မာတီနာ - အမျိုးသမီးများနေ့
အမျိုးသမီးများနေ့
မာတီနာ
(မိုးမခ) မတ် ၈၊ ၂၀၂၃
“အထည်ချုပ်စက်ရုံများမှာလည်း အော်ဒါနည်းပါးလာခြင်းကြောင့် နောက် ထပ်ထွက်ခွာသွားရန်လည်း ရှိနေပြန်ရာ ယခု ၂၀၂၃ နှစ်ဆန်းပိုင်း၌ပင် ရန်ကုန်မြို့ရှိစက်မှုဇုန်များတွင် အလုပ်လက်မဲ့ဦးရေ သောင်းနှင့်ချီ ရှိလာနိုင်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက သုံးသပ်ပြောဆိုသည်။(ဧရာဝတီ၊ ဖေဖော်ဝါရီ, ၂၀၂၃)
အထည်ချုပ်စက်ရုံဆိုတာ အလုပ်သမားအများစုက အမျိုးသမီးတွေပါ။ အနယ်နယ် အရပ်ရပ်ကလာပြီးအလုပ်လုပ်ကြတာမို့ အထည်ချုပ်စက်ရုံတွေကအဆောင်တွေ စီမံပေးထားတတ်တယ်။ အဲဒီလိုအဆောင်တွေ ကိုယ်တို့ရပ်ကွက်ထဲမှာ အများကြီးရှိတယ်လေ။ မနက် ၇ နာရီခွဲ ၈ နာရီလောက်ဆို သူတို့ အလုပ်သွားကြပြီ။ ညနေငါးနာရီခွဲ ခြောက်နာရီလောက်ဆိုပြန်လာကြပြီ။ သူတို့ အလုပ်သွားချိန် ပြန်ချိန်ဆို လမ်းပေါ်မှာရောင်စုံမိန်းကလေးတွေ အစုလိုက် အစုလိုက် ပြည့်သွားတာ။ တကယ့် အရွယ် ကောင်း၊ ပိန်ပိန်သွယ်သွယ်၊ ချစ်စရာလေးတွေ။
ဈေးသက်သက်သာသာနဲ့ရောင်းတဲ့ ထမင်းဟင်းဆိုင်ကလေးတွေလဲ သူတို့ အလုပ်ပြန်ချိန်နဲ့ ကိုက်ပြီးဖွင့်ကြတာပဲ။ ကိုယ်တို့လိုအပျင်းကြီးတဲ့ အိမ် ရှင်မတွေအတွက်လဲ အများကြီးအကူအညီဖြစ်တဲ့ ဆိုင်ကလေးတွေပေါ့။ ကိုယ်ကတော့ ကြိုးကြိုးစားစားနေထိုင်ကြတဲ့ မိန်းကလေးတွေကိုကြည့်ပြီး သိပ်သဘောကျတာ။ အဲ၊ ရပ်ကွက်ထဲကကာလသားတချို့လဲသဘော ကျကြတာပေါ့လေ။
တနင်္ဂနွေလို၊ လပြည့်နေ့တွေလိုရုံးပိတ်ရက် အလုပ်ပိတ်ရက်တွေမှာဒီမိန်းကလေးတွေဟာ လှလှပပပြင်ဆင်ဝတ်စားလို့ အပြင်ထွက်ကြတယ်။ သူတို့နားမှာသူတို့ကိုစောင့်ရှောက်သူလား၊ သက်ဆိုင်သူလား၊ မသိနိုင်တဲ့ ယောက်ျားလေးတွေလဲ ပါတတ်တယ်။ နုပျိုတက်ကြွနေတဲ့ သူတို့ကိုကြည့်မြင်ရတာ စိတ်ချမ်းမြေ့စရာ ကောင်းလှပါတယ်။
လခထုတ်ရက်ဆိုရင်တော့ ရပ်ကွက်ထဲမှာအနည်းအကျဉ်းရှိတဲ့ အေတီအမ်စက်တွေကို သူတို့ ပဲသုံးလေးရက်လောက် ပိုင်စိုးထားလိုက်တော့တာ။ ရပ်ကွက်ဈေးကလေးထဲက ဖန်စီပစ္စည်းဆိုင်တွေ၊ အဝတ်အထည်ဆိုင်တွေမှာလူတွေစည်ကားလို့။ သူတို့ရဲ့ ဇာတိရပ်ရွာကမိဘဆွေမျိုးများလဲပျော်ရွှင်ကြတဲ့ရက် ဖြစ်မှာပေါ့။
ခု ကိုဗစ်ကာလအပြီးမှာတော့ အဲဒီလိုအလုပ်သွားနေတဲ့ မိန်းကလေးတွေရှိတော့ရှိနေသေးပေမဲ့ အရင်လိုမများတော့ဘူး။ ညနေဘက်ရောင်းတဲ့ ထမင်းဆိုင်ကလေးတွေလဲ အရင်လိုမရောင်းရတော့ဘူး။ သူတို့တွေဘယ် ကိုများရောက်သွားလဲ။ ဇာတိရပ်ရွာကိုပဲ ပြန်သွားကြတာလား။ ထိုင်းနိုင်ငံဘက်ကိုများ သွားကြသလား။ ဒါမှမဟုတ် ပန်ဝါကိုများ ..
ပန်ဝါဟာ သိပ်လှသတဲ့။ သိပ်အေးတဲ့ ဒေသဖြစ်လို့ နှင်းတွေတွေ့ချင်ရင် နိုင်ငံခြားထိသွားစရာမလိုပါဘူးလို့ ခရီးသွားဘလော့ဂါတွေ၊ အလည် အပတ်ခရီးစဉ် စီစဉ်သူတွေက ပြောကြတယ်။ ဓါတ်ပုံတွေထဲမှာလဲ မြင့်မားတဲ့တောင်တန်းတွေ၊ ဖြူးဖွေးနေတဲ့ နှင်းတွေနဲ့ သိပ်လှတာပဲ။ ကြော်ငြာဓါတ်ပုံဆိုတာက ဆွဲဆောင်မှုရှိတဲ့ ရင်သပ်ရှုမောဘွယ်ကောင်းတဲ့မြင်ကွင်းပုံရိပ်တွေသာ ဖော်ပြကြတာကိုး။ အဲဒီပန်ဝါက မြန်မာနိုင်ငံထဲကမြို့တမြို့ဆိုပေမဲ့ ပြည်တွင်းကနေ လမ်းကောင်းကောင်းမရှိတာမို့ တရုတ်ပြည်ဘက်ကနေ ပတ်သွားရသတဲ့။ ကံပိုက်တီးမြို့မှာဖြတ်သန်းခွင့်လက်မှတ် ပတ်စပို့လုပ်ရတယ် လို့ ဆိုတယ်။
ကံပိုက်တီးမြို့ကိုလဲ ကံကောင်းခြင်းတွေပိုင်ဆိုင်ပြီး တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကံပိုင်တည်လို့ ပြောင်းထားပြီလေ။ အလုပ်အကိုင်ရကောင်းရဲ့ ဆိုပြီးတက်သွားကြတဲ့ အမျိုးသမီးလေးတွေလဲ ကံကောင်းခြင်းတွေပိုင်ဆိုင်ပြီး တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကံပိုင်တည်ကိုဖြတ်ပြီးမှ ပန်ဝါမြို့ကိုရောက်ကြမှာပေါ့။ အမျိုးသမီးလေးတွေရဲ့ အလှကြောင့် ပန်ဝါဟာပိုပြီးလှလာမှာပေါ့။
“အိပ်ရာခင်းအလုပ်သည် တလလျှင် တရုတ်ယွမ်ငွေ ၅,၀၀၀မှ ၁၀,၀၀၀ ကြားရရှိပြီး လစာနှုန်းထားအမြင့်ဆုံးဖြစ်သည်။”(Myanmar Resource Watch)
၁ ယွမ်ကို မြန်မာကျပ် ၃၀၀ ဝန်းကျင် ရှိပါတယ်။ ယွမ် ၅၀၀၀ ဆိုဆယ့်ငါးသိန်းဝန်းကျင်ရတာပေါ့လေ။
မာတီနာ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar