စစ်ကိုင်းတိုင်းက ကျေးရွာတချို့ စစ်ကြောင်းဝင်ပြီး အရပ်သား သေဆုံးမှုတွေရှိနေ၊ တနင်္သာရီမှာလည်း တိုက်ပွဲပြင်းထန်
မြန်မာနွေဦး ခရိုနီကယ် - မတ် ၂၉ မြင်ကွင်း
(မိုးမခ) မတ် ၃၀၊ ၂၀၂၃
စစ်ကိုင်းတိုင်းက ကျေးရွာတချို့ စစ်ကြောင်းဝင်ပြီး အရပ်သား သေဆုံးမှုတွေရှိနေ၊ တနင်္သာရီမှာလည်း တိုက်ပွဲပြင်းထန်
ဒီနေ့သတင်းတွေထဲမှာတော့ စစ်ကိုင်းတိုင်းက ဒီပဲယင်းမြို့နယ်ထဲက စိုင်ပြင်ကျေးရွာမှာ စစ်ကြောင်းဝင်ပြီး အရပ်သား ၂ ဦးသေဆုံးတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့တဲ့ သတင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသအနီးက ကျေးရွာတွေကိုလည်း စစ်ကြောင်းဝင်နေတာကြောင့် ကျေးရွာက လူထုတွေ တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ သတင်း၊ တနင်္သာရီတိုင်း တနင်္သာရီ-မောတောင် သွားတဲ့လမ်းမှာ တိုက်ပွဲပြင်းထန်နေတဲ့ သတင်းတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ် ကျုံဒိုး၊ ကော့ကရိတ်နဲ့ မြဝတီ တဝိုက်က တိုက်ပွဲသတင်းတွေတော့ ထပ်မံဖေါ်ပြတာ မတွေ့ရသေးပါဘူး။
စစ်ကိုင်းတိုင်း ဒီပဲယင်း အရေးအခင်း ဖြစ်ပွားခဲ့ဖူးတဲ့ နေရာအနီးက ကျေးရွာဖြစ်တဲ့ စိုင်ပြင်ကျေးရွာကို ခုရက်ပိုင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်စဥ်မှာ ကျေးရွာသား ၂ ဦးကို ပစ်ခတ်သတ်ဖြတ် ခဲ့တယ်လို့ သတင်းတွေထဲ ဖေါ်ပြထားတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဒီပဲယင်းမြို့နယ်မှာ ကျေးရွာအများအပြားကို စစ်ကြောင်းဝင်တာ မီးရှို့တာ ပီဒီအက်ဖ် သို့မဟုတ် ထောက်ခံသူလို့ သံသယနဲ့ စွပ်စွဲမှုနဲ့ ကျေးရွာက အရပ်သားတွေအများအပြားလည်း သတ်ဖြတ်ခံရတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ နေအိမ်တွေ အများအပြားဆုံးရှုံးကြရသလို ဆန်စပါး၊ ပဲ စတဲ့ ရိက္ခာတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ကြရတာ ဖြစ်ပါတယ်။
ဒီနေ့သတင်းတွေထဲ စစ်ကြောင်းဝင်လာတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ စစ်ကိုင်းတိုင်းထဲက နောက်ဒေသတခုက တော့ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတချို့ဖြစ်ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရှိရာ အနီးက ကျေးရွာတွေကိုစစ်ကြောင်းဝင်တာဖြစ်ပြီး ကျေးရွာက ဒေသခံ ထောင်နဲ့ချီကာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ မကြာသေးခင် ရက်ပိုင်းက တရုတ်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ဦးပိုင်တို့ အကျိုးတူ လုပ်ကိုင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဝင်းထဲကို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် အခုလို ကျေးရွာတွေကို စစ်ကြောင်းထိုးတာလို့ လည်း ယူဆရပါတယ်။ လက်ပံတောင်းတောင် ဒေသက အခုလို အာဏာသိမ်းမှုတွေ မဖြစ်ခင် ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ကြေးနီစီမံကိန်းကြောင့် အနီးအနားက ကျေးရွာတွေက စိုက်ပျိုးရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို ဒေသခံတွေ ဆန့်ကျင်ရာက မကြာခဏ ဆန္ဒပြမှုတွေ ဖြိုခွဲမှုတွေ ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်တော့ အရင်ကလို ဆန္ဒပြမှုမျိုးတွေထက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက တိုက်ခိုက်မှုမျိုးတွေ ကြေးနီစီမံကိန်းက ရတဲ့ ကြေးနီတွေ သယ်ယူတဲ့ ကားတန်း တိုက်ခိုက်ခံရတာမျိုးတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာအပြီး စစ်ကိုင်းတိုင်းရဲ့ မြို့နယ်တွေက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ယခင်ထက် လူအင်အားများတဲ့ စစ်ကြောင်းထိုးတာ၊ ယခင်ထက် အရေအတွက်များတဲ့ အကြိမ်ရေများတဲ့ စစ်ကြောင်းဝင်တာတွေ ၊ ပိုပြီး ရက်စက် ကြမ်းတမ်းစွာ ပြုမူတာတွေ လုပ်ဆောင်နေတာလည်း သတင်းတွေထဲမှာ ဖတ်ရှုရပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာအပြီး ၂ လခန့်အကြာမှာ စစ်ကိုင်းတိုင်းကို စစ်ကောင်စီ စိုးမိုးမှုက သိသိသာသာ မြင့်တက်လာတာ မတွေ့ရသေးပါဘူး။ စစ်အုပ်ချုပ်ရေး ကြေညာတာ ဘာထူးခြားမှုရှိသလဲလို့ ဆန်းစစ်ကြည့်ရင် လက်နက်ကိုင် တပ်ဖွဲ့ဝင်မဟုတ်တဲ့ အရပ်သားတွေ အနေနဲ့ PDF တွေကို ထောက်ပံ့မှု၊ အားပေးမှု၊ ဆက်သွယ်မှုတွေ နဲ့ပတ်သက်လို့ ဖမ်းဆီးခံရရင် မတန်တဆ ပြစ်ဒဏ်တွေ ချမှတ်ခံရမယ့် အန္တရာယ် ပိုများလာတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကျေးရွာမဟုတ်တဲ့ မြို့တွေမှာ ပိုပြီးချုပ်ချယ်ကန့်သတ်မှု တိုးမြှင့်လိုက်တာ ကန့်သတ်လိုက်တာတွေ များလာတာ တွေ့ရပါတယ်။
မိုင် ၈၀ ကျော်ရှည်လျားတဲ့ မန္တလေး စစ်ကိုင်းလို ကားလမ်းကိုလည်း စစ်ကောင်စီဘက်က အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိတာတွေ့ရပါတယ်။ ခုရက်ပိုင်း မုံရွာက မန္တလေးကိုသွားခဲ့တဲ့ ခရီးသွားတဦးက ပြောဆိုရာမှာ ကားလမ်းနဘေးမှာ လက်လုပ်မိုင်းတွေ ဆင်ထားတာ မျက်စေ့နဲ့မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ လမ်းတလျှောက် ဒါဇင်နဲ့ချီတဲ့ လက်လုပ်မိုင်းတွေကို သတိပြုမိပြီး ကားသမားတွေလည်း ဒီလို မိုင်းဆင်ထားတာကို သတိပြုမိကြတယ်ဆိုပါတယ်။ စစ်ကောင်စီ ကားတန်းတွေ လာရင်အဝေးကနေ ဖောက်ခွဲနိုင်အောင် တပ်ဆင်ထားကြတာမျိုး ဖြစ်ပါတယ်။ ဒီအခြေအနေတွေကတော့ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေ ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ တနင်္သာရီတိုင်းထဲက လက်နက်ကိုင် တိုက်ပွဲ သတင်းပဲဖြစ်ပါတယ်။ တနင်္သာရီတိုင်းထဲမှာရှိတဲ့ တနင်္သာရီမြို့ နဲ့ ထိုင်းနယ်စပ် မောတောင်ကို ဆက်သွယ်ထားတဲ့ ကားလမ်းနဘေး မှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တနင်္သာရီဒေသဟာ ကေအန်ယူ တပ်မဟာ အမှတ် ၄ နယ်မြေဖြစ်ပေမယ့် ကေအန်ယူနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားတာထက်ကို PDF တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတာက အများစု ဖြစ်တာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar