စစ်ရှိန်မြင့်လာတဲ့ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နဲ့ မြန်မာနိုင်ငံရဲ့ ဒေသအချို့
မြန်မာနွေဦး ခရိုနီကယ် - မတ် ၇ မြင်ကွင်း
(မိုးမခ) မတ် ၈၊ ၂၀၂၃
စစ်ရှိန်မြင့်လာတဲ့ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နဲ့ မြန်မာနိုင်ငံရဲ့ ဒေသအချို့
မြို့နယ် ၄၀ နီးပါးကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ ဖေဖော်ဝါရီလဆန်းနောက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အထက်ပိုင်းနဲ့ မန္တလေးတိုင်းက ဒေသအချို့၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် ထိစပ်ရာ ဒေသအချို့၊ ကရင်ပြည်နယ်က နေရာအချို့နဲ့ ကချင်ပြည်နယ် ဒေသအချို့တို့မှာ စစ်ပွဲတွေ ပိုမိုပြင်းထန်လာတာ တွေ့ရပါတယ်။ ဒီနေ့သတင်းတွေထဲမှာ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ် မှာ ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတဲ့ သတင်း၊ မကွေးတိုင်း အထက်ပိုင်းက မြို့နယ်တွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် လူအသွားအလာ တင်မက စားသောက်ကုန် ရိက္ခာ၊ ဆေးဝါးစတဲ့ ကုန်ပစ္စည်းတွေပါ သယ်ယူပို့ဆောင်နိုင်ခြင်းမရှိဘူးလို့ သတင်းတွေထဲ ဖော်ပြထားတာ တွေ့ရပါတယ်။
အလားတူ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ဧရာဝတီမြစ်ကမ်းတလျှောက်ရှိတဲ့ ရွာတွေကို စစ်ကြောင်းတွေ ဝင်ပြီး ဖမ်းဆီးတာတွေ သတ်ဖြတ်ခံရတာတွေ နေအိမ်မီးရှို့ခံရတာတွေ ရှိနေတဲ့အကြောင်းလည်း သတင်းတွေထဲ ဖော်ပြထားကြပါတယ်။
နောက်သတင်းတပုဒ်မှာတော့ ကယားပြည်နယ် နဲ့ ရှမ်းပြည်နယ် ထိစပ်ရာဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပင်လောင်းမြို့နယ်ထဲမှာ ဒေသခံ ထောင်ဂဏန်းနဲ့ချီ စစ်ဘေးရှောင် နေရတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ပင်လောင်းမြို့နယ် ၊ နောင်တရားမြို့နယ်ရဲ့ ကျေးရွာအချို့မှာ ကရင်နီတပ်မတော်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ကယားပြည်နယ် ရဲ့ ဒေသအများအပြားကို ကရင်နီတပ်မတော်၊ ကေအန်ဒီအက်ဖ် နဲ့ အခြားလက်နက်ကိုင် တပ်ဖွဲ့တချို့တို့ နေရာယူ စိုးမိုးထားကြပြီး ကယားပြည်နယ် ပြင်ပ ရှမ်းပြည်နယ် ထိစပ်ရာဒေသတွေအထိ တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာတာလည်း တွေ့ရပါတယ်။
ကချင်ပြည်နယ်မှာတော့ ဖားကန့် မြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ကေအိုင်အေတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ သတင်းတွေလည်း ဖော်ပြထားကြတာ တွေ့ရပါတယ်။ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာအုပ်စု၊ မှန်စိမ်းကျေးရွာအုပ်စုတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အရင်လပိုင်းတွေမှာ ကချင်ပြည်နယ်ထဲ တိုက်ပွဲဖြစ်ပွားမှု သိပ်မတွေ့ရပေမယ့် အခုဖေဖော်ဝါရီလက စလို့ တိုက်ပွဲတွေ ပြန်ပြင်းထန်လာတာ တွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အစပိုင်း မိုးမိတ် ၊ မြို့သစ် စတဲ့ဒေသမှာ မဟာဗျူဟာမြောက် စခန်းတွေ တောင်ကုန်းတွေ ကို သိမ်းယူနိုင်ဖို့တွက် ကေအိုင်အေနဲ့ စစ်ကောင်စီအကြားတိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ခဲ့ဖူးပြီး ဖားကန့်ဒေသမှာ ကြိုကြားကြိုကြား တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတာတွေ့ရပါတယ်။
ခု ရက်ပိုင်း ကရင်ပြည်နယ် ဖာပွန်ခရိုင်နဲ့ ညောင်လေးပင် မြို့နယ်ထဲက ဒေသအချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သတင်းတွေတွေ့ရပြီး ဒေသခံ ရာထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အကြောင်းသတင်းတွေထဲ ဖတ်ရှုရပါတယ်။ ကရင်ပြည်နယ် တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ ဒေသတွေမှာတော့ ပြင်းထန်တဲ့ တိုက်ပွဲသတင်းတွေ ခုရက်ပိုင်း မတွေ့ရပါဘူး။ မြဝတီ၊ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှု သတင်းတွေ ခုရက်ပိုင်းမတွေ့ရ ပေမယ့် ကရင်ပြည်နယ် အထက်ပိုင်းဖြစ်တဲ့ ဖာပွန် နဲ့ ညောင်လေးပင် တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ တွေ့ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ ရှမ်းပြည်နယ် ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် စတဲ့ ဒေသတွေမှာ လက်ရှိ တိုက်ပွဲဖြစ်ပွားမှု မရှိတာကြောင့် တပ်အင်အားအချို့ကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အထက်ပိုင်းနဲ့ ကချင်၊ ကရင်ပြည်နယ် ဒေသအချို့မှာ စုစည်းပြီး ထိုးစစ်ဆင်နေတဲ့ သဘောမျိုးလို့လည်း ယူဆရပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ဒေသတွေကို လအနည်းငယ်ကြာ ထိုးစစ်ဆင်ပြီး PDF အင်အား ၊ တိုင်းရင်းသား လက်နက်ကိုင် နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကို အင်အားနည်းအောင် ရည်ရွယ်ထိုးစစ်ဆင်ဖို့ ရည်ရွယ်တာလို့ လည်း ယူဆရပါတယ်။
အခုထိုးစစ်တွေအတွင်း ရက်စက်စွာ သတ်ဖြတ်မှုတွေ၊ ဒေသခံတွေရဲ့ ပိုင်ဆိုင်တဲ့ နေအိမ်၊ ရိက္ခာဖျက်ဆီးမှု ယူဆောင်မှု အရွယ်ရောက်သူရော အရွယ်မရောက်သေးသူ ကလေးသူငယ်အရွယ်ပါမကျန် သံသယရှိယုံနဲ့ သတ်ဖြတ်တာတွေ အမျိုးသမီးတွေကိုပါ သတ်ဖြတ်တာတွေ ကျူးလွန်နေကြတာ သတင်းတွေထဲ တွေ့ရတာ ဖြစ်ပါတယ်။ ဒီထိုးစစ်ဟာ စစ်ကောင်စီအဖို့ ရှိသမျှ အင်အားသုံးပြီး စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုတွေကို အနိုင်ယူဖို့ ကြိုးပမ်းမှု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီရည်မှန်းချက် အတွက် ရက်စက်မှု သတ်ဖြတ်မှု စစ်ရာဇဝတ်မှုလိုမျိုး ကျူးလွန်ဖို့လည်း ဝန်မလေးပဲ အထက်အမိန့်ပေးသူတွေက အောက်ခြေက တပ်တွေ ဘာလုပ်လုပ် ခွင့်ပြုထားတဲ့ သဘောလို့ ခန့်မှန်းရပါတယ်။ စစ်ဦး ဘီလူးလို့ မဆိုနိုင်ပေမယ့် စစ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ စစ်နှောင်း ဘီလူး လို့ ဆိုကောင်းဆိုရမယ့် ထိုးစစ်လို့ ဆိုရမယ့် သဘောလည်း ဖြစ်တာတွေ့ရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar