Breaking News

နေသွင်နိုင်း - မီးဖောက်လုလင်ထံမှ ပေးပို့သော အရိုးပြာများ _ ၃

Art by Than Htay Maung
မီးဖောက်လုလင်ထံမှ ပေးပို့သော အရိုးပြာများ - ၃
နေသွင်နိုင်း
(မိုးမခ) မတ် ၁၃၊ ၂၀၂၃

ကိုယ့်ရေတံခွန်နဲ့ကိုယ်  စီးဆင်းသူ နွေတံခွန်
ကောင်းကင်ရဲ့အလျားအတိုင်း ခရီးထွက်ခဲ့တယ်။

ပေါက်တူးရဲ့အဆုံးမှာ လှပတဲ့သေခြင်းတရား ကြယ်တာရာ
မြေသားတို့ဆီ ခရီးမဆိုက်မီ
ငါတို့ရဲ့အလံကို သွေးနဲ့ချိတ်ဆွဲပြီး
အသက်နဲ့ လွှင့်ထူခဲ့ပါတယ် ။

ငါတို့နဲ့ထိုက်တန်တဲ့ လွတ်မြောက်မှုဟာ
နိုင်ငံတော်သစ်ရဲ့သီချင်းထဲ ဘုရားလိုပွင့်လို့
တိုင်းပြည်ရဲ့သစ္စာဖောက်တွေတောင်
သူတို့ရဲ့ စိတ်ကြီးဝင်မှုဦးထုပ်ကို ချွတ်
အယောင်ယောင် အနနနဲ့  ငါတို့ကို အကြိမ်ကြိမ်ဦးညွှတ်နေကြမှာ ။

ငါတို့ရဲ့ အုတ်ဂူမှာ
ငါတို့ရဲ့မြေပုံမှာ
ငါတို့ပြာတွေကို စိုက်ပျိုးထားထားတဲ့ မြစ်ပြင်မှာ
ငါတို့ချီတက်ခဲ့ကြတဲ့ တောအုပ်တောင်တန်းများရဲ့ ကျောပြင်မှာ
အပျော်ရောင် တောပန်းတောင်ပန်း​လေးများ နှင်းရည်မိုးသားလို တဖွဲဖွဲအဆုပ်ဆုပ် ပွင့်လာမှာ ။

ရန်သူငနဲသားတွေ သေဆုံးမှုဟာ ငါတို့ရဲ့ ရဲရင့်ခြင်းအင်္ကျီဖြစ်ပြီး
ငါတို့ရဲဘော်တွေ ကျဆုံးရတာ
ကျည်မရှိတဲ့ သေနတ်တွေ ထမ်းပိုးထားရတဲ့ လေးလံမှုကြောင့်ဖြစ်ပါတယ် ။

မြက်ရှစ်ဆုပ်ကြဲသလို
ငါတို့ညီအစ်ကိုတွေရဲ့ နွေဦးအလံပေါ်  မြေမှုန်မြေသားတွေကြဲချပြီးတဲ့အခါ
ငါတို့ဟာ စနက်တံဖြုတ်ထားတဲ့ဗုံးလို ရန်သူ့သွေးကို ပိုမိုဆာလောင်ခဲ့ကြတယ် ။

ချစ်သူတွေကို သင်္ဂြိုဟ်ပြီးတဲ့အခါ
အိမ်ပြန်ကြစို့လေ
ငါ့အိုးစားဖက်က ခေါ်နေတယ်
" စစ်ပွဲဟာ ငါတို့အိမ်
စစ်မြေပြင်ဟာ ငါတို့အိပ်ရာ
သေဆုံးမှုဟာ ငါတို့ရဲ့ မွန်မြတ်ခြင်းပဲ
ချောတိုင်တက်သူလို
အမြင့်ရောက်ဖို့ အမြင့်ကို မကြောက်ရဘူးညီအစ်ကိုတို့.."

ပြီးတော့
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်
တယောက်ကိုတယောက် ပြန်မတွေ့ကြတော့မယ့်သူလို
တင်းတင်းဖက်ထားခဲ့ကြတယ်။

ပြီးတဲ့အခါ
ချစ်သူ့ဓာတ်ပုံ
မိသားစုဓါတ်ပုံတွေ ကျောပိုးအိတ်ထဲ ကိုယ်စီထည့်
ယမ်းနံ့ပြာနံ့စွဲနေတဲ့ မြူခိုးခရီးဆက်ခဲ့တယ် ။

ဆာလောင်နေတဲ့အခါ ဓာတ်ပုံတွေက ငါတို့မေးရိုးကို ပိုမိုခိုင်မာစေပြီး
ငါတို့ရဲ့အရိုးနဲ့ ကြွက်သားတွေကို  ကယ်လ်စီယမ်ဓာတ်အပြည့် သန်မာစေခဲ့လို့
လက်ဆယ်ချောင်းမပြည့်တဲ့ ခွဲတမ်းကျည်ဆန်တွေတောင်
ငါတို့ရဲ့ အံကြိတ်သံတွေကို ဖမ်းယူပြီး ရန်သူ့အရေပြားထဲ သွန်ချနေအုံးမှာ ။ ။

၁၃_၃_၂၀၂၃ 


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar