Breaking News

အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး အစီရင်ခံစာက ဖော်ပြတဲ့ မြန်မာနိုင်ငံ အရှုံး အနိုင်

မြန်မာ့နွေဦးခရိုနီကယ် - မတ် ၁၁ မြင်ကွင်း

မိုးမခ - မတ် ၁၂၊ ၂၀၂၃


အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး အစီရင်ခံစာက ဖော်ပြတဲ့ မြန်မာနိုင်ငံ အရှုံး အနိုင်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေး ညွှန်ကြားမှုရုံးရဲ့ နှစ်စဥ် အစီရင်ခံစာမှာ မြန်မာ့နိုင်ငံက စစ်ကောင်စီနဲ့ စစ်ကောင်စီပြုတ်ကျရေး တိုက်ခိုက်နေတဲ့ အင်အားစုတွေအကြား လက်နက်ကိုင် တိုက်ခိုက်မှုဟာ မကြာခင်အနာဂတ်ကာလအတွင်း တဘက်ဘက်က အပြတ်အသတ် နိုင်ဖို့ အခြေအနေ မရှိသေးဘူးလို့ ဖော်ပြထားပြီး လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ 

တဘက်ဘက်က အပြတ်အသတ် အနိုင်ရဖို့ အနေအထားအတွက် ပြင်ပနိုင်ငံတွေက လက်နက်ထောက်ပံ့မှုလို အကူအညီတွေ ရမှ သို့မဟုတ် တဘက်ဘက်က စစ်ရေးအရ အားပြတ်သွားတာမျိုး အခြေအနေဖြစ်ပေါ်မှသာ ဖြစ်နိုင်တယ်လို့ ဆိုထားတာလည်း ဖြစ်ပါတယ်။ 

အမေရိကန် နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တဲ့ အချက်အလက်တွေ အလေးထားရမယ့် ရှုထောင့်ကနေ တကမ္ဘာလုံးဆိုင်ရာ စစ်ရေး၊ လုံခြုံရေး ခြိမ်းခြောက်မှု ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စေ့စေ့စပ်စပ်သုံးသပ် တင်ပြထားတဲ့ အစီရင်ခံစာဖြစ်ပြီး အစီရင်ခံစာရဲ့ သဘာဝက သံတမန်ရေးအရ စကားလုံးမျိုး၊ စည်းရုံးရေးအရ စကားလုံးမျိုး မပါရှိဘဲ အခြေအနေကို တိတိပပ သုံးသပ်နိုင်အောင် တင်ပြတာမျိုး ဖြစ်လို့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ သုံးသပ်ချက်က မြန်မာ့ဒီမိုကရေစီ အရေး မကြာခင် အောင်ပွဲခံဖို့ မျှော်လင့်နေတဲ့ လူထုအတွက် အားလျော့စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေးဌာနက အရာရှိကြီးတဦးက ၂၀၂၃ ခုနှစ် အတွင်းမြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကြိုးပမ်းမှုက အောင်မြင်မှုတခုခု အဆုံးအဖြတ်တခုခု ဖြစ်နိုင်တဲ့ သဘောမျိုး သုံးနှုန်းပြောဆိုသွားခဲ့ပြီး သတင်းထောက် တယောက်က အဲဒီမှတ်ချက်နဲ့ ပတ်သက်လို့ ဆက်လက်မေးမြန်းရာမှာတော့ မေးခွန်းကို မဖြေကြားတော့ဘဲ ရှောင်ထွက်သွားခဲ့တဲ့ သတင်းလည်း ဖော်ပြခဲ့တာ တွေ့ရပါတယ်။ 

အမေရိကန်ပြည်ထောင်စု အနေနဲ့ NDAA လို့ခေါ်တဲ့ အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေမှာတော့ မြန်မာ့အရေးကို လူသေစေနိုင်တဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေ ဒေါ်လာ သန်း ၁၃၇ သန်းပေးဖို့ ထည့်သွင်း ပြဋ္ဌာန်းထားပြီး Burma Act လို့ ခေါ်ဆိုတဲ့ အဲဒီအကူအညီက မြန်မာ့ ဒီမိုကရေစီအရေး လက်နက်ကိုင်တိုက်ပွဲမှာ ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်စေမလား ဆိုတဲ့မျှော်လင့်ချက်တွေ ရှိနေချိန်မှာ အခုလို ထောက်လှမ်းရေး အစီရင်ခံစာမှာတော့ လတ်တလော အရှုံး အနိုင် မပေါ်နိုင်သေးကြောင်း ခန့်မှန်းဖော်ပြထားတာလည်း ဖြစ်ပါတယ်။ 

ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့  စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့ အနေနဲ့ နိုင်ငံတကာ စီးပွားရေး ဉာဏ်ကြီးရှင်အဖွဲ့ ဖြစ်တဲ့ Economist Intelligence Unit က ထုတ်ပြန်ခဲ့တဲ့  မြန်မာနိုင်ငံ နိုင်ငံရေး စီးပွားရေး အလားအလာ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အလားအလာနဲ့ ပတ်သက်လို့ ခန့်မှန်းဖော်ပြထားရာမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေအကြား စစ်ရေးအားပြိုင်မှုမှာ တဘက်ဘက်က အပြတ်အသတ် အနိုင်ရဖို့ လတ်တလော မမြင်ဘူးလို့ ဆိုထားပြီး လက်ရှိမှာ တဖက်နဲ့တဖက် အားမျှခြေလို့ ယူဆရင် တဘက်ဘက်က အပြတ်အသတ် အနိုင်ရဖို့ရာမှာ ပိုမိုကောင်းမွန်တဲ့ စစ်ရေးစွမ်းဆောင်မှုနဲ့ တွန်းလှန်တိုက်ခိုက်သူတွေဘက်က စုစည်းမှု၊ မဟာဗျူဟာချမှတ်နိုင်မှု ရှိမှသာ စစ်ပွဲ ချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်စေနိုင်မယ်လို့ ခန့်မှန်းဖော်ပြထားတာ တွေ့ရပါတယ်။ စစ်ကောင်စီဘက်က နိုင်ငံရဲ့ သယံဇာတတွေ အခွန်အကောက်တွေကို ရယူခွင့်ရနေတဲ့ အချက်၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးအရ ဆက်သွယ်ရေးအရ မဟာဗျူဟာ အချက်အချာကျတဲ့ လွင်ပြင်ဒေသတွေကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တဲ့အချက်က စိတ်ဓာတ်ရေးအရ တော်လှန်ရေး အင်အားစုတွေ နဲ့ မယှဥ်နိုင်ပေမယ့် ရုပ်ဝတ္တုအရ စစ်ပွဲကို ဆက်လက်တိုက်ခိုက် နေနိုင်တဲ့အချက်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ EIU အစီရင်ခံစာမှာတော့ မကြာခင် နှစ်၊ လတွေအတွင်း တိုက်ပွဲတွေရဲ့ ပြင်းထန်မှုက အရှိန်လျော့လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားတာ ဖြစ်ပြီး အမေရိကန် ထောက်လှမ်းရေးဌာန အစီရင်ခံစာနဲ့ အဲဒီအချက်မှာ ကွဲလွဲတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

တော်လှန်ရေး အင်အားစုတွေဘက်က လိုအပ်ချက်က နိုင်ငံရေးအရ စုစည်းမှု နဲ့ စစ်ရေးအရ စွမ်းဆောင်ရည် တစုတစည်းထည်း လှုပ်ရှားနိုင်မှု၊ တိုက်ပွဲတွေ ရဲ့အရှုံးအနိုင်ကို ပြောင်းလဲစေနိုင်မယ့် လက်နက်မျိုးတွေ ရရှိနိုင်မှုမှာလည်း မူတည်မယ့် သဘော အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

မြန်မာ့နွေဦးတော်လှန်ရေး အင်အားစုတွေ အနေနဲ့ စည်းရုံးရေး သဘောအရ အောင်ပွဲက လက်တကမ်းမှာလို့ အားပေးပြောဆိုစည်းရုံးမှုကို သဘာဝမို့ နားလည်နိုင်ပေမယ့် လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေကို ဓမ္မဓိဌါန်ကျကျလည်း သုံးသပ်ပြီး အဖြေရှာဖို့ ပြင်ဆင်လုပ်ဆောင် နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ မြေပြင်မှာ တိုက်ခိုက်နေတဲ့ အင်အားစုတွေအကြား စုပေါင်း လုပ်ဆောင်မှု၊ လက်နက်၊ ငွေကြေး တပြေးညီ မျှဝေသုံးစွဲနိုင်မှု၊ နိုင်ငံရေးအရစုစည်းနိုင်မှု မဟာဗျူဟာ အရ စုပေါင်းပြီး တိုက်ပွဲဖော်ဆောင်နိုင်မှု ၊ ခု လက်ရှိ မဟာမိတ်ဖွဲ့ ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အရေအတွက်ထက် နောက်ထပ် ဖွဲ့နိုင်ဖို့ နိုင်ငံရေးအရ စည်းရုံးနိုင်မှုတွေ ရရှိလာရင် လက်ရှိရောက်နေတဲ့ တိုက်ပွဲရလဒ်ကို အပြောင်းအလဲ ဖြစ်အောင် ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ နို့မဟုတ်ခဲ့ရင် လက်နက်ကိုင်တိုက်ပွဲ အချိန်ကြာရှည်လာသည်နဲ့အမျှ မိမိတို့ တပ်ဖွဲ့အင်အားတွေရဲ့ တိုက်ခိုက်နိုင်စွမ်း ၊ လူထုရဲ့  ထောက်ခံ အားပေးမှု အရှိန်အဟုန်တွေ အားလျော့လာတာမျိုးလည်း ဖြစ်လာနိုင်တာမို့ လက်ရှိ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar