Breaking News

ကိုအောင်မှိုင်း - စစ်နိုင်ရေးတရားများကို ချဥ်းကပ်ခြင်း (အပိုင်း ၁)

ကိုအောင်မှိုင်း - စစ်နိုင်ရေးတရားများကို ချဥ်းကပ်ခြင်း (အပိုင်း ၁)

(မိုးမခ) မတ် ၁၁ ၊ ၂၀၂၃


မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံခြားသားများကိုယ်တိုင် စစ်ရေး သုံးသပ်ချက်များကို ဂရုတစိုက် ရေးသား အကြံပေးလာကြတာကို အားရဖွယ် တွေ့ရပါတယ်။ ကျနော်တို့အနေနဲ့  ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပဲ ဖြစ်ပါတယ်။ အချို့ သုံးသပ်ချက်တွေက အတော်ပဲ လက်တွေ့နှင့် နီးစပ်မှုရှိပြီး အချို့သုံးသပ်ချက်တွေကတော့ မြန်မာနိုင်ငံ မြေပြင်အနေအထား လူထုပါဝင်မှုနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများရဲ့  စိတ်ဓာတ်၊ ယဥ်ကျေးမှု၊ လူထုရုပ်ဘဝတွေကို  စဥ်းစားဆင်ခြင်ရာတွင်မူ လုံလောက်မှုမရှိသည်ကို တွေ့ရလေ့ရှိပါတယ်။ သို့ရာတွင် အချက်အလက်များအရမူ အတော်တိကျခိုင်လုံ နေမှုများကတော့ အားတက်ဖွယ်တွေ့ရှိရပါတယ်။ ထို့အတွက် ဝမ်းသာအားရကျေနပ်ဖွယ်ဖြစ်သလို လှိုက်လှဲစွာ ကြိုဆိုရမှာလည်း ဖြစ်ပါတယ်။

လူထု လက်တွေ့ဘဝနဲ့ စစ်ရေး

မြန်မာနိုင်ငံဆိုင်ရာ စစ်ရေးသုံးသပ်ချက်များရေးရာမှာ အဓိကကျတဲ့ လူထုလက်တွေ့ရုပ်ဘဝနဲ့ ကင်းကွာလို့မရနိုင်ပါဘူး။ “စစ်ရေးဆိုတာ တနည်းနည်းနဲ့ ဖြစ်နေတဲ့ အဆက်မပြတ် နိုင်ငံရေးဖြစ်တယ်” လို့  နာမည်ကျော် ပရပ်ရှားစစ်သူကြီး ကလေ့ဝစ်က ဆိုပါတယ်။

( War is the continuation of polities by other means. Karl Von Clausewitz ( 1780 - 1831 ) 

ဆိုလိုတာက စစ်ပွဲအမျိုးအစားများဖြစ်တဲ့—

၁။ သမားရိုးကျစစ်ပွဲ            Conventional  War

၂။ သမားရိုးကျမဟုတ်တဲ့စစ်ပွဲ          Unconventional War

၃။ ပြောက်ကျားစစ်            Guerrilla  War 

၄။ တန်ပြန်ပြောက်ကျားစစ်         Counter-guerrilla War 

၅။ ပြည်တွင်းစစ်         Civil War

၆။ ပုန်ကန်မှု / တော်လှန်ရေး         Rebellion and Revolution

၇။ မပြင်းထန်တဲ့စစ်ရေးအခြေအနေ Low - intensity warfare 

စတဲ့ စစ်ပွဲအနေအထား အားလုံးဟာ အဆက်မပြတ် နိုင်ငံရေးလှုပ်ရှားမှုတွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့် တိတိကျကျ အဓိပ္ပာယ်ဖွင့်မယ်ဆိုရင် “အဆက်မပြတ် လူထုတိုက်ပွဲ” လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ပွဲတွေဟာ များသောအားဖြင့် “လက်တွေ့လူထုဘဝ” နဲ့ “လူထုတိုက်ပွဲတွေ” က စစ်အောင်နိုင်ရေးကို ပြဋ္ဌာန်းတပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကျနော်တို့ အလေးအနက်သိဖို့ လိုတာက စစ်ပွဲဖြစ်စဥ်နဲ့ တိုက်ပွဲဖြစ်စဥ်ရဲ့ အနှစ်သာရကို ကွဲကွဲပြားပြား နားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်။ တိုက်ပွဲတွေမှာ ဆုတ်ခွာရတာတွေ ဆုံရှုံးရတာတွေကို တွေ့ရလေ့ရှိပါတယ်။ ဒါဟာ စစ်ပွဲကျဆုံးသွားတာ မဟုတ်ပါဘူး။ ကျနော်တို့တိုက်ပွဲတွေကို ပြင်ဆင်စီမံကြတဲ့အခါ တခါတရံ ဗျူဟာမြောက် ဆုတ်ခွာရတာတွေ ရှိတတ်ပါတယ်။ ဒါဟာ စစ်ပွဲတခုလုံး အောင်မြင်ရေးအတွက် နောက်တလှမ်းဆုတ်ရတာတွေလည်း ဖြစ်နိုင်ပါတယ်။

သေချာတာက စစ်ပွဲတွေမှာရော တိုက်ပွဲတွေမှာရော ရန်သူ့ တခုချင်း အားနည်းချက်ကဘာလည်း ရန်သူ တစုံလုံး အားနည်းချက်က ဘာလဲဆိုတာကို ဆုပ်ကိုင်ကြရလေ့ရှိပါတယ်။ စစ်ပွဲတွေအတွက် မဟာဗျူဟာရည်မှန်းချက် သတ်မှတ်ကြရတာဖြစ်သလို တိုက်ပွဲတိုင်းမှာလည်း  နည်းပရိယာယ်ရည်မှန်းချက်အရ သတ်မှတ်ရတာ ဖြစ်ပါတယ်။ ဆိုလိုတာက မဟာဗျူဟာရည်မှန်းချက်နဲ့ နည်းပရိယာယ်ရည်မှန်းချက်က အပြန်အလှန် ဆက်စပ်နေသလို အပြန်အလှန် အကျိုးပြုနေတယ်ဆိုတာကို လေးနက်ဖို့လိုမှာ ဖြစ်ပါတယ်။ စစ်ပွဲကြီးတွေမှာ ရှုံးနိမ့်ပြီဆိုရင်တော့ မဟာဗျူဟာရည်မှန်းချက်ကို ထိခိုက်နိုင်တာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။

စစ်နဲ့ နိုင်ငံရေး ဆက်စပ်မှု

တိုက်ပွဲတပွဲ ရှုံးနိမ့်ခြင်းမှာ ထိခိုက်ဆုံးရှုံးမှုရှိတာနဲ့ စစ်ပွဲတပွဲ ရှုံးနိမ့်မှုမှာ ထိခိုက်ဆုံးရှုံးမှုဟာ မတူပါဘူး။ စစ်ပွဲတပွဲ ရှုံးနိမ့်ပြီဆိုရင် ထိခိုက်ဆုံးရှုံးမှုဟာ အလွန်ကြီးမားတတ်ပါတယ်။ အဆိုးဆုံးက နိုင်ငံရေးအရ အမှားအယွင်းကြောင့် ရှုံးနိမ့်မှုဖြစ်လာရင် ထိခိုက်ဆုံးရှုံးမှုဟာ မျိုးဆက်အဆက်ဆက် ထိခိုက်ဆုံးရှုံး နစ်နာနိုင်တဲ့အတွက် အလွန်ကို အရေးကြီးပါတယ်။ ဒီလို အမှားအယွင်းမျိုး မဖြစ်အောင် လက်တွေ့လူ ထုဘဝနဲ့ လူထုတိုက်ပွဲတွေကို မှန်မှန်ကန်ကန် သုံးသပ်ဖို့က နိုင်ငံရေးသမားဆိုတဲ့  နိုင်ငံရေး အခွင့်အာဏာကို ကိုင်စွဲထားသူတွေမှာ လုံးဝ တာဝန်ရှိနေတာ တွေ့ရပါတယ်။

လူထုက တိုက်ပွဲရှေ့ကို ရောက်နေချိန်မှာ ကိုယ့်အကျိုးစီးပွား ကိုယ့်အဖွဲ့အစည်းအကျိုးစီးပွားအပေါ် အခြေပြုပြီး တွေဝေစဥ်းစားကာ လူထုနောက်မြီးစွဲဝါဒ က အလွန်အန္တရာယ်ရှိသလို   လူထုရဲ့ နိုင်ငံရေး ဒီရေ အသင့်မဖြစ်ခင်မှာ လူထုကို ရှေ့တွန်းတင်ပေးတတ်တဲ့ ဆင်ခြင်တုံမဲ့ အရဲကိုးဝါဒ သမားတွေကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ အလွန်ကြီးမားတတ်ပါတယ်။ ကျနော်တို့ ကောင်းမွန်စွာ လေ့လာသင်ယူကြရမှာ ဖြစ်ပါတယ်။ ဒါကို “တော်လှန်တဲ့အနုပညာ” လို့လည်း ဆိုရိုးရှိကြပါတယ်။

စစ်အတွင်း တွေ့ဆုံဆွေးနွေးခြင်း

စစ်အတွင်း တွေ့ဆုံဆွေးနွေးခြင်းနဲ့ ပတ်သက်ပြီး သဘောတရားအရ အပိုင်း ၃ ပိုင်း လုပ်လေ့လုပ်ထရှိတာ တွေ့ရပါတယ်။

  • ရန်သူ ရှုံးလို့ တွေ့ဆုံဆွေးနွေးတာ (လက်နက်ချ)
  • ကိုယ် ရှုံးလို့ တွေ့ဆုံဆွေးနွေးတာ (လက်နက်ချ)
  • ယာယီအပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးတာ ဆိုပြီး (တစုံတခုကြောင့် ယာယီအပစ် ရပ်တာ) တွေ့ဆုံဆွေးနွေးတာတွေ လုပ်လေ့ရှိပါတယ်။

ကနေ့ မြန်မာပြည် လက်တွေ့နိုင်ငံရေးအခင်းအကျင်းက ယာယီအပစ်အခတ်ရပ်စဲရေး သဘောဆောင်တဲ့ ဆွေးနွေးမှုမျိုးဟာ လမ်းပိတ်သွားပြီလို့ပဲ သုံးသပ်ပါရစေ။ အကြောင်းကတော့ အကြမ်းဖက် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်လွန်းလှတဲ့ ရာဇဝတ်မှုတွေက တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ လမ်းကြောင်း ၃ ခုမှာ သူတို့ စစ်ရှုံးရင် လက်နက်ချဖို့ တွေ့ဆုံဆွေးနွေးရေးဆိုတာ တခုပဲ လမ်းပွင့်တော့မယ်လို့ ယူဆပါတယ်။  

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက ရန် ငါ စည်းပြတ်ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ယာယီအပစ်အခတ်ရပ်မယ်လို့ ဒီနေ့ ကြေညာပေမဲ့  နောက်နေ့မှာ အချက်အလက်ရရင် ဗုံးသွားကြဲတာတို့ အပစ်အခတ်ရပ်စဲကာလကို အခွင့်ကောင်းယူပြီး စစ်အင်အား တိုးချဲ့တာတို့ စစ်စခန်းတွေ ပြန်လည်တည်ဆောက်တာတွေကို လုပ်လေ့ရှိတာကလည်း အမြဲဆိုသလို တွေ့ကြုံနေခဲ့ကြရတာပဲ ဖြစ်ပါတယ်။

ကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခက လူထုနဲ့အကြမ်းဖက်စစ်အုပ်စုကြား သူသေ ကိုယ်ရှင် တိုက်ကြရမဲ့ စစ်ပွဲ ဖြစ်ပါတယ်။ လူထုအနေနဲ့ အင်မတန်ကြမ်းကြုတ်ရက်စက်တဲ့ မင်းအောင်လှိုင် အပါအဝင် မည်သည့်စစ်အုပ်စုကိုမှ တိုင်းပြည်အုပ်ချုပ်ခွင့်ပေးလို့   မဖြစ်နိုင်တော့သလို  တွေ့ဆုံဆွေးနွေးစရာလည်း လုံးဝရှိတော့မှာ မဟုတ်ပါ။ ဒီဆုံးဖြတ်ချက်ကိုတော့ တနိုင်ငံလုံးက ပြည်သူများအနေနှင့် အခိုင်အမာ ဆုပ်ကိုင်ထားရပါလိမ့်မယ်။ နိုင်ငံရေးဒလန်တွေ၊ စစ်ဒလန်တွေ ပေါက်လွတ်ပဲစား ပေါ များလှတဲ့ ခေတ်ပျက်ကြီးမှာ  ခေတ်ပျက်မှ ငွေရှာလိုသူများ  နေရာရှာလိုသူများကို  သတိကြီးကြီး ထားရမယ့်အချိန် ဆိုတာကိုတော့ သတိပေးလိုပါတယ်။

စစ်အောင်နိုင်ရေးတရား ဆိုတာ ဘာလဲ။

တော်လှန်စစ်ကို ဦးဆောင်နေတဲ့ ပါတီ အဖွဲ့အစည်း အစိုးရတွေဟာ အင်အား ၃ ခုကို အဓိက ဆုပ်ကိုင်တိုက်ပွဲဝင်ရလေ့ ရှိပါတယ်။

၁။ လူထု

၂။ တပ်

၃။ တပ်ပေါင်းစု တို့ဖြစ်ကြပါတယ်။

နိုင်ငံရေးအရ ဖြစ်စေ၊ စစ်ရေးအရဖြစ်စေ ဒီအင်အား ၃ ခုဟာ စစ်နိုင်ရေး အကြောင်းတရားတွေထဲမှာ အဓိကအကျဆုံးလို့ ပြောရမှာ ဖြစ်ပါတယ်။

ပြောက်ကျားစစ်နည်းဗျူဟာလို့ ဆိုလိုက်တာနဲ့ လူအများအမြင်မှာ ပစ်ပြီးပြေး ( Hit and run ) နဲ့ ချုံခိုတိုက်ခိုက် ( Ambush ) တို့ကိုပဲ မြင်လေ့ရှိပါတယ်။ မှန်ပါတယ်။ ကျနော်တို့ဟာ မိမိထက် သာလွန်အင်အားကြီးတဲ့ ရန်သူကို ရင်ဆိုင်တိုက်ပွဲဝင်နိုင်ဖို့ ဆိုတာ ပထမအဆင့်အနေနဲ့ ဒီအဆင့်ကို ဖြတ်သန်းကျရတာပါပဲ။ ကိုယ့်ဘက်က ကျဆုံးမှုအနည်းဆုံးဖြစ်ပြီး ရန်သူကို ကျဆုံးမှု များနိုင်သမျှများအောင် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ အဓိကကတော့ ခြွေစစ်လို့ ခေါ်တဲ့ ရန်သူကို အမှည့်ခြွေစစ် War of Attrition နဲ့ တိုက်ကြရတာ ဖြစ်ပါတယ်။ ပြောက်ကျားစစ်သေနင်္ဂဗျူဟာ ဆိုတာ စစ်အနိုင်တိုက်ဖို့ လမ်းစဥ်အပြည့်အစုံရှိပြီး ဖြစ်ပါတယ်။ ပြောက်ကျားတပ်ဖွဲ့များဟာ အင်အားတစုံတရာ စုစည်းမိလာတဲ့အခါ လှုပ်ရှားစစ် နည်းပရိယာယ်ကို ပြောင်းလဲကျင့်သုံးကြရပြန်ပါတယ်။ ဒီအဆင့်မှာ ပြောက်ကျားတပ်ဖွဲ့ငယ်များဟာ အမြဲတမ်းတပ်ဖွဲ့သဏ္ဌာန် တည်ရှိနေတဲ့ တပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး ချေမှုန်းရေးတိုက်ပွဲများနဲ့  စစ်ဆင်တာ ဖြစ်ပါတယ်။

ချေမှုန်းရေးတိုက်ပွဲများကို ဒေသတွေအလိုက် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်လာနိုင်တဲ့အခါ နေရာယူစစ်ကို စတင်တည်ဆောက်ကြရပြန်ပါတယ်။ နေရာယူစစ်တွေ ခိုင်မာလာပြီး ဒေသတခုနဲ့ တခု ဆက်စပ်ဆောင်ရွက်လာနိုင်အခါ ပြောက်ကျားအခြေခံဒေသတွေ ဖြစ်လာကြပါတယ်။ ပြောက်ကျား အခြေခံဒေသတွေ နေရာအနှံ့ တည်ထောင်လာနိုင်တဲ့အခါ အခြေခံဒေသတွေ ဖြစ်လာပြီး အုပ်ချုပ်ရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ လူထုလုပ်ငန်းတွေ လုပ်လာနိုင်လေ့ရှိပါတယ်။ 

ဒီနေရာမှာ ပြောက်ကျားအခြေခံဒေသက အခြေခံဒေသကို တည်ဆောက်ရာမှာ အဆင့်အချို့ကို ဖြတ်သန်းကြရလေ့ရှိပါတယ်။ ဆိုလိုတာက ပြောက်ကျားအခြေခံဒေသတခုဟာ တခုတည်း ထီးထီးကြီး မရပ်တည် နိုင်ပါဘူး။ ဆက်စပ်ပြောက်ကျားအခြေခံဒေသများကို ကူညီဖော်ဆောင်ကြရလေ့ရှိပါတယ်။ ကိုင်စွဲကြလေ့ရှိတဲ့ မူကတော့ “ခိုင် တိုး ဆက်” လို့ အတိုကောက်ပြောကြတဲ့ အခြေခံဒေသဖြစ်အောင် အခိုင်အမာ တည်ဆောက်ရမယ်။ အခြေခံဒေသတွေ တိုးချဲ့တည်ဆောက်ရမယ်။ အခြားအခြေခံဒေသတွေနဲ့ ဆက်စပ်ဆောင်ရွက်ရမယ် ဆိုတာပါပဲ။ ဒီလိုနဲ့ အခြေခံဒေသတွေ ခိုင်မာလာပြီး လွတ်မြောက် ဒေသတွေ ဖြစ်လာတာ ဖြစ်ပါတယ်။ တနိုင်ငံလုံး လွတ်မြောက်ဖို့အတွက် အရေးပါတဲ့ လွတ်မြောက် ဒေသတွေ မလွဲမသွေ ဖြစ်လာတာပါပဲ။ ဒါဟာ တော်လှန်ရေးအတွက် အောင်ပွဲလမ်းစဥ်ပါပဲ။

စစ်ရေးပါရဂူများ၏ အဆိုအမိန့်များ

ကမ္ဘာ့ပြောက်ကျားစစ်နဲ့ပတ်သက်ပြီး ဆရာတဆူ ပါရဂူများ ဖြစ်ကြသူအချို့ရဲ့ လမ်းညွှန်တချိူ့ကို မိတ်ဆက်ပေးလိုပါတယ်။

ဂျာမန် စစ်ရေးသဘောတရား ပညာရှင် Carl von Clausewitz ၏ “စစ်ပွဲ” (On War) စာအုပ်မှာ “ပြည်သူ့စစ်” ဟူသည့် ပြောက်ကျားစစ်ဆင်ရေး၏ အောင်မြင်မှုသည် ပြည်သူအများစု၏ အားပေး ထောက်ခံမှုအပေါ်တွင် မူတည်နေသည်ဟု ဆိုသည်။

၁၉၅၀ ပြည့်နှစ်များက ဆိုက်ပရပ်စ်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ဂရိစစ်သား ဂျော့ဂ်ျစ်ရီဗစ်က နိုင်ငံအတွင်းရှိ တိုင်းသူပြည်သားအများစု၏ မခြွင်းမချန် အပြည့်အဝ ထောက်ခံမှုရရှိထားလျှင် ပြောက်ကျားစစ်သည် မအောင်မြင်နိုင်စရာ အကြောင်းမရှိဟု ရေးသားခဲ့ဖူးသည်။

လီနင်က “ပြောက်ကျားများသည် စိတ်ကူးယဥ်ဆန်သော နည်းနာများ၊ စည်းမျဥ်းများကို စွန့်ပစ်၍ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများနှင့် လူထုဆန္ဒအလျောက် ပြောင်းလဲနေသာ လက်တွေ့တိုက်ပွဲ၏ အခြေအနေများကို နားလည်လက်ခံရမည်။ ထိုသို့ အခြေအနေများ၏ ပြောင်းလဲတိုးတက်မှုများသည် နည်းနာအသစ်များကို ဖန်တီးပေးလေသည်။” လို့ ပြောက်ကျားများအတွက် လမ်းညွှန်တာကို တွေ့ရပါတယ်။

“ပြောက်ကျားစစ်ပွဲ၌ စုဖွဲ့မှုကင်းသော စည်းစနစ်မကျသော လုပ်ဆောင်မှုများကဲ့သို့ အနိဋ္ဌာရုံများ မရှိသင့်ပါ။”

မော်စီတုန်းရဲ့ပြောက်ကျားစစ်မှာ “ပြောက်ကျားများသည် ထိုးစစ်များကို ပြုလုပ်ရင်း တဖြည်းဖြည်း ချင်း သာမန်စစ်တပ်၏ အခြားအစုများနှင့်အတူ ပူးတွဲလုပ်ဆောင်နိုင်သော သမားရိုးကျအဖွဲ့များ အဖြစ်သို့ တိုးတက်လာကြသည်။ ထို့ကြောင့် ထိုသို့ တိုးတက်လာသော ပြောက်ကျားများ၊ အခြား မတိုးတက်သေးသော ပြောက်ကျားများနှင့် ပုံမှန်လေ့ကျင့်စုစည်းထားသော စစ်သားများအားလုံးကို အမျိုးသားတော်လှန်ရေးစစ်ပွဲ၏ စစ်အင်အားအဖြစ် ပေါင်းစည်းရမည် ဖြစ်သည်။ ထိုအခါ တော်လှန်ရေးအောင်နိုင်မည်မှာ သံသယဖြစ်စရာ မလိုပေ။”

"ခုခံစစ်တိုင်း လူထုနဲ့ ကင်းကွာလာသောအချိန်ဟာ အရှုံးပေးလိုက်ရသောအချိန် ဖြစ်သည်မှာ ရှင်းလင်းလှပေသည်။"

ချေဂွေဗားရားရဲ့ ပြောက်ကျားစစ်မှာ “ကျူးဘားတော်လှန်ရေးက အမေရိကတိုက် တော်လှန်ရေး လှုပ်ရှားမှုများအတွက် အခြေခံကျတဲ့ သင်ခန်းစာ ၃ ခုကို လမ်းညွှန်အဖြစ်နဲ့ ထောက်ကူဖြည့်စွက်ခဲ့တယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒီ ၃ ချက်ကတော့ ...

၁။ ပြည်သူ့တော်လှန်ရေးအင်အားစုတွေဟာ စစ်တပ်ကြီးတခုကို တိုက်ခိုက်အောင်ပွဲခံနိုင်တယ်။

၂။ တော်လှန်ရေးလုပ်ဖို့ လိုအပ်တဲ့အခြေအနေတွေ အပြည့်အစုံဖြစ်တည်လာတဲ့အထိ စောင့်ဆိုင်းစရာမလိုဘဲ တော်လှန်ရေးက အဲဒီအရာတွေကို ဖန်တီးနိုင်တယ်။ 

၃။ မဖွံ့ဖြိုးမတိုးတက်သေးတဲ့ အမေရိကတိုက်မှာ ကျေးလက်ဒေသဟာ လက်နက်ကိုင်တိုက်ပွဲအတွက် အခြေခံဒေသ ဖြစ်တယ်။

ပြောက်ကျားစစ်ရေးပါရဂူတွေရဲ့ အဆိုအမိန့်တွေကို နိဂုံးချုပ်ကြည့်မယ်ဆိုရင် သေချာတာက လူထုတပ်နဲ့ တပ်ပေါင်းစုဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကို ဦးစီးညွှန်ကြားသူများအနေနှင့် ဤသဘောတရား အယူအဆများကို လက်တွေ့တိုက်ပွဲဖြစ်စဥ်များမှာ အလေးအနက် အသုံးပြုကြရန်မှာမူ  စစ်ပွဲအောင်မြင်ရေးအတွက် လိုအပ်ချက်ပင် ဖြစ်ပါတော့တယ်။

(ကိုးကား - ပြောက်ကျားစစ်  မော်စီတုန်း ပြောက်ကျားစစ်  လီနင် ပြောက်ကျားစစ် ချေဂွေဗားရား ပြောက်ကျားစစ်  On War  ( Carl von Clausewitz ) ပြည်သူ့အာဏာဂျာနယ် စစ်မှုရေးရာ စစ်ဖက် ရေးရာ မင်းသေ့ )



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar