Breaking News

ဒေါက်တာတင့်ဆွေ - တို့စာ တို့စကား တို့တိုင်းပြည် (၂)

တို့စာ တို့စကား တို့တိုင်းပြည်
ဒေါက်တာတင့်ဆွေ
(မိုးမခ) မတ် ၁၂၊ ၂၀၂၃

(၂)

တို့တိုင်းပြည်မှာ တို့စာကို မှန်အောင်မရေးတတ်သူတွေနဲ့ တို့စကားကို မှားပြောသူတွေ များနေသည်။

ဆရာခင်ဗျား ဆရာကြီး ဦး ( - ) ကတော့ မြန်မာစာကို ဘယ်သူမှ မပိုင်ပါဘူးတဲ့။ မြန်မာစာကို မြန်မာစာ အဖွဲ့ကသာ ပိုင်ပါသတဲ့။ သူက ၁၉၈၆ က မြန်မာအဖွဲ့က ပြုစုထားတဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ပြောပါတယ်။ ဒါပေမဲ့လည်း အဲဒီသတ်ပုံကျမ်းမှာလည်း ‘တ’ တွေကို ‘တစ်’ လုပ်ထားသလားလို့ ဆရာ။ ဆရာ့အမြင်လေး သိပါရစေ ဆရာ။

သူများတိုင်းပြည်တွေမှာတော့ လူရယ်စရာကောင်းတဲ့ မေးခွန်း။ မြန်မာစာပေါ်တာ ပုဂံခေတ်ကတည်းက။ မြန်မာစာအဖွဲ့က ၁၉၇၅ ကျမှ ဖြစ်လာတာ။ မြန်မာစာအဖွဲ့မပေါ်မီက မြန်မာစာကိုဘယ်သူက ပိုင်သလဲ။ ဘုရင်တွေလား၊ အစိုးရတွေလား။ ဦးလတ် (၁၂၂၈ - ၁၂၈၃) က စပယ်ပင်ဝတ္ထု၊ ရွှေပြည်စိုးဝတ္ထုတွေကို ဗြိတိသျှကိုလိနီခေတ်မှာ ရေးပါတယ်။ တနန်းပျော်ရင်သွေးတော်ဝတ္ထုထဲမှာ တနန်းပျော်၊ တပင်တိုင်၊ တထီးတနန်းလို့သာ ရေးကြပါတယ်။ အဲဒီစာလုံးတွေဟာ အခုခေတ်ပေါ်မြန်မာစာအဖွဲ့လက်ထက်မှာ ပျက်ကုန်တယ်။ “ဦးလတ်စာတွေကို ဦးလတ်သာပိုင်ပြီး ဂျော့ဘုရင် မပိုင်ပါ။” အခုခေတ်မှာ ‘တပင်တိုင်’ ကို မြန်မာစာအဖွဲ့က စသတ်စေတဲ့။ သူပိုင်လို့လား။

မြန်မာစာအဖွဲ့သမိုင်းကြောင်း

၁၉၆၃ ခုနှစ် ဩဂုတ်လမှာ တော်လှန်ရေးကောင်စီအစိုးရက မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်ကို ဖွဲ့စည်းတယ်။ ၁၅-၉-၁၉၇၂ ရက်နေ့မှာ မြန်မာစာကော်မရှင်လို့ အမည်ပြောင်းတယ်။ ၁၉၇၅ မှာ မြန်မာစာအဖွဲ့ ဖြစ်လာတယ်။ ၁၉၈၁ မှာ မြန်မာစာအဖွဲ့ဦးစီးဌာနနဲ့ ၂၀၁၅ ခုနှစ်မှာ မြန်မာစာနှင့် ဘာသာစကား ပညာရေး ဦးစီးဌာနလို့ ပြောင်းလဲ ဖွဲ့စည်းတယ်။ မြန်မာစာအဖွဲ့ဆိုတာလည်း အစိုးရတွေလိုဘဲ ကာလတခုနဲ့တခု၊ ခေတ်တခုနဲ့တခု အတော်ကို မတူပါ။ မြန်မာစာအဖွဲ့အမည်နဲ့ ထုတ်တဲ့ မြန်မာအဘိဓာန်တွေက မတူပါ။
“အဟောင်းနဲ့ အသစ်ဟူသည်မှာ တချို့အသစ်တွေက အဟောင်းထက် ပိုကောင်းပြီး၊ တချို့အသစ်တွေက အဟောင်းထက် ညံ့ဖျင်းပါသည်။”

မြန်မာစာအဖွဲ့ထုတ်တဲ့ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၇- ခုနှစ်၊ စက်တင်ဘာ) အတွဲ ၁၊ က-စ
ကျမ်းဦးစကား
ခေတ်မီအဘိဓာန်ကျမ်း

မြန်မာတို့တွင် ဝေါဟာရကြွယ်ဝသော ဘာသာစကား၊ အဆန်အသင့် ပြည့်စုံသော အဆင့်အတန်းမြင့်သော စာပေရှိခဲ့သည်မှာ နှစ်ပေါင်းတထောင်နီးပါးမျှပင် ကြာပြီဖြစ်သည်။ သို့တစေ ဘာသာစကားနှင့် ထိုက်တန်သည့် စာပေနှင့်ပြီးပြည့်စုံသောခေတ်မီမြန်မာအဘိဓာန် ကင်းမဲ့နေသည်မှာ မြန်မာဘာသာစကားနှင့် မြန်မာစာပေအတွက် ကြီးမားသော ဟာကွက်တခု ဖြစ်သည်။ ကိုယ့်မင်းကိုယ့်ချင်းခေတ် မြန်မာဘုရင်များ လက်ထက်ကလည်း မရှိခဲ့။ တိုင်းတပါးသားလက်အောက် ကျရောက်ခဲ့သော ကိုလိုနီခေတ်ကလည်း မရှိခဲ့။ ဝေါဟာရတ္ထပကာသနီ၊ ပေါရာဏလိနတ္ထဒီပနီ၊ တွင်းသင်းပေါရာဏကထာ စသည့်ကျမ်းကြီးများသည် ဝေါဟာရတို့၏ အနက်ကို ဖော်ပြထားသဖြင့် အဘိဓာန်သဘော ပါဝင်သည်ဆိုနိုင်ငြားလည်း ခေတ်မီ အဘိဓာန်မျိုးကား မဟုတ်ချေ။ သို့ဖြစ်ရာ မြန်မာဘာသာစကားနှင့် မြန်မာစာပေအတွက် ပြီးပြည့်စုံသော ခေတ်မီအဘိဓာန်ကျမ်းတစောင်မှာ မရှိလျှင်မဖြစ်၊ မရှိလျှင်မသင့်လျော၊ အထူးလိုအပ်လျက် ရှိပေသည်။

ဒုတိယကမာ္ဘစစ်ကြီးအတွင်း ၁၉၄၄ ခုနှစ်တွင် မြန်မာနိုင်ငံပညာတံခွန်အသင်းကို နိုင်ငံအစိုးရ၏ အကူအညီဖြင့် တည်ထောင်ခဲ့၏။ ထိုအသင်း၏ လက်အောက်တွင် (၁) ပညာစွယ်စုံဌာနနှင့် (၂) အဘိဓာန်ဌာနဟူ၍ ဌာနနှစ်ခု ရှိသည်။ ပညာစွယ်စုံဌာနသည် ပညာစွယ်စုံကျမ်းကို ပြုစုရန်ဖြစ်သည်။ အဘိဓာန်ဌာနမှာ မြန်မာအဘိဓာန်ကျမ်းကို ပြုစုရန်ဖြစ်သည်။ အဘိဓာန်ဌာနသည် မြန်မာစကားလုံးကို မြန်မာဘာသာစကားဖြင့် အနက်ဖွင့်သော အဘိဓာန်ကြီးကို မပြုစုမီ အလေ့အကျင့်လည်း ရလေအောင်။ လတ်တလောအားဖြင့်လည်း အသုံးပြုနိုင်အောင်ဟူသော ရည်ရွယ်ချက်တို့ဖြင့် ကျောင်းသုံး ရုံးသုံး အဘိဓာန်ငယ်တစောင်ကို စတင်ပြုစုသည်။ အဘိဓာန်လုပ်ငန်းကို လုံးရပ်စဲလိုက်ရသည့် ၁၉၄၅ - ခု၊ ဧပြီလကုန်လောက်အထိ ‘က’ အက္ခရာမှ ‘င’ အက္ခရာ တဝက်လောက်အထိကို အချော ပြုစုနိုင်ခဲ့သည်။ ‘စ’ အက္ခရာမှ ‘ဝ’ အက္ခရာအထိကိုမူ အကြမ်းပြုစုပြီးစီးသည်။ (ယင်းအကြမ်းပြုစုပြီး စာကြမ်းများ ဒုတိယကမာ္ဘစစ်ပြီးစ ပစ္စည်းများ အပြောင်းအရွှေ့ ပြုရာတွင် ပျက်စီးပျောက်ဆုံးခဲ့သည်ဟု သိရပါသည်။)

မြန်မာစာရေးထုံးကျမ်းကို ၂၀-၇-၁၉၆၄ ရက်ကနေ စတင်ခဲ့ပြီး၊ ၇-၄-၁၉၆၇ ရက်နေ့မှာ ပြီးစီးတယ်။ အဲဒီနောက်မှာ ကျောင်းသုံးအဘိဓာန်ငယ်တစောင်ကို ၁၉၇၁ ခုနှစ်၊ ဧပြီလမှာ ‘က’ အက္ခရာကနေ ‘န’ အက္ခရာအထိ အကြမ်းပြုစုပြီးစီးတယ်။ ၁၉၇၁ ခုနှစ် သြဂုတ်လမှာ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာက လုပ်ဆောင်နေတဲ့ အဘိဓာန်လုပ်ငန်းကို မြန်မာစာကော်မရှင်က လွှဲပြောင်း ယူလိုက်တယ်။ သတင်းစာတွေကတဆင့် အကြံပြုချက်တွေ တောင်းခံရယူတယ်။ ၁၉၇၀ ခုမှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာစာကော်မရှင်ကို ၁၉၇၅ ခုနှစ်မှာ မြန်မာစာအဖွဲ့လို့ အမည်ပြောင်းတယ်။ အဘိဓာန်လုပ်ငန်း ဆက်လုပ်တယ်။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၇- ခုနှစ်၊ စက်တင်ဘာ) အတွဲ ၁၊ စာမျက်နှာ က - ၃။

မြန်မာစာအဖွဲ့သည် အဘိဓာန်ပြုစုရာတွင် လိုက်နာကျင့်သုံးရမည့် မူတရပ်ကို ချမှတ်ပေးနိုင်ရန် မေတ္တာရပ်ခံချက် စာတန်းတစောင်ကို ရေးသားပြုစုပြီးလျှင် ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြန်မာစာအဖွဲ့ အဖွဲဝင်များထံ ပေးပို့၍ အဖွဲ့ဝင်တို့၏ အဆုံးအဖြတ်၊ ညွှန်ကြားချက်များကို တောင်းခံခဲ့သည်။ ၁၉၇၂ ခု၊ ဇွန်လ ၁၅ ရက်နှင့် ၁၇ ရက်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ဦးနေဝင်း သဘာပတိအဖြစ် ဆောင်ရွက်သော မြန်မာစာအဖွဲ အဘိဓာန်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ၏ အစည်းအဝေးကို တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီး၏ရုံးခန်းတွင် ကျင်းပကာ မြန်မာစာအဖွဲ့က တင်ပြသော စာတန်းကို မူတည်၍ ဆွေးနွေးကြပါသည်။ စာတန်းပါအချက်အလက်များကို အကျေအလည် ဆွေးနွေးကြပြီးနောက် မြန်မာအဘိဓာန်ပြုစုရေးဆိုင်ရာ ယေဘုယျအခြေခံမူများကို ချမှတ်ပြဋ္ဌာန်း ပေးလိုက်သည်။
မှတ်ရန်သတ်ပုံများ -
တဝက်လောက်အထိ
အဘိဓာန်ငယ်တစောင်ကို
သတင်းစာတွေကတဆင့်
တထောင်နီးပါး၊
ဟာကွက်တခု၊
ကျမ်းတစောင်၊
ကတဆင့်၊ မူတရပ်။

ဗခက နေဝင်း

၂-၃-၁၉၆၂ နေ့မှာ အာဏာသိမ်းတယ်။ မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်ကို ၁၉၆၃ ခုနှစ် ဩဂုတ်လမှာ ဖွဲ့တယ်။ မြန်မာဘာသာ အဘိဓာန်များ၊ စာလုံးပေါင်း သတ်ပုံကျမ်းများ၊ ကိုးကားစာအုပ်တွေ ထုတ်ဝေရေးဆောင်ရွက်တယ်။ ၁၉၇၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ မြန်မာစာကော်မရှင်၊ ၁၉၇၅ မှာ မြန်မာစာအဖွဲ့ ဖြစ်လာတယ်။ ၁၉၈၁ မှာ မြန်မာစာအဖွဲ့ဦးစီးဌာန။ ၂၀၁၅ ခုနှစ်မှာ မြန်မာစာနှင့် ဘာသာစကား ပညာရေး ဦးစီးဌာနလို့ ပြောင်းလဲ ဖွဲ့စည်းတယ်။ ၁၉၆၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ ကျောင်းသုံးစာအုပ် ကော်မတီအစည်းအဝေးမှာ ဦးနေဝင်းက “အသံကို ရေးတဲ့အခါ အမှန်ရေး။ စည်းကမ်းဆိုတာ အတိအကျ ရှိရမယ်။ စကားတလုံးနှင့် ခုနစ်နှစ်ငြင်းနေလို့ ဘယ်ဖြစ်မလဲ။ နောက်ဆုံးတော့ ‘တခုခု’ ကို ပညတ်ရမှာပဲ။ မူကို ဦးစွာချပါ စသဖြင့် ပြောတယ်” လို့မှတ်တမ်းမှာ ‘တ’ ကိုစမသတ်ပဲရေးထားတယ်။ ၁၉၇၈ ခုနှစ် ဇန်နဝါရီလထုတ် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း နိဒါန်းမှာ ထိုကော်မရှင်သည် အစိုးရရုံးသုံး စံ မြန်မာရေးထုံးကျမ်း ‘တစောင်’ ပေါ်ထွက်လာရေး ‘လုပ်ငန်းတရပ်’ ကိုလည်း ဆောင်ရွက်ရမည်ဟု ဥက္ကဋ္ဌကြီးက ထပ်မံညွှန်ကြား သတ်မှတ်ပါသည်လို့ ‘တ’ ကို စမသတ်ပဲရေးထားတယ်။ “ဦးနေဝင်းက ‘တခုခု’ လို့ပြောတာကို မြန်မာစာအဖွဲ့က စသတ်တာဖြစ်တယ်။”

စာပေစိစစ်ရေး

၁၉၆၂ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပါလီမန်ခေတ်က ခွင့်ပြုခဲ့တဲ့ ပုံနှိပ်မီဒီယာ လွတ်လပ်ခွင့်တွေ ရုပ်သိမ်းခံရပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် နည်းဥပဒေကို ထုတ်ပြန်ခဲ့တယ်။ သတင်းစာတွေ၊ စာစောင်တွေနဲ့ လုံးချင်းစာအုပ်တွေအားလုံး ထုတ်ဝေခြင်းမပြုမီ စာပေစိစစ်ရေး ဌာနကို ကြိုတင်တင်ပြရတယ်။ တင်ပြခြင်းမပြုဘဲ ပုံနှိပ်ထုတ်ဝေခဲ့ရင် ထုတ်ဝေသူသာမက ပုံနှိပ်သူများပါ ဖမ်းဆီးပြီး ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် နည်းဥပဒေအရ အပြစ်ပေးတယ်။ ၂၄-၁-၂၀၁၂ နဲ့ ၂၀-၈-၂၀၁၂ နေ့မှာ ‘စာပေကင်ပေတိုင်’ လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနကို ဖျက်သိမ်းလိုက်တယ်။ “၂၀၂၃ ခုနှစ်အထိ အဲဒီစနစ် ရှိနေသေးသလို ထင်မှတ် လိုက်နာနေသူတွေက များလွန်းလှတယ်။”

၁၉၈၃ ခုနှစ် ဧပြီလနဲ့ မေလမှာ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း မွမ်းမံခြင်းကို မြန်မာစာအဖွဲ့က အခြေခံအချက်ကြီး (၄) ရပ်ချမှတ်ခဲ့တယ်လို့ ဖေါ်ပြထားတယ်။
(က) အစဉ်အလာအရ ထိန်းသိမ်းထိုက်ခြင်း
(ခ) ကျမ်းအကိုးအထောက် ခိုင်လုံခြင်း
(ဂ) ကြောင်းကျိုးဆက်နွှယ်၍ အနက်အဓိပ္ပာယ် ထင်ရှားခြင်း
(ဃ) အသုံးတွင်ကျယ်ခြင်းတို့ ဖြစ်ပါသည်လို့ပါရှိတယ်။
‘တစ်’ အရေး ‘တ’ အရေး ခွဲခြားသတ်မှတ်ခြင်းကိုလည်း အပိုဒ် (၁၅)၊ (၁၆)၊ (၁၇) နဲ့ (၁၈) တို့မှာ ရှင်းလင်းထားတယ်။

ကျွန်တော် စာဖတ်သက် များလှပြီ။ ဖဆပလ၊ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ-နအဖ စစ်အစိုးရနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရတက်တဲ့ အစိုးရနှစ်ရပ်ကို ဖြတ်သန်းခဲ့ပါတယ်။ ‘တ’ သတ်ပုံတွေကို ‘တစ်’ ပြောင်းလဲခြင်းဟာ အခြေခံအချက်ကြီး (၄) ရပ်ထဲက (က) အစဉ်အလာအရထိန်းသိမ်းထိုက်ခြင်းနဲ့ ကိုက်ညီခြင်းမရှိလို့ အလေးအနက် အခိုင်အမာယူဆပါတယ်။ (ဃ) အသုံးတွင်ကျယ်ခြင်းဆိုတာလည်း သတ်ပုံတွေကို ပြင်ပြီးနောက်မှသာ အဲဒီအတိုင်း မရေးမနေရ၊ မရေးရင် ထုတ်ဝေခွင့်မရ ဖြစ်လို့သာ ကနေ့ကာလမှာ တွင်ကျယ်တယ်လို့ ပြောလို့ရပါမယ်။ အရင်က အနည်းအပါးသာ တစ်ကြတယ်။
“မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း မွမ်းမံခြင်း နိဒါန်းမှာ ရေးသားထားခြင်းဟာ တရားရုံးမှာ တရားခံရှေ့နေကနေ သူ့အမှုသည် လူသတ်ခဲ့သည်ဖြစ်စေ၊ ခိုးခဲ့သည်ဖြစ်စေ အမှုအနိုင်ရရေးသက်သက် လျှောက်လဲချက်နဲ့ အလားတူနေပါတယ်။”

သက်သေခံပစ္စည်းများ

- ၁၈၇၇ စတင်ထုတ်၊ ၂၀၀၆ ပြန်ထုတ် ယုဒသန် အင်္ဂလိတ် မြမ္မာ အဘိဓာန် တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ၁၉၀၀ (၁၂၆၂) ကဝိလက္ခဏာ သတ်ပုံကျမ်း (စိန္တကျော်သူဦးဩ) တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ၁၉၅၃ စိုက်ပျိုးဝန်ဦးသာမြတ် ပြုစုတဲ့ မြန်မာစာလုံးပေါင်း အဘိဓာန်ချုပ် ခေါ် မြန်မာစာရေးထုံးကျမ်း၊ တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ၁၉၅၄ ဆရာကြီး ဦးစံချစ်ပြုစုတဲ့ ပေါရာဏမြောက်မြားစွာပါရှိသော အဘိဓါန် ကဝိဓဇသတ်ပုံကျမ်း၊ တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ၁၉၆၁ ဝဏ္ဏဗောဓနသတ်အင်း (ရှင်ဥက္ကံသမာလာ) ဦးတင်ဧ တည်းပြတ်၊ တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ၁၉၇၈ မြန်မာအဘိဓာန် အကျဉ်းချုပ် က - စ တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ၁၉၇၉ မြန်မာအဘိဓာန် အကျဉ်းချုပ် ဆ - န တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ၁၉၇၉ မြန်မာအဘိဓာန် အကျဉ်းချုပ် ပ - ယ တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ၁၉၈၀ မြန်မာအဘိဓာန် အကျဉ်းချုပ် ရ - ဠ တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ၁၉၈၀ မြန်မာအဘိဓာန် အကျဉ်းချုပ် အ တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ၁၉၉၉ ခုနှစ် ပြန်ထုတ် ဦးဟုတ်စိန် ပါဠိ-မြန်မာ အဘိဓာန် တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- မြန်မာ့စွယ်စုံကျမ်းတစုံ (၁၅) အုပ် တဝမ်းပူသတ်ပုံတွေ မှန်တယ်။ အတွဲ ၁ (၁၉၅၄)၊ အတွဲ ၂ (၁၉၅၅)၊ အတွဲ ၃ (၁၉၅၆)၊ အတွဲ ၄ (၁၉၆၀)၊ အတွဲ ၅ (၁၉၆၁)၊ အတွဲ ၆ (၁၉ -)၊ အတွဲ ၇ (၁၉ -)၊ အတွဲ ၈ (၁၉၆၃)၊ အတွဲ ၉ (၁၉၆၄)၊ အတွဲ ၁၀ (၁၉ -)၊ အတွဲ ၁၁ (၁၉ -)၊ အတွဲ ၁၂ (၁၉ -)၊ အတွဲ၁၃ (၁၉၇၃)၊ အတွဲ၁၄ (၁၉၇၅)၊ အတွဲ၁၅ (၁၉၇၆)။
- မြန်မာသံယောဂဒီပနီကျမ်း (မင်းလက်ဝဲနော်ရထာ) (၁၇၂၃-၁၇၉၁) တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ဝေါဟာရတ္ထပကာသနီ (ကျော်အောင်စံထား ဆရာတော်ဘုရားကြီး) တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ဆဋ္ဌသံဂါယနာ (၁၉၅၄-၁၉၅၆) တင် ပိဋကတ်တော်တစုံ ၃၂ အုပ် တဝမ်းပူသတ်ပုံတွေ မှန်တယ်။ (၂၀၀၆ ခုနှစ်မှာ မှာယူ ရရှိထားပါတယ်။)
- ဟံသာဝတီတိုက်ထုတ် စာအုပ်မှန်သမျှ တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ရှုမဝ၊ မြဝတီ၊ သွေးသောက်၊ စန္ဒာ စတဲ့မဂ္ဂဇင်းတွေအားလုံး (စာပေစိစစ်ရေး မတိုင်မီအထိ) တဝမ်းပူသတ်ပုံတွေ မှန်တယ်။
- ကာတွန်းစာအုပ်တွေ (စာပေစိစစ်ရေး မတိုင်မီအထိ) တဝမ်းပူသတ်ပုံတွေ မှန်တယ်။

မြန်မာအဘိဓာန် (အကျဉ်းချုပ်) ပါ သမိုင်းကြောင်း

၁၉၆၃ ခု၊ ဒီဇင်ဘာလမှာ မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင် ဖွဲ့တယ်။
၁၉၆၄ ခု၊ ဖေဖော်ဝါရီလမှာ အထက်ပါကော်မရှင်အောက်က အဘိဓာန်နှင့် ရေးထုံးကော်မတီ ဖွဲ့တယ်။
၁၉၆၄ ခု၊ ဇူလိုက်လမှာ အဘိဓာန်နှင့် ရေးထုံးကော်မတီကနေ မြန်မာရေးထုံးကျမ်းကို စတင်ပြုစုတယ်။ ၁၉၆၇ ခု၊ ဧပြီလမှာ ပြီးစီးတယ်။
၁၉၇၁ ခု၊ ဧပြီလမှာ ကျောင်းသုံးအဘိဓာန်ငယ် စတင်ပြုစုတယ်။ က အက္ခရာကနေ န အက္ခရာအထိ အကြမ်းပြီးစီးတယ်။
၁၉၇၁ ခုနှစ်၊ သြဂုတ်လမှာ တက္ကသိုလ်ဘာသာပြန်ဌာနနှင့် စာအုပ်ထုတ်လုပ်ရေးဌာက လုပ်ဆောင်နေတဲ့ အဘိဓာန်လုပ်ငန်းကို မြန်မာစာကော်မရှင်က လွှဲယူတယ်။ ၁၉၇၁ ခု စက်တင်ဘာလ ၁၆ ရက်ကနေ ၁၉၇၂ ခု မေလ ၅ ရက်နေအတွင်း ရက်သတ္တတပတ်လျှင် ၂ ကြိမ်ကျ တနင်္လာနေ့နဲ့ ကြာသပတေးနေ့တွေမှာ လုပ်သားပြည်သူ့နေစဉ်သတင်းစာမှာ ထုတ်ဝေတယ်။ ဗိုလ်တထောင်သတင်းစာမှာလည်း ဖော်ပြတယ်။ ပြည်သူပြည်သားတွေရဲ့ အကြံဉာဏ်တောင်းခံတယ်။
၁၉၇၁ ခုမှာ ဖွဲ့ခဲ့တဲ့ မြန်မာစာကော်မရှင်ကို ၁၉၇၅ ခုနှစ်မှာ မြန်မာစာအဖွဲ့လို့ အမည်ပြောင်းတယ်။
၁၉၇၂ ခု ဇွန်လ ၁၅ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ဦးနေဝင်းကသဘာပတိလုပ်ပြီး မြန်မာစာအဖွဲ့ကတင်ပြတဲ့ အဘိဓာန်ပြုစုရေး ဆွေးနွေးတယ်။ အဆင့်ဆင့်ဆောင်ရွက်မှုတွေလုပ်ဆောင်ကြပြီးနောက် ၁၉၇၇ ခု၊ နိုဝင်္ဘာလ ၃၀ ရက်အစည်းအဝေးမှာ မြန်မာအဘိဓာန် (အကျဉ်းချုပ်) မူကြမ်း ပထမတွဲကနေ ပဉ္စတွဲအထိ အတည်ပြုချက် ရယူတယ်။
မှတ်ချက် - တဝမ်းပူစာလုံးပေါင်းတွေကို မလိုအပ်ဘဲ စမသတ်ပါ။
- (စာမျက်နှာ က-၂) ရက်သတ္တတပတ်လျှင် ၂ ကြိမ်ကျ၊ တပေါင်းတည်းပြု၍၊ စာရင်း အသစ်တစောင်။
- (စာမျက်နှာ က-၃) လိုက်နာကျင့်သုံးရမည့် မူတရပ်၊ မေတ္တာရပ်ခံချက် စာတန်းတစောင်၊ ရွေးချယ်ရေး အဖွဲ့တရပ်။
- (စာမျက်နှာ က-၄) ပညာရှင်တဦးတည်း သို့မဟုတ် အဖွဲ့အစည်းတခုတည်း။

မြန်မာအဘိဓာန် (၁၉၉၁ ခု စက်တင်ဘာလ၊ ပထမ နှိပ်ခြင်း)

မှတ်သားရန် သတ်ပုံများ -
ကျမ်းဦးစကား
‘တစ်အုပ်တည်းဖြင့်’
‘တစ်လုံးချင်း’
‘တစ်ဆင့်ခံ’
စာမျက်နှာ ခ-၃

၁၇။ မြန်မာစာအဖွဲ့သည် မြန်မာအဘိဓာန် (အကျဉ်းချုပ်) ၅ တွဲကို ထုတ်ဝေပြီးနောက် ‘တစ်အုပ်တည်းတွင်’ က မှ အ အထိ အက္ခရာအားလုံး ပါဝင်သော မြန်မာအဘိဓာန် ကို ပြုစု၍ သက္ကရာဇ် ၁၃၅၂ ခု (အေဒီ ၁၉၉၁) တွင် ဆက်လက်ထုတ်ဝေသည်။

အဲဒီ မြန်မာအဘိဓာန် (၁၉၉၁) မထုတ်ခင်အထိ အမှန်အတည်အဖြစ်သုံးစွဲရေးသားနေခဲ့တဲ့ စာလုံးပေါင်းတွေ ပြောင်းပျက်ကုန်တယ်။ တဝမ်းပူစာလုံးတွေသာမက တခြားစာလုံးတွေလည်း ပျက်ကုန်တယ်။ မူကွဲစာလုံးတွေကို တသွေးတသံတမိန့်နည်းနဲ့ တလုံးတည်းကိုသာ သုံးစွဲစေတယ်။

အခုတော့ တော်လှန်ရေးကောင်စီ မရှိ။ မဆလ မရှိ၊ နဝတ-နအဖ မရှိ၊ စာပေစိစစ်ရေး မရှိ၊ ဒါပေမဲ့ ၁၉၉၁ ခုနှစ် စက်တင်ဘာလထုတ် မြန်မာအဘိဓာန်ကိုသာ နိုင်ငံတော်မူအဖြစ် သုံးနေတယ်။ လွှတ်တော်ရှိစဉ်ကာလ (၂၀၁၀-၂၀၂၀) အတွင်း ဥပဒေကြမ်းတွေမှာ စာလုံးပေါင်းဝိဝါဒကွဲတာရှိရင် မြန်မာစာအဖွဲ့ရဲ့ ညွှန်ကြားချက်ကို လွှတ်တော်က လိုက်နာရတယ်။ “လွှတ်တော်အထက်မှာ မြန်မာစာအဖွဲ့ ရှိတယ်။”

“မြန်မာစာကို ဘယ်သူပိုင်သလဲ”

ဘုရင်တွေ မပိုင်ခဲ့။ ဗြိတိသျှနဲ့ ဂျပန် အစိုးရတွေ မပိုင်ခဲ့။ တော်လှန်ရေးကောင်စီ (၁၉၆၂-၁၉၇၃) လက်ထက် ကစပြီး ရှိရှိသမျှ သိမ်းတာထဲမှာ မြန်မာစာလည်း ပါသွားတယ်။ မြန်မာ့ဆိုရှယ်လစ် (၁၉၇၄-၁၉၈၈) ခေတ်မှာ ပါတီဦးဆောင်မှုနောက်လိုက်ရတဲ့အထဲမှာ မြန်မာစာပါ နောက်လိုက်ဖြစ်သွားရတော့တယ်။ နဝတ-နအဖ (၁၉၈၈- ၂၀၁၀) လက်ထက်မှာ ဥပဒေကဲသို့အာဏာတည်သောအမိန့်များ အောက်မှာ မြန်မာစာ ငြိမ်ဝပ်ပိပြားသွားတယ်။ ၂၀၂၃ ခုနှစ်စအထိ မြန်မာစာအဖွဲ့က မှန်ဆိုရင် မှန်စေ၊ မှားဆိုက မှားစေတဲ့။

ဒေါက်တာတင့်ဆွေ
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar