အာဏာသိမ်းစစ်တပ်က ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥပဒေထုတ်ပြန်
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၃ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၆
အာဏာသိမ်းစစ်တပ်က ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥပဒေထုတ်ပြန်
အာဏာသိမ်းထားတဲ့ စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပြီးနောက် သီတင်းတပတ်ကျော်အကြာမှာ မတ်လထဲ စတင်ခေါ်ယူမယ်ဆိုတဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် အများစုပါဝင်မယ့် လွှတ်တော် မတိုင်ခင်မှာ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥပဒေလို့ အမည်ပေးထားတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကို အကြံပေးနိုင်မယ့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းတရပ် ဖွဲ့စည်းဖို့ ဥပဒေကို လက်ရှိစစ်တပ်ခေါင်းဆောင်က လက်မှတ်ထိုး ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မကြာသေးခင် ရက်အနည်းငယ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့ ကို ရောက်ရှိခဲ့စဥ် ၄င်းတည်းခိုတဲ့ မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မန္တလေးဒေသက ပြောက်ကျားအဖွဲ့တဖွဲ့ဖြစ်တဲ့ BWM က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိခိုက်ဒဏ်ရာရခဲ့တယ် ဆိုတဲ့ ကောလဟလ သတင်းတွေ ရက်အနည်းငယ် ထွက်ပေါ်နေခဲ့တဲ့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးကို လက်ခံတွေ့ဆုံတဲ့ သတင်းဓါတ်ပုံတွေလည်း ဒီနေ့မှာ ထွက်ရှိလာသလို ပြည်ထောင်စု အတိုင်ပင်ခံ ဥပဒေကိုလည်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအတော်များများ နဲ့ ကုလသမဂ္ဂတို့က အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲနဲ့ ဥပဒေပြုအာဏာရလာမယ့် လွှတ်တော် မကျင်းပမီမှာ ဘာကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတဲ့ ကာ/လုံရဲ့ အာဏာကိုသုံးပြီး ဒီဥပဒေကို ပြဋ္ဌာန်းရတာလဲလို့ အများက မေးခွန်းထုတ်စရာလည်း ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ ကြိုတင်မဲတွေ ၊ ကြံ့ခိုင်ရေးကို မဲပေးအောင် တည့်တည့်တမျိုး သွယ်ဝိုက်ပြီး တဖုံ လုပ်ဆောင်ခဲ့ကြသလို အစိုးရဝန်ထမ်းနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေနဲ့ ၄င်းတို့မိသားစုတွေကိုလည်း ဖိအားပေးခဲ့ကြတာကြောင့် ဒီဇင်ဘာ ၂၈ ကနေ ဇန်နဝါရီ ၂၅ ရက်နေ့အတွင်း ၃ ပိုင်းခွဲကျင်းပခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးပါတီက နေရာအများစုကို အနိုင်ရခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းဖို့ ဥပဒေပြဌာန်းရာမှာ ကြံ့ခိုင်ရေးပါတီ အများစုနေရာရတဲ့ လွှတ်တော်ကျင်းပတဲ့အထိ မစောင့်တာလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီက လွှတ်တော်စစချင်း တင်သွင်းတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာဥပဒေ နဲ့ အခု ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥပဒေကို နှိုင်းယှဥ် သုံးသပ်ပြောဆိုကြတာလည်း ရှိနိုင်ပါတယ်။ ထိုအချိန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို လွှတ်တော်ခေါ်ယူပြီးမှ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီး တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ NLD ကိုယ်စားလှယ်မဲ အများစုနဲ့ အဆိုပါ ဥပဒေကို အတည်ပြုနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတော်၏ အတိုင်ပင်ခံ ဥပဒေက ပုဂ္ဂိုလ်တဦးတယောက်ထည်းအတွက် ရည်ရွယ် ရေးသားထားတာ ဖြစ်ပြီး ဒီနေ့ ထုတ်ပြန်ပြဋ္ဌာန်းတဲ့ ဥပဒေက အဖွဲ့ဝင် ၅ ဦးထက်မနည်းပါဝင်တဲ့ ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီ အဖွဲ့ဖွဲ့စည်းဖို့ လို့ ဖေါ်ပြထားပါတယ်။
ဒီ ပေါ်ထွက်လာမယ့် ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီ အဖွဲ့ဟာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာကိစ္စရပ်များ နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း လုပ်နိုင်တယ်လို့ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဆိုရင် ကာကွယ်ရေး လုံခြုံရေး နိုင်ငံတကာ ဆက်ဆံရေး ကိစ္စရပ်တွေ အတွက်လို့ဆိုထားတာကြောင့် စစ်ဗိုလ်ချုပ်ဟောင်းတွေ နဲ့ ဖွဲ့စည်းမယ့် သဘောလို့လည်း မှန်းဆရပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ သမ္မတရာထူးကို ယူမှာလား၊ တပ်ချုပ်အဖြစ် ဆက်နေမှာလား သို့မဟုတ် ဒီကောင်စီမှာ နေရာယူပြီး စီမံခန့်ခွဲမှာလား ဆိုတဲ့မေးခွန်းအမျိုးမျိုး ရှိနိုင်ပါတယ်။ သမ္မတရာထူးမှာ လုပ်ချင်တာကတော့ အငြင်းပွားစရာ မရှိပါဘူး။ ရွေးကောက်ပွဲ နေ့ သတင်းမီဒီယာ တခုက ရွေးကောက်ပွဲပြီးရင် သမ္မတလုပ်မှာလား မေးလိုက်တဲ့အခါ ပေါ်လာတဲ့မျက်နှာပေါ်က ကျေနပ်တဲ့အမူအရာက ၄င်းရဲ့ ဖြစ်ချင်တဲ့ စိတ်ကူးကို မေးခွန်းက တည့်တည့်မေးလိုက်တဲ့ သဏ္ဍာန်ပေါက်ပါတယ်။
တဖက်မှာလည်း စစ်တပ်ကနေ အငြိမ်းစားယူလိုက်တဲ့အခါ အချိန်ကာလတခုကျရင် စစ်တပ်ကို အမိန့်ပေးနိုင်၊ စီမံနိုင်တဲ့ သြဇာ၊ ပါဝါ ဆုံးရှုံးသွားတဲ့ သာဓကတွေ အရင် တပ်ချုပ် နဲ့ ခေါင်းဆောင်လုပ်ခဲ့တဲ့ ခေတ် ၂ ဆက်မှာ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ဖြစ်ပွားပြီးနောက် စစ်တပ်ကို အာဏာသိမ်းဖို့ ညွှန်ကြားခဲ့ပြီး နိုင်ငံရေးမြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်နေဝင်းဟာ နှစ်အနည်းငယ်အကြာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို သြဇာမရှိတော့တဲ့ အဖြစ်နဲ့ ကြုံတွေ့ခဲ့ရသလို ၂၀၁၀ မှာ စစ်တပ်နဲ့ အစိုးရအဖွဲ့က တာဝန်တွေက အနားယူသွားတဲ့ စစ်ခေါင်းဆောင် သန်းရွှေဟာလည်း နှစ်အနည်းငယ်ကြာပြီးနောက် စစ်တပ်နဲ့ အစိုးရအဖွဲ့အပေါ် သြဇာမရှိတော့တဲ့ အစဥ်အလာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
မင်းအောင်လှိုင် အနေနဲ့ ဒီအစဥ်အလာတွေကို ကောင်းကောင်း နားလည်သိရှိတာကြောင့် စစ်တပ်ကို ဆက်လက်သြဇာ ပေးနိုင်မယ့် နည်းလမ်းနဲ့ လိုအပ်တဲ့ အဖွဲ့အစည်း၊ လမ်းညွှန်မှုတွေ ပြင်ဆင်ထားဖို့ လုပ်ဆောင်လိမ့်မှာ သံသယရှိစရာ မလိုပါဘူး။
အခု ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမယ့် ဥပဒေ ပြဌာန်းခြင်းဟာ အာဏာတချို့ကို ခွဲဝေဖြန့်ထားဖို့ ရည်ရွယ်တာလည်း ဖြစ်နိုင်ပါတယ်။ လွှတ်တော်၊ အစိုးရအဖွဲ့၊ သမ္မတ ဆိုတာတွေက စစ်တပ်က အာခံ၊ ဆန့်ကျင်ခဲ့ရင် လက်တွေ့မှာ အာဏာမရှိတော့တာမျိုး ၂၀၂၁ စစ်အာဏာသိမ်းမှုက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
အာဏာရှင်တွေရဲ့ သက်တမ်းဟာ ကာလ အကန့်အသတ်တခု ရှိစမြဲဖြစ်တာကြောင့် မင်းအောင်လှိုင် အနေနဲ့ စစ်တပ်ရာထူးကို မစွန့်ခွာလို့ မဖြစ်တဲ့ အနေအထားရောက်ချိန် ဘယ်လို စွန့်ခွာပြီး ဆက်လက်ကြိုးကိုင်ဖို့ ကြိုးစားမလဲ ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုတွေထဲက အခု ဥပဒေပြဋ္ဌာန်းမှုက တခုသော လုပ်ဆောင်ချက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ခေတ်သစ်မြန်မာ့သမိုင်းမှာ စစ်ခေါင်းဆောင်တွေ တဦးပြီးတဦး အာဏာရယူကာ စစ်တပ် ကြီးစိုးတဲ့ အဖွဲ့အစည်းတွေက အာဏာရယူခဲ့ကြတာ ဆယ်စုနှစ် ၇ ခုဝန်းကျင်ရှိနေပြီဖြစ်လို့ မင်းအောင်လှိုင် ပြုတ်ကျဖို့ အာဏာမရှိဖို့ထက် မင်းအောင်လှိုင် လိုမျိုး စစ်ခေါင်းဆောင် နောက်တဦး တက်လာပြီး နိုင်ငံရဲ့ အာဏာ အုပ်ချုပ်မှုကို နေရာယူတာမျိုး မဖြစ်ဖို့ ရည်မှန်းချက်ထားကြရမှာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar