအနေဖြစ်ပါတယ်။ 

မြန်မာ့အရေးမှာ အနောက်အုပ်စုရဲ့ ဦးဆောင်သူ ဖြစ်တဲ့ အမေရိကန် အနေနဲ့ အန်ယူဂျီ အစိုးရကို သံတမန်ရေးအရ ထင်ထင်ပေါ်ပေါ် ထောက်ခံမှုတွေ ပြသတာတွေကိုလည်း တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်မှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ မြန်မာစစ်တပ် အနေနဲ့ တရုတ်နိုင်ငံထက် ရုရှားကို ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရရှိလိုတဲ့ လက္ခဏာတွေ ပြသနေပြီး တဖက်မှာတော့ မြန်မာစစ်တပ်အနေနဲ့ ၄င်းကို ဖိအားပေးနေတဲ့ အမေရိကန် ပြည်ထောင်စုကို တုံ့ပြန်ဖို့ တရုတ်နိုင်ငံရော၊ ရုရှားနဲ့ပါ ဆက်ဆံဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် လက်နက်ဝယ်ယူရရှိဖို့၊ သံတမန်အရေးမှာ ရပ်တည်ပေးဖို့ စတဲ့ ရှုထောင့် နှစ်ခုကကြည့်ရင် စစ်ကောင်စီအနေနဲ့ ရုရှားနဲ့ တရုတ်ကို ကောင်းမွန်တဲ့ ဆက်ဆံရေး ထိန်းသိမ်းထားရမယ့် သဘောလည်း မှန်းဆရပါတယ်။ 

အခုလို အနေအထားမှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့အများစုက အမေရိကန်ထက် တရုတ်နိုင်ငံရဲ့ ကြားဝင် ဖြေရှင်းဆောင်ရွက်မှုကို လိုလားကြောင်း သဘောထားပြသလိုက်တာ ဖြစ်ပြီး တရုတ်နိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘယ်လို အဖြေရှာမှုမျိုးကို ရည်ရွယ်ထားသလဲ ဆိုတာ မှန်းဆကြည့်ဖို့လည်း လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက တဖက်မှာ အခြေခံအားဖြင့် တပါတီအာဏာရှင် စနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံဖြစ်သလို ပြည်တွင်းက သယံဇာတ တူးဖော်မှုတွေမှာလည်း အကျိုးစီးပွားအားဖြင့် ပါဝင်ပတ်သက်နေတဲ့ နိုင်ငံဖြစ်လို့ ယေဘုယျအားဖြင့် ပြည်သူလူထုအနေနဲ့ တရုတ်နိုင်ငံအပေါ် ဆန့်ကျင်တဲ့အမြင်တွေ ရှိနေနှင့်ပြီး ဖြစ်တာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ မြစ်ဆုံလို ကိစ္စရပ်၊ မြေရှားသတ္တုလို ကိစ္စရပ်တွေက သာဓက ဖြစ်ပါတယ်။ 

NUG အနေနဲ့ တရုတ်နိုင်ငံနဲ့ပတ်သက်လာရင် လက်တွေ့ကျတဲ့ မူဝါဒတရပ်ရှိဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာကို အဖြေရှာရေးမှာ သြဇာရှိတဲ့ နိုင်ငံရဲ့ အင်အားကို အသုံးပြုပြီး ကြိုးစားနိုင်မလား၊ တဖက်မှာ ကမ္ဘာ့အရေးမှာ ဆန့်ကျင်ဘက် ၂ နိုင်ငံဖြစ်နေတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား မဟာဗျူဟာရဲ့ နယ်ရုပ်အဖြစ် နေရာချထားခံရတာမျိုး မဖြစ်ရေးကလည်း အရေးကြီးတဲ့ အချက်တချက် ဖြစ်နေတာ သတိထားရမှာ ဖြစ်ပါတယ်။ 

NUG အနေနဲ့ အမေရိကန်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိခြင်းက ဘာတွေ သက်ရောက်မှုရှိနိုင်လဲ တရုတ်နိုင်ငံနဲ့ ကွန်မြူနစ်ပါတီနဲ့ NLD ပါတီအကြား သံတမန်ရေးအရ ဆက်ဆံရေးမျိုး အဆင့်ထက်ပိုတဲ့ NUG နဲ့ တရုတ်အစိုးရတို့အကြား ဆက်ဆံရေး ရှိရင် ဘာအကျိုးရလဒ်တွေ ထွက်ပေါ်လာနိုင်မလဲ စတဲ့အချက်တွေကလည်း စိတ်ဝင်စားစရာ ကိစ္စရပ်တွေ ဖြစ်လာနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar