Breaking News

သီအိုဇော် - ကုလသမဂ္ဂနှင့် မြန်မာ့အရေး အရှိတရား


သီအိုဇော် - ကုလသမဂ္ဂနှင့် မြန်မာ့အရေး အရှိတရား

(မိုးမခ) မတ် ၁၇ ၊ ၂၀၂၃


ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ’နိုလင်းဟေဇာ’ အစီရင်ခံအပြီး သတင်းမီဒီယာများနဲ့ မတ် ၁၆ ရက်နေ့က တွေ့ဆုံပြီး မြန်မာ့အရေးနဲ့ပတ်သက်တဲ့ မေးခွန်းများကို ဖြေဆို ပေးခဲ့ပါတယ်။ သိပ်အကြာကြီးတော့ မဟုတ်ပါဘူး၊ ဆယ်မိနစ်လောက်ရှိတဲ့ ဒီအမေးအဖြေ အစီအစဉ်ကို ဖော်ပြလိုပါတယ်။

ပထမဆုံး ‘အယ်လ်ဂျာဇီးယား’ သတင်းဌာနရဲ့ မေးခွန်းက အထွေထွေညီလာခံမှာ နိုလင်းဟေဇာက အရေးတကြီး အပူတပြင်း လုပ်ဆောင်ကြဖို့ လိုအပ်နေတယ်လို့ ဆိုတာကနေ ဆက်စပ်မေးခဲ့တာပါ။ နိုလင်းဟေဇာအနေရဲ့ အစီရင်ခံမှုထဲမှာ အတော့်ကို စိတ်ဆင်းရဲစရာမြင်ကွင်းတွေ၊ ပြည်သူတွေ လူမဆန်စွာ ကိုယ်အင်္ဂါ အစိတ်အပိုင်း ဖြတ်တောက် ဖျက်ဆီးခံရမှု၊ ခေါင်းဖြတ် သတ်ဖြတ်ခံရမှုတွေကို ထည့်သွင်း ပြောကြားခဲ့ပုံပါပဲ။

ဒီလိုအခြေအနေမျိုးမှာ သူမရဲ့သံတမန်ရေး ချဉ်းကပ်မှု၊ အာဆီယံနဲ့ ပူးပေါင်းလုပ်ဆောင်နေမှုတွေက ထိရောက်မှုရှိနိုင်ပါရဲ့လား၊ ပြီးတော့ အာဆီယံ ကြိုးစားနေတာကလည်း နှစ်ချို့နေပြီ၊ သူ့အနေနဲ့ကတော့ လုံးဝဥဿုံ တိုးတက်မှု မရှိဘူးလို့ မြင်မိတာကိုလည်း မေးခွန်းထဲမှာ မှတ်ချက်ပြု ထည့်ပြောသွားပါတယ်။ နိုလင်းဟေဇာ အနေနဲ့ တခြား နည်းလမ်းတွေ သုံးဖို့ ရှိ၊ မရှိ သိချင်တာပါ။

နိုလင်းဟေဇာက မြန်မာ့အရေးအတွက် ငြိမ်းချမ်းရေးအဖြေရှာတဲ့ လမ်းကြောင်းမှာ အာဆီယံက ဦးဆောင် မောင်းနှင်သူ ဖြစ်တယ်ဆိုတာ အားလုံးသဘောတူထားပြီးသားလို့ ပြန်ဖြေဆိုပါတယ်။အာဆီယံဘုံသဘောထား မူငါးချက်ကို ခိုင်ခိုင်မာမာစွဲကိုင်ထားပြီး အချိန်ဇယားနဲ့ လုပ်ဖို့၊ တာဝန်ခံမှုလည်း ပိုရှိဖို့လိုကြောင်းလည်း ပြောပါ တယ်။သူမ နေပြည်တော် ရောက်ခဲ့စဉ်ကလည်း စစ်ကောင်စီခေါင်းဆောင်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက် တာတွေရပ်ဖို့၊ အရပ်သားတွေနဲ့စပ်ဆိုင်တဲ့ အခြေခံအဆောက်အအုံတွေ မီးမရှို့ဖို့၊ တရားမဲ့စီရင် သတ်ဖြတ်တာ တွေ မလုပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့တို့ကို တိုက်တွန်းခဲ့တယ် ဆိုတာလည်း ထည့်ဖြေဆိုခဲ့ ပါတယ်။

မြန်မာ့အရေးအတွက် အာဆီယံတခုတည်းနဲ့လည်း မလုံလောက်ကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေပါ ရမယ်၊ ဒေသတွင်းဆိုင်ရာ ချဉ်းကပ်မှုတွေလည်း လိုတယ်။ ဘယ်လိုချဉ်းကပ်မှုမျိုးလုပ်လုပ် မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့လိုအပ်ချက်ကို ထင်ဟပ်တဲ့ မြန်မာကသာ ဦးဆောင်တဲ့ ဖြစ်စဉ် ဖြစ်ဖို့လိုအပ်တယ်။ ဒေသတွင်းဆိုင်ရာ ချဉ်းကပ်မှု တခုတည်း ဆိုရင်လည်း မလုံလောက်လို့ အားကောင်းကောင်း စုစည်းမှုရှိရှိ ဗျူဟာကျကျ ဟန်ချက်ညီညီ လုပ်ဆောင်ကြရမယ်လို့လည်း ပြောပါတယ်။ ဒီနေ့ဒီအချိန်မှာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၊ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့ကြတာကိုလည်း ကျေနပ်မိပါတယ်လို့ ဆိုခဲ့ပါတယ်။ ချုပ်ပြီးကြည့်ရရင်တော့ အာဆီယံမူငါးချက်ကို ဗဟိုပြုပြီး ဆက်လျှောက်သွားမယ်လို့ နားလည်ရပါတယ်။

ကျိုဒိုသတင်းဌာနက မြန်မာအနေနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အများကြီးထဲက အရေးအကြီးဆုံးက ဘာဖြစ်ပြီး အဲဒါကို နိုင်ငံတကာအနေနဲ့ ကူညီ ဖြေရှင်းပေးနိုင်တာမျိုးကို သိလိုတယ်လို့ မေးပါတယ်။ နိုလင်းဟေဇာက ဘက်စုံ ကဏ္ဍစုံမှာ ကြုံနေရတဲ့ အခက်အခဲတွေပါပဲ၊ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှု၊ လူမှုရေး စီးပွားရေး အမျိုးစုံပါ။ ဒါကြောင့် အခုအချိန်မှာ လိုအပ်နေတာက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထိထိရောက်ရောက် ရရှိဖို့လို့ ဆိုပါတယ်။

အခုကာလမှာတော့ ဒါတွေ ဖြစ်မလာသေးကြောင်း၊ ဘာကြောင့်လဲဆိုတော့ ပဋိပက္ခဖြစ်တဲ့နေရာတွေ ဖြစ်နေတဲ့အတွက်ဖြစ်ကြောင်း၊ ဒီပြဿနာဖြေရှင်းတဲ့အခါ အမြဲတမ်း ရနိုင်သမျှ လမ်းကြောင်းအားလုံးကို သုံးရမှာဖြစ်ကြောင်း ပြောပါတယ်။ ဒါကိုထောက်ရင် တကယ်လိုအပ်နေသူတွေဆီ ထိထိရောက်ရောက် ပေးပို့နိုင်ဖို့အတွက် လက်တွေ့ မြေပြင်မှာ ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်း၊ မြေပြင်အခြေအနေကို အမှန်တကယ် နှံ့စပ်သိကျွမ်းတဲ့ ဘယ်အဖွဲ့အစည်းတွေနဲ့ မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုလိုတဲ့ပုံပါ။

AP သတင်းဌာနရဲ့ မေးခွန်း ၃ ခုအနက် ဒုတိယမေးခွန်းက စဖြေဆိုခဲ့ပါတယ်။ လုံခြုံရေးကောင်စီမှာ အစီရင်ခံတဲ့နေ့က အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက နိုလင်းဟေဇာကို စစ်ကောင်စီနဲ့ပဲတွေ့ပြီး NUGနဲ့ ပတ်ဘလစ်မှာ မတွေ့တဲ့အကြောင်း ဝေဖန်ခဲ့တာနဲ့ ပတ်သက်တာပါ။ နိုလင်းဟေဇာက အရင်ကတည်းက NUG ခေါင်းဆောင်များနဲ့ ဆွေးနွေးဖူးကြောင်း၊ ဒေသခံအဖွဲ့အစည်းတွေ၊ EAO တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီး အစုအဖွဲ့တွေနဲ့လည်း ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ဖူးကြောင်း ပြောပါတယ်။ သူမရဲ့ချဉ်းကပ်မှုပုံစံက ပြောကြားတာတွေ အရင်နားထောင်ဖို့ ဖြစ်ကြောင်း၊ အမြဲတမ်းပဲ မြန်မာဦးဆောင်တဲ့ ဖြစ်စဉ်ကို ထောက်ခံကြောင်း ဖြည့်စွက်ခဲ့ပါတယ်။

NUG၊ CRPH တို့နဲ့ တွေ့ဆုံတဲ့အကြောင်း သတင်းထုတ်ပြန်တာမျိုးတွေလည်း ‘သူမ’ တွေ့ခဲ့ဖူးကြောင်း၊ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်တုန်းကလည်း NUGရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ လူချင်းတွေ့ဆုံ စည်းဝေးခဲ့ကြောင်း၊ ဒါ့ကြောင့် နားလည်မှုလွဲတာပဲ ဖြစ်ပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ EAOတွေက လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဖိုရမ် ကူညီပြုလုပ်ပေးဖို့ သူမကို ပြောကြားထားတာကိုထောက်ရင် ဒေသခံအဖွဲ့အစည်းရဲ့ ယုံကြည်မှုကိုလည်း သူမ ရရှိထားပါတယ်လို့ ဖြေဆိုခဲ့ပါတယ်။

စစ်ကောင်စီနဲ့ တွေ့ဆုံဖို့ မြန်မာပြည်သွားဖို့ ရှိသေးလားဆိုတဲ့ မေးခွန်းကိုတော့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံမှုမျိုးရှိမှ၊ အပြောင်းအလဲတခု ဖြစ်စေဖို့ ကြားဝင်ဆောင်ရွက်ပေးရဖို့ရှိမှ ဒါမှမဟုတ် အပြောင်းအလဲကို ‘သူမ’မြင်ရတော့မှပဲ ဖြစ်လိမ့်မယ် ဆိုတဲ့သဘော ဖြေဆိုပါတယ်။


နိုလင်းဟေဇာ အထွေထွေညီလာခံကို အစီရင်ခံခဲ့တဲ့အထဲမှာ နှစ်ဘက်လုံးက အနိုင်ရဖို့ပဲ စိတ်ပိုင်းဖြတ် ဆောင်ရွက်နေပုံရတဲ့အတွက် စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်လာနိုင်ဖို့ အလားအလာ မမြင်သေးကြောင်း ပြောကြားခဲ့လို့  စေ့စပ်ညှိနှိုင်းမှု‌တွေ ဖြစ်ပေါ်ဖို့  ကြိုးစားနေတဲ့ သူမက ရှေ့‌ဘာဆက်လုပ်မှာလဲဆိုပြီး နောက်ဆုံးမေးခွန်း မေးထားပါတယ်။

နိုလင်းဟေဇာက ပြန်ဖြေဆိုရာမှာ ကျမတို့ လက်မြှောက်လို့ မဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဥ်ကို ထောက်ခံကူညီကြရမှာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် တွေ့သင့်တွေထိုက် ပြောသင့်ပြောထိုက် ပါဝင်သင့် ပါဝင်ထိုက်သူများနဲ့ ဆက်တွေ့ဆုံကြဖို့ အလွန်အရေးကြီးကြောင်း၊ အကန့်အသတ်တွေ စည်းမျဥ်းကို နားလည် သဘောပေါက်ရမှာဖြစ်ကြောင်း၊ ဒုက္ခခံစားနေရသူတွေကို အာရုံစူးစိုက်ပေးဖို့နဲ့ တိုင်းပြည်ကျိုးပဲ့ ကြေမွမသွားစေဖို့ ဘယ်လို လုပ်ဆောင်ကြမလဲ ဆိုတာကို နားလည်ကြရမှာ ဖြစ်ကြောင်း၊ ထည့်သွင်းဖြေကြားသွားခဲ့ပါတယ်။ တခြား ပြင်ပနိုင်ငံများက ကူညီပါဝင်နိုင်သူ၊ ပါဝင်သင့် ပါဝင်ထိုက်သူများကိုလည်း အသုံးပြုရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆုံးမတော့ ကျမတို့အားလုံး လိုချင်တာက မြန်မာနိုင်ငံသား အားလုံးအတွက် ပိုတရားမျှတ၊ ပိုဒီမိုကရက်တစ်ကျတဲ့ ပြည်ထောင်စုကို ရှေးရှုဦးတည်တဲ့ လှုပ်ရှားမှုပါပဲလို့ အဆုံးသတ် ဖြေကြားခဲ့ပါတယ်။

အထွေထွေညီလာခံကို တင်ပြခဲ့တာတွေထဲမှာ မျက်မှောက်အခြေအနေကို ထင်ဟပ်ပြီး စစ်ကောင်စီ မကြားချင်တဲ့ စကား ပါဝင်ပါတယ်။ ပြည်သူလူထုက စစ်ကောင်စီအပေါ် ယုံကြည်မှု မရှိဘူး ဆိုတာပါ။ ညီလာခံနဲ့ သတင်းမီဒီယာကို ဖြေကြားခဲ့ပုံများအရဆိုရင်တော့ နိုလင်းဟေဇာရဲ့ ခရီးစဉ်ကို လောလောလတ်လတ် မြင်တွေ့ရဖို့ မလွယ်သေးဘူးလို့ပဲ ဆိုရပါလိမ့်မယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar