Breaking News

နီမင်းထက် - ဖျားနေတုန်းမို့ကောက်ရိုးတမျှင်ဆိုပါတော့

ဖျားနေတုန်းမို့ကောက်ရိုးတမျှင်ဆိုပါတော့
နီမင်းထက်
(မိုးမခ) မတ် ၃၀၊ ၂၀၂၃

သစ်ပင်တွေကို ရူးနေတဲ့လေကချွန်ချလိုက်သလို ခြေဆုံးခေါင်းဆုံးအပူရုပ်ဖြစ်လည်း လေစိမ်းတွေဝင်မတိုက်ရင် ကမ်းခြေဟာအပန်းဖြေစခန်းပဲ
ရုန်းနေချိန်မှာရုံးနေပြီး ကျွေးတဲ့လက်ပြန်ကိုက်မှာ ငုတ်တုပ်ငိုက်နေတဲ့အမှောင်ရဲ့ဘုန်းမီးနေလဟာ တံတားဂိတ်က သွားရည်တများများခွေးရူးကို မီးလောင်ရာလေကပင့်လို့ 
အရပ်ဝတ်အရပ်စားနဲ့အရပ်သားမဟုတ်သူတွေ အရွယ်သုံးပါးမရွေးစားသုံးအုပ်လုံးသိမ်းစုစည်း ယစ်မျိုးမှည့်ထင် သခင်ရဲ့အားနဲ့ခိုးလုပြီးကျွန်ပါးဝဖီးလာရင်လည်း လှောင်အိမ်ဟာနေပါစေလေကိုယ့်ချစ်သူမို့ပဲ
ငြင်းကွက်ရှာမတွေ့တာတောင် သတင်းထဲမှာတော့ သားဆက်ခြားစနစ်အရ စီးကရက်ဗူးဟာ အဆုတ်ကင်ဆာဆိုတာကို ဥပဒေနဲ့အညီလို့ထုတ်ပြန်ထားတယ်
အမှုန်အမွှားတွေ ဇကောဇကာနဲ့ဝိုင်းပြာချ ကိုယ့်ဆန်နဲ့သူ့ထမင်းဖြစ် ကိုက်လမ်းဟာအားကောင်းမောင်းသန် သစ္စာတရားဖြစ်ခဲ့ပေါ့ ညတွေကအလွမ်းကိုစေ ကြယ်တွေအိပ်လို့မပျော်ရှာဘူး
အဲ့ဒီအင်္ဂါအစပ်ကိုဘယ်စိတ်နဲ့ပဲငုံခဲထားထား အချိုကုန်သွားတဲ့ပီကေဟာ အဖျားပျောက်မှာလို့အကြံဖြစ်ရင် သေးငေါ့ပန်းပြီးကျေးဇူးကန်းမှာပဲ
မစို့မပို့ပေးလို့ဆိုပြီး ခိုးရာပါပစ္စည်းတွေရဲ့ ပစ္စယေနပစ္စယောဟာ စင်ပေါ်မှာအပူဇော်ခံလို့
မမြင်ရခင်က သမင်မမွေးလိုက်ကျားစားလိုက်ဟာ လမ်းပခုံးပေါ်မီးမလင်းတဲ့ဓာတ်တိုင်တွေလိုအမြဲအသင့်ရပ်နေတယ်
ဆိုတော့ ပြုံးပြလိုက်ပါဦး ကမ္ဘာကြီးရဲ့ပန်းပွင့်တာက မျက်ဝန်းထဲမှာလေ။ ။

၁၂.၃.၂၃ 
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar