Breaking News

မိုးဇော်ဦး - ဦးဝင်းတင် ၊ ရွှေဂုံတိုင်ကြေညာချက်နဲ့ ဒီမိုကရေစီ ကျင့်စဉ်

မိုးဇော်ဦး - ဦးဝင်းတင် ၊ ရွှေဂုံတိုင်ကြေညာချက်နဲ့ ဒီမိုကရေစီ ကျင့်စဉ်

(မိုးမခ) မတ် ၇၊ ၂၀၂၃


(မိုးဇော်ဦးရေးသည့် စာအုပ် "ဦးဝင်းတင်  သို့မဟုတ် အရေးတော်ပုံ ကျားရဲ၏ အန္တိဒဏ္ဍာရီ" မှ ကူးယူဖော်ပြပါသည်။)

အဘ ထောင်ကလွတ်ပြီး (၇) လလောက်အကြာ ၂၀၀၉ ခုနှစ် ဧပြီလမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဗဟိုကော်မတီ၊ ပြည်နယ်နဲ့ တိုင်း စည်းရုံးရေးအဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အမျိုးသမီး၊ လူငယ်တွေ ပါဝင်တဲ့ အစည်းအဝေးကြီး တစ်ခုကျင်းပပြုလုပ်ခဲ့ပါတယ်။ 

အဲဒီ အစည်းအဝေးကြီးက “ရွှေဂုံတိုင်ကြေညာစာတမ်း” ကို ထုတ်ပြန်ခဲ့ပါတယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းရဲ့ အဓိကပိသုကာက အဘပဲ ဖြစ်ပါတယ်။ ကြေညာစာတမ်းရဲ့ အနှစ်သာရကို ကြည့်ရင် “စု၊လွှတ်၊ပြန်တွေ့” မှာ အခြေခံပါတယ်။ ဒါပေမဲ့ ဒီတကြိမ် မှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီနည်းလမ်းများနဲ့ ညီညွတ်အောင် ပြန်လည် သုံးသပ်ပြင်ဆင်ဖို့ ဆိုတာ ပါပါတယ်။ လွှတ်တော်ခေါ်ယူရေး နေရာမှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဖို့ဆိုပြီး ပြောင်းလဲ ပြင်ဆင်ထားပါတယ်။ 

တကယ်လို့ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် NLD အနေနဲ့ အဖွဲ့ချုပ် ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင်ပြုဖို့ တောင်းဆိုထားပါတယ်။ အမှန်က စစ်အစိုးရက အဘတို့ကို လွှတ်ပေးတဲ့အချိန်မှာ အခြေခံဥပဒေကို အတုအယောင် ပြည်သူ့ ဆန္ဒခံယူပွဲနဲ့ အတည်ပြုပြီးပါပြီ။ သူတို့လိုချင်တဲ့ အခြေအနေအရပ်ရပ်ကို အခြေခံဥပဒေနဲ့ ဖန်တီး တည်ဆောက်ပြီးမှ အဘတို့ကို လွှတ်လိုက်တာပါ။ ပြီးခဲ့တာတွေ တခန်းရပ်ပြီး အသစ်စချင်တဲ့ သဘောပါ။ ဒါပေမဲ့ အဘတို့ရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း သဘောထားတွေက သူတို့လုပ်ချင်တိုင်း လုပ်ဖို့ ခွင့်မပြုခဲ့ပါဘူး။ 

၂၀၁၀ ခုနှစ် မတ်လဆန်းမှာ စစ်အစိုးရက ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်တွေ ထုတ်ပြန်ပြီး နိုင်ငံရေးပါတီတွေ အသစ်ပြန် မှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့ ကြေညာပါတယ်။ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အငြင်းအခုံဖြစ်ကြပါတယ်။  ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် မှတ်ပုံအသစ်ပြန်တင်ရပါမယ်။ မှတ်ပုံတင်ရင် လောလောဆယ် ထောင်ကျနေတဲ့ သူတွေကို အဖွဲ့ဝင်အဖြစ် စာရင်းသွင်းလို့ မရပါဘူး။ သဘောက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို အဖွဲ့ဝင် အဖြစ် လက်ခံလို့ မရပါဘူး။ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ရင် NLD ရဲ့ “ရွှေဂုံတိုင် ကြေညာစာတမ်း” နဲ့ မကိုက်ညီပါဘူး။ ကြေညာစာတမ်းက တောင်းဆို ထားတဲ့ အချက်တွေကို စစ်အစိုးရက တခုမှ ဖြည့်ဆည်းပေးထားတာ မရှိသေးပါဘူး။ 

ဒါပေမဲ့ တဖက်ကလည်း မှတ်ပုံမတင်ရင် အဖွဲ့ချုပ်က တရားမဝင်အဖွဲ့အစည်း ဖြစ်တော့ မှာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အဘက ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ မကပဲ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် အောက်ခြေက အဖွဲ့ဝင်တွေရဲ့ သဘောထားလည်း ပါအောင် ဗဟိုကော်မတီ အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ဖို့ အဆို တင်ပါတယ်။ တကယ်တမ်း အဲဒီအချိန်က ရွေးကောက်ပွဲမဝင်ဖို့ သဘောထား ရှိတာက အဘရယ်၊ ဦးဉာဏ်ဝင်းရယ်၊ ဦးအုန်းကြိုင်ရယ်၊ ဦးဟံသာမြင့်ရယ် လောက်ပဲ ရှိကြပါတယ်။ ကျန်တဲ့ စီအီးစီ အဖွဲ့ဝင်တွေက ရွေးကောက်ပွဲဝင်ဖို့၊ မှတ်ပုံတင်ဖို့ သဘောထားရှိကြ ပါတယ်။ အဲဒီအချိန်မှာ အဘက အင်တာဗျူး တစ်ခုမှာ သူ့ သဘောထားကို အခုလို ပြောခဲ့ပါတယ်။ 

“ကျနော်တို့ ဒီအဖွဲ့အစည်းကို တည်ထောင်တဲ့ သူထဲမှာ ကျနော်လည်း တယောက် အပါ အဝင်ဖြစ်ပါတယ်။ ကျနော်  ပါတီအပေါ်မှာ သံယောဇဉ်ရှိပါတယ်။ ဒီပါတီရဲ့ အရှည် တည်တံ့ရေး၊ ခိုင်မြဲရေးကို လိုလားပါတယ်။ သို့သော် ကျနော်ကတော့ ဘယ်လို တွက်လဲဆိုတော့ ဘာပဲပြောပြော ဒီစစ်အစိုးက အခုလုပ်နေတာက ကျနော်တို့ရဲ့ ပါတီတွင်းကိစ္စကို ဒေါ်အောင်ဆန်း စုကြည်လို ပုဂ္ဂိုလ်မျိုးကို မောင်းထုတ်ဖို့ လုပ်တယ်။ ဘာပြလဲဆိုလို့ရှိရင် ကျနော်တို့မှာ ဘာမှကို နိုင်ငံရေးမရှိ လောက်အောာင် လုပ်တာ။ ကျနော့်သဘောက ဘာလဲဆိုတော့ ပါတီတရပ်ဟာ နိုင်ငံရေး ရှိရမယ်။ နိုင်ငံရေးမရှိရင် ဒီပါတီဟာ ဘာမှအသုံးမကျဘူးလို့ ယူဆတယ်။ ကျနော့် ပုဂ္ဂိုလ်သဘော ခံယူချက်။ အဲတော့ နိုင်ငံရေးရှိပြီးတော့ ပါတီမရှိရင်တောင်မှ လှုပ်ရှားလို့ ရတယ်လို့ ကျနော်ယုံတယ်။ နိုင်ငံရေး မရှိဘဲနဲ့ ပါတီရှိနေလို့ အလကားပဲ။ ပါတီသာရှိပြီးတော့ နိုင်ငံရေးမရှိရင်လည်း ခေါင်းမရှိတဲ့လူလို ဖြစ်မှာပဲလို့ ကျနော် ပြောခဲ့တယ်။ အဲဒါကြောင့် ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုး ကျနော် လက်မခံနိုင်ပါဘူး။” 

အဘက နိုင်ငံရေးပါတီတခုအနေနဲ့ နိုင်ငံရေးဂုဏ်သိက္ခာရှိဖို့လိုတယ်ဆိုတာ မီးမောင်းထိုးပြခဲ့ပါတယ်။ နောက်ဆုံး မတ်လ (၂၉) ရက်နေ့ ဗဟိုကော်မတီမှာ ဆုံးဖြတ်တော့ မှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲမဝင်ဘူးဆိုတဲ့ ဘက်က အနိုင်ရခဲ့ပါတယ်။ ဗဟိုအလုပ်အမှုဆောင်ထဲက တချို့ အပါအဝင် NLD အဖွဲ့ဝင်တချို့က NLD ထဲကထွက်ပြီး ပါတီအသစ်ထောင်၊ ရွေးကောက်ပွဲ ဝင်ကြ ပါတယ်။ အဘက သူတို့ကို လူထုဒေါ်အမာ ဘာသာပြန်ထားတဲ့ အဂ္ဂါစနိုးရဲ့ စာအုပ် “The Other Side of the River” မြစ်တဖက်ကမ်းက လူတွေလို့ သဘောထားပါတယ်။ ဆိုလိုတာက မြစ်တစ်စင်း ခြားနေပြီး ဟိုဘက်ဒီဘက် လောလောဆယ် ပေါင်းဖက်မရသေးဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ 

ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် အစိုးရနဲ့ကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာပါတယ်။ အကျိုးဆက်အနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ထွက်လာပြီး ၂၀၀၈ အခြေခံ ဥပဒေကို လေးစားလိုက်နာရေး ဆိုတဲ့စကားရပ်ကို ပြောင်းလဲသုံးစွဲခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား (ဟောင်း) တွေကို နိုင်ငံရေးပါတီများမှာ ဝင်ရောက်ခွင့်မရနိုင်အောင် ကန့်သတ်ထားတဲ့ အချက်တွေ ကိုလည်း ပြင်ဆင်လိုက် ပါတယ်။ အဲဒီလိုနဲ့ NLD က ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့မှာ အစည်းအဝေး ထိုင်ပြီး ပါတီ မှတ်ပုံတင်ဖို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ 

အဘက ရွှေဂုံတိုင်ကြေညာစာတမ်းအတိုင်းပဲ ရပ်တည်ပြီး ရွေးကောက်ပွဲဝင်တာကို သဘောမတူ ပါဘူး။ ဒါပေမဲ့ အများသဘောနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ကို သူလည်း လေးစားလိုက်နာပါတယ်။ “ဗဟိုဦးစီးအစည်းအဝေးမှာ အားလုံးကန့်ကွက်သူ မရှိဘူးဆိုရင် ပါတီ မှတ်ပုံတင်၊ ရွေးကောက်ပွဲဝင် ဆိုတာကို အားလုံးကလည်း ဝိုင်းလုပ်ကြရမယ်လို့ ဒေါ်စုက ပြောလိုက်တော့ ဆရာတို့အားလုံးမှာ ဒါကို ဝိုင်းလုပ်ကြဖို့ တာဝန်ရှိသွားပြီပေါ့။” လို့ မိုးမခ အင်တာဗျူးတစ်ခုမှာ အဘက ပြောပါတယ်။ ဆိုလိုတာက ဆုံးဖြတ်ချက်ချပြီး ရင်တော့ အားလုံး ဝိုင်းလုပ်ဖို့ တာဝန်ရှိတဲ့အတွက် အဘလည်း ဝိုင်းလုပ်ဖို့ တာဝန်ရှိ သွားပြီလို့ ပြောတဲ့သဘောပါ။ 

မိုးမခမီဒီယာက “ဆရာကိုယ်တိုင်လည်း ရွှေဂုံတိုင် ကြေညာချက်ကို လက်ခံသူ၊ ထောက်ခံသူ တစ်ဦးဖြစ်နေရက်နဲ့ NLD ပါတီဝင်တစ်ဦး ဖြစ်နေတဲ့အတွက် အများဆုံး ဖြတ်ချက်ကို လက်ခံပြီးတော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ရှေ့လုပ်ငန်းစဉ် တွေမှာ ဝင်ပြီး လုပ်ကိုင် ဆောင်ရွက် နေရတယ်လို့ ပြောရင် ရမလား” လို့ မေးတာကို ပြောလို့ရပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့လည်း ရွေးကောက်ပွဲဝင်ရေး၊ ရွေးကောက်ပွဲ အောင်နိုင်ရေးတွေ၊ ပါတီ ပြန်လည် ထူထောင်ရေး တွေမှာ ဝင်ရောက် လုပ်ကိုင်နေတာကို တွေ့နိုင်ပါတယ်။” လို့ ပြန်ဖြေပါတယ်။ အဘက သူ့ရဲ့ ကိုယ်ပိုင် သဘောထား ဘယ်လိုပဲ ရှိရှိ အများသဘောနဲ့ ဆုံးဖြတ်ပြီးတဲ့အခါမှာ ဒီမိုကရေစီရဲ့ ကျင့်စဉ်အတိုင်း အများသဘောကိုပဲ စံပြ လေးစား လိုက်နာပြလိုက်တာဖြစ်ပါတယ်။ တချို့ပုဂ္ဂိုလ်တွေလို ပါတီကနေ ခွဲထွက်တာ၊ သီးခြား အင်အားထူထောင်တာ၊ အပြင်ကနေ ကလန်ကဆန် လုပ်တာတွေ လုံးဝမရှိပါဘူး။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရကို ကောင်းကောင်း နားလည်ပြီး လက်တွေ့ကျင့်သုံး ပြသတာပဲ ဖြစ်ပါတယ်။ နောက်တချက်က ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခေါင်းဆောင်မှုကို လေးစားတာလည်း ဖြစ်ပါတယ်။ 

အဘက ၂၀၀၈အခြေခံဥပဒေကို လုံးဝလက်မခံပါဘူး။ ဒီအခြေခံဥပဒေက စစ်အာဏာရှင်က အနိုင်ကျင့် ရေးဆွဲထားတာဖြစ်ပြီး အနိုင်ကျင့် ပြဌာန်း၊ အနိုင်ကျင့် အကောင် အထည်ဖေါ်တာဖြစ်လို့ တခုလုံးကို သဘောမတူပဲ ပြင်ဆွဲရမယ်လို့ အဘက သဘောထား ပေးခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အခြေခံဥပဒေနဲ့ ပတ်သက်လို့ ကြေညာချက် အမှတ် (၉) မှာ ပြောထားတဲ့ အတိုင်းပဲ အဘက လက်ခံ ပါတယ်။ ဒီဖြစ်စဉ်နဲ့ပဲ ဒီလမ်းပြမြေပုံနဲ့ပဲ သွားရမယ်လို့ အဘက ဆိုပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် သြဂုတ်လမှာ ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်ရဲ့ သဘောထား (၁၂) ချက် ထွက်လာတော့ အဘက ဒီအတိုင်း ရပ်တည် ပါတယ်။ အဘရဲ့ ပုဂ္ဂိုလ်ရေး သဘောထားအရ လက်မခံပေမဲ့ ပါတီရဲ့ သဘောထားကို လေးစားတဲ့ အတွက် အဘက ပါတီ သဘောထားအတိုင်း ရပ်တည်တာပါ။ ဒါပေမဲ့ လူထု ဆွေးနွေးပွဲမှာ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လက်ရှိအခြေခံဥပဒေကို ပြင်မလား၊ အသစ်ရေးဆွဲမလား ဆန္ဒခံယူရင် အဘက အမြဲပဲ အသစ် ရေးဆွဲဖို့ ဆန္ဒပြုပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar