ကမ္ဘာတိုင်ဆုံးမောင်စစ်မုန်း - စစ်ခွေးနိဂုံး နှစ်ဆယ့်သုံး
ကမ္ဘာတိုင်ဆုံးမောင်စစ်မုန်း - စစ်ခွေးနိဂုံး နှစ်ဆယ့်သုံး
(မိုးမခ) မတ် ၂၉ ၊ ၂၀၂၃
ဒါဟာ တပ်မတော်နေ့ နိဂုံးပေါ့။
27/3/2023 ဟာ နောက်ဆုံးအကြိမ် ကျင်းပတဲ့ တပ်မတော်နေ့ပေါ့။
ခုက သူ့နာမည်ရဲ့ သဘောအမှန်ကို အကြောလှန်နေချိန်လေ။
အလေးပြုခံစင်မြင့်မှာ လက်ကလေးမြှောက်ပြီး တူရူတည့်တည့်က အလေးပြုနေကြတဲ့ စစ်သည်တွေကို မကြည့်နိုင်ဘဲ ယဲ့ယဲ့ပျော့ပျော့ အပေါ်မော့ပြီး မကြော့ကျဲတဲ ပြိုကွဲအကြည့်လေးနဲ့ ကြည့်နေတဲ့ မအလရဲ့ ကာချုပ်ပုံရိပ်ဟာ တပ်မတော်ရဲ့နိဂုံးဆိုတာကို ပြသနေပါပြီ။
တပ်မတော်ဆိုတာ တပ်မရယ် တော်ရယ် ပေါင်းထားတဲ့ စကားလုံး။ တပ်မကတော့ စစ်တပ်ပေါ့။ တော်က မြင့်မြတ်ခြင်း။ ဆရာတော် နန်းတော် စေတီတော်လိုမျိုးသဘောနဲ့သုံးတဲ့ တော်။
တပ်ဟာ မမြင့်မြတ်တာ ကြာပြီလေ။ စစ်တပ် ဆိုတဲ့ အဓိပ္ပာယ်သာ ကျန်တော့။ မမြင့်မြတ်တဲ့ တော်မပါတဲ့ စစ်တပ်မှာ ဗလ = ဗိုလ်ဆိုတာလဲ ဗလငါးတန် ပြည့်လျှံတဲ့ဗိုလ်မဟုတ်တော့ဘဲ ဗလက္ကာယဆိုတဲ့ အင်အားနဲ့အနိုင်ကျင့်တဲ့ဗိုလ်တွေ စုစည်းထားရာ ဖြစ်သွားတာလေ။
အနိုင်ကျင့်ရာကနေ ညစ်ပတ်မယ်၊ နှိပ်စက်မယ်၊ သတ်ဖြတ်မယ်၊ မီးရှို့မယ်၊ မုဒိမ်းကျင့်မယ်၊ လုပ်ချင်ရာလုပ်မယ်။ ဒါတွေဟာ မြန်မာ့စစ်တပ်ရဲ့ ကိုယ်ပိုင်လက္ခဏာတွေ ဖြစ်လာ။ ဒီလုပ်ရပ်တွေနဲ့ အသားကျလာ။ စစ်သားတွေက ဒါမျိုးလုပ်ရတာကို စစ်သည်ချင်းကြားတင် မဟုတ်၊ မိသားစုထမင်းဝိုင်းမှာပါ အသားကျ ပြောဆိုလာ။
တဖြည်းဖြည်း နယ်စားပယ်စား ထင်လာ၊ တပ်ပိုင်သိမ်းလာ။ နောက်တော့ စစ်တပ်သည် နိုင်ငံတော်။ သူတို့ကို ပြန်ပြောရင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဖြစ်လာ။ စစ်ဗိုလ်ဟာ ကိုယ့်ကိုယ်ကိုယ် နိုင်ငံ့ဖခင် ထင်လာ။ ပြောရရင် စိတ်ရောဂါ ဗရပွနဲ့ အုပ်ချုပ်တော့တာ။
ဒီစစ်တပ်ရဲ့ မူမမှန် အယူမမှန်မှုကို သိနေတဲ့သူတွေက တော်လှန်ရေးလုပ်လာ။
၆၂ မှာ တိုင်းပြည်ပြိုကွဲမဆိုးလို့ဆိုပြီး အာဏာသိမ်း။ ပြီးတော့ နိုင်ငံရေးစကားပြောရင်း ဝေ့လည်ကြောင်ပတ်နဲ့ ဘောင်းဘီ မသိမသာချွတ်ပြီး အရပ်သားအစိုးရလိုလို လုပ်လာ။ တဖြည်းဖြည်းနဲ့ နိုင်ငံရေးအမြော်အမြင်မရှိ၊ ပိတ်တာ ဆို့တာကလွဲ ဘာမှမလုပ်တတ်တဲ့ စစ်သားတွေဆိုတော့ တိုင်းပြည်က ချွတ်ခြုံကျလွန်းမက ကျလာလို့ ၈၈ အရေးတော်ပုံ ပေါ်လာ။ အဲဒါကိုပဲ တိုင်းပြည်ချောက်ထဲကျရန် လက်နှစ်လုံးသာ လိုတော့တယ်ဆိုပြီး အာဏာ ထပ်သိမ်း။
သိမ်းပြီး ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတော့ ပြည်သူက တပါတီစနစ်ကနေ ပါတီစုံစနစ်ကူးပြောင်းတာဘဲ၊ နိုင်ငံရေးအခြေတဆင့်မြင့်လာတာဘဲဆိုပြီး အဲဒါကို လက်ခံကာ ပါတီမှတ်ပုံတင်ကြ။ အာဏာလွှဲမယ်လို့ ယုံတာတော့မဟုတ်။ ဒေါ်စုကိုယ်တိုင် အာဏာလွှဲမယ်မဟုတ်ဆိုတာကို အမတ်ရူး ရူးပြီး နေရာလုနေတဲ့သူ့အမတ်လောင်းတွေကို ရွေးကောက်ပွဲပြီး အာဏာရမယ်မထင်နဲ့၊ မျိုးဆက်တဆက်စာ တိုက်ရအုံးမယ်လို့ ရွှေဘိုခရီးစဉ်မှာ ပြောခဲ့တယ်။
၉၀ ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံရေးဆွဲဘို့သာဖြစ်တယ်ဆိုပြီး ရွေးကောက်ပွဲပြီး၊ အနိုင်ရပါတီကို အာဏာလွှဲပြီး စစ်တန်းလျားပြန်မယ်ပြောတဲ့ စစ်တပ်က အရူးကွက် နင်းပြတယ်။ တခါ အဲဒါကို လက်ခံပေးလိုက်ပြန်တော့လဲ ဖွဲ့စည်းပုံဟာ တဖွဲ့ တပါတီရဲ့ကိစ္စ မဟုတ်ဘူး ဖြစ်ပြန်ရော။ နိုင်တဲ့ပါတီအစား စစ်တပ်ကပဲ ခပ်တည်တည်ထိုင်ပြီး ဆွဲကြတယ်။
ဒါပေမဲ့ အဲဒီဖွဲ့စည်းပုံကဘဲ သူတို့အတွက် ကျားမြီးဖြစ်နေပြန်သေးတာကိုး။ ဆွဲမိတော့ လွှတ်မရတော့ဘဲ ပြီးရောင်ဆွဲရ။ မပြီးချင်လို့ ဝေ့ဝိုက်ကွေ့ပတ်နေပေမယ့် ပြည်သူ့နိုင်ငံရေးလှုပ်ရှားမှုအမျိုးမျိုးကြောင့် ၂၀၀၈ ခြေဥဆို ဖြစ်လာရရော။
အဲတော့ ဒီမိုကရေစီအနံ့လေးနည်းနည်းထည့်ထားတဲ့ ခြေဥနဲ့အညီ ရွေးကောက်ပွဲလုပ်ရပြန်ပြီပေါ့လေ။
တစည တဖြစ်လဲ မဆလပါတီက ၉၀ မှာ ခွက်ခွက်လန်ရှုံးခဲ့တာဆိုတော့ အားမကိုးရဲတာရော၊ ချန်ထားချင်တာရောပေါင်းပြီး သူ့အစား ကြံ့ဖွတ်ကို ကြိုပြင်ထားတယ်လေ။ တပ်ကဖြုတ်ချင်သူတွေဖြုတ်ပြီး မလှုပ်နိုင်အောင် အကျယ်ချုပ်ချတဲ့နေရာလဲ ရတာကိုး။ အဲဒီမှာ NLD ပြိုင်ရင် မနိုင်နိုင်အောင်၊ သူတို့ မဲရအောင် အစ္စလာမ်ဘာသာဝင်တွေကို ဓားစားခံထားပြီး အောက်လမ်းနည်းမျိုးစုံသုံး ပြင်ဆင်ထားတာတွေလည်း ရှိတယ်။ အဲဒီဟာတွေကလည်း ဒေါ်စုက ရွေးကောက်ပွဲမဝင်ဘူးဆိုတော့ ခက်ကြီးကြုံရော။ အငိုက်မိသွားတာက ပြိုင်ပွဲစည်းကမ်းအရ တယောက်တည်း ပြေးလဲ ပထမပေးလိုက်ရတာလေ။ အဲဒီမှာ ဘောင်းဘီကျွတ်ကြံ့ဖွတ်ပါတီကို အာဏာ လွှဲလိုက်ရရော။ အဲဒီလို အာဏာလွှဲလိုက်ရတာကို ဘောင်းဘီဝတ်တွေက တစက်မှ မကျေနပ်ဘူး။ သူတို့က ဗလက္ကာယ စစ်ဗီဇရသွားသူများပီပီ စစ်သားမဟုတ်တော့ရင် ဘယ်သူ့ကိုမှ တိုင်းပြည်အုပ်ချုပ်ခွင့် မပေးချင်တော့။ သူတို့ဆရာတွေဆိုပြီး စာရင်းထဲထည့်တာမဟုတ်ဖူးလေ။ သူတို့အလှည့် ပြီးသွားပြီ၊ သူတို့အလှည့်တုန်းက သူတို့လုပ်ချင်ရာ လုပ်ပြီးပြီ၊ ဒါ ဒို့အလှည့်လို့ သဘောထားကြတာ။ ဒါလဲ ဗလက္ကာယ စစ်ဗီဇတခုပါပဲ။ ကာချုပ်ဟောင်း နေဝင်းအပေါ် အဲဒီတုန်းက ကာချုပ်သန်းရွေရဲ့သဘောထားက သက်သေပါပဲ။
ရွေးကောက်ပွဲမှာ NLD ကို ထိုးနှက်ဖို့ သူတို့ပြင်ဆင်ခဲ့တဲ့၊ ၂၀၁၀ ရွေးကောက်ပွဲမှာ မသုံးလိုက်ရတဲ့ အောက်လမ်းနည်းတွေကို ဘာသာရေး လူမျိုးရေးပဋိပက္ခအဖြစ်အသွင်ပြောင်းပြီး NLDက သာသနာ့ရန်သူ၊ ရခိုင်တွေရဲ့ ကယ်တင်ရှင်၊ သူကတော့ သာသနာ့ဒါယကာမင်းမြတ်ဆိုတဲ့ တချက်ခုတ် သုံးချက်ပြတ်အစီအစဥ် အကောင်အထည်ဖော်ခဲ့တယ်။ ဒါပေမယ့် ပြည်သူက သူတို့တွန်းချတဲ့ချောက်ထဲမကျတဲ့အပြင် စစ်တပ်က ကိုယ့်အတတ်ကိုယ့်စူး ကိုယ့်ရူးကိုယ်ပတ် မတတ်နိုင်စွာ အာဏာလွှဲပေးပြီးလိုက်ချိန်ကြမှ ဒေါ်စုဟာ လေကလေးချွန်ပြီး လွှတ်တော်ထဲကို ဆင်မယဉ်သာ လှမ်းဝင်လာ။ 2015မှာ ရွေးကောက်ပွဲနည်းနဲ့ ကျွတ်အရပ်သားဆီကဘဲ ဝတ်တမတ်သားပါ ရောလက်ခံပြီး အာဏာယူလိုက်တယ်။ ကြံ့ချုပ်မှူးကြီးသန်းရွှေဆောက်ခဲ့တဲ့နေပြည်တော်မှာ ကြံ့တယောက်မှမရှိတဲ့ဘဝရောက်သွားတယ်။ တမတ်သားလဲ နိုင်ငံရေးနဲ့ ဇာတ်ခြားတာ ထင်းထင်းကြီးပေါ်လာတယ်။ ဒေါ်စုနဲ့ NLD ဘေးကြပ်အောင် သူတို့ ဖန်တည်းခဲ့တဲ့ဘာသာရေး လူမျိုးရေးအဓိကရုဏ်းနဲ့ ပြစ်မှုတွေကို ဒေါ်စုနဲ့ NLDကဘဲ ဝင်ပါဖြေရှင်းပေးခဲ့တယ်။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကတော့ တမတ်သားထည့်ထားရုံနဲ့ မလုံခြုံတော့၊ ရွေးကောက်ပွဲနည်းနဲ့ စစ်အုပ်စုအာဏာအနံ့တောင် ပျောက်ကိန်းဆိုက်လာတော့၊ ဗလက္ကာယ စစ်ဗီဇကလည်း ထကြွလာတော့၊ အစွယ်တကားတကားနဲ့ သားရေတမြားမြားလဲ ထွက်လာတော့ အာဏာသိမ်းလိုက်တော့တာပေါ့လေ။
ကိုဗစ်တိုက်ဖျက်ရေးမှာ အစိုးရနဲ့ တသားတည်းကျသွားတဲ့ပြည်သူဟာ...
စစ်တပ်ကို နိုင်ငံရေးအရ နားလည်မှုပေးထားတဲ့ ပြည်သူဟာ...
ဒီအာဏာသိမ်းမှုမှာတော့ တပ်မတော်ကို နိုင်ငံရေးအရ သည်းခံစိတ်ကုန်ခန်းသွားတဲ့ ပြည်သူဖြစ်ကာ ကိုယ့်လုပ်လက်စတွေ အကုန်ရပ်၊ လမ်းပေါ်တက်လာ၊
အိုင်တီခေတ်ကြီးမှာ တကမ္ဘာလုံးရောက် ပြည်သူတွေအပါ တပြည်လုံးက လူမျိုးစုံဟာ တသားတည်း ပေါင်းစပ်ကာ တပ်ကို နိုင်ငံရေးကနေ အမွေပြတ်ကြော်ညာလိုက်တော့တာ။
ဓမ္မနဲ့ အဓမ္မ
ဒါဟာ ဓမ္မနဲ့ အဓမ္မတိုက်ပွဲ
အရင်က မင်းဘာဖြစ်ခဲ့ဖြစ်ခဲ့
ခု မင်း ဘယ်ဘက်ကလဲ ငါ ဘယ်ဘက်ကဘဲ ခွဲ
အဓမ္မဘက်သားမှန်သမျှ လူမှုရေးပြစ်ဒဏ်ချ
အဓမ္မတွေ
လုံးဝ အုပ်ချုပ်၍ မရစေရ
ဝန်ထမ်းတွေ CDM ကြ
တပြည်လုံးက ပြည်သူတွေက ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်ရွာမှာတင် တော်လှန်ရေးတပ်တွေထောင်ကြ
တကမ္ဘာလုံးကပြည်သူတွေကလဲ ထောက်ပို့တပ်ကြီးဖြစ်
ခေတ်ကြီးကို ကောက်ရွှေ့ပစ်လိုက်ကြ
စစ်တပ်မပါတဲ့ နိုင်ငံရေးခေတ်ကြီး။
နောက် နေ့စဉ်ရက်စက် ဖမ်းဆီး နှိပ်စက် မုဒိမ်းကျင့် မီးရှို့ သတ်ဖြတ် ဖျက်ဆီး မိုက်လုံးကြီးလွန်းတဲ့၊ တော်မပါတော့တဲ့ စစ်တပ်ကို ခွေးတပ်လို့ နာမည်ပေးကင်ပွန်းတပ်လိုက်ပြီး တပ်တခုလုံး ဖျက်သိမ်းပစ်ဖို့ ဆုံးဖြတ်လိုက်ကြ။ ခွေးတပ်ဆိုတာ လူစာရင်းပါ ဖြုတ်လိုက်တာ။ တိုင်းပြည်အုပ်ချုပ်ဖို့ထား၊ ကာကွယ်ရေးတာဝန်တောင် မပေးနိုင်တော့တာ။
ပြီးတော့ တရစပ် တိုက်ပွဲဆင်နေတော့တာ။ စစ်တပ်ရှိသ၍ တော်လှန်ရေး ရှိနေတော့မှာ။ စစ်တပ်မရှိတော့မှ လုပ်လက်စအလုပ်တွေ ပြန်လုပ်ကြတော့မှာ။ စစ်တပ်ကို လူ့အဖွဲ့အစည်းထဲမှာကို မထားတော့မှာ။
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar