Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၆ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၆ )

(မိုးမခ) မတ် ၁၈၊ ၂၀၂၃

18/3/23

Diary in the darkness

ရာသီဥတုက ပူပြင်းစပြုနေပါပြီ။ ၈၄ ဒီဂရီ ဖာရင်ဟိုက်ရှိပါတယ်။ သာသာယာယာ ရှိပါတယ်။ ရပ်ကွက်ထဲမှာ လမ်းလျှောက်သူတွေ အတော်များများတွေ့ရပါတယ်။ လမ်းဘေးက အရိုင်းပေါက်နေတဲ့ ပန်းပင်တွေမှာလည်း ပန်းတွေပွင့်နေပါတယ်။ အထူးသဖြင့် ဇလပ်ဖြူပန်းတွေ၊ စွယ်တော်ပန်းတွေ၊ စံပါယ်ပန်းတွေ ပွင့်နေတာ တွေ့ရပါတယ်။ 

စစ်အာဏာမသိမ်းခင်က ခင်းထားတဲ့ ရပ်ကွက် ကွန်ကရစ်လမ်းအချို့ မှာ အက်ကြောင်း အစအနတွေ တွေ့နေရပါတယ်။ လမ်းမကြီးတွေမှာတော့ စစ်အစိုးရက လမ်းတွေ ကို ဟန်ပါပါတိုးချဲ့နေတာ တွေ့ရပါတယ်။

ဒီမနက် သတင်းတွေမှာတော့ မြောက်ပိုင်းတိုင်းရင်းသားအဖွဲ (၇) ဖွဲ့က မြန်မာနိုင်ငံငြိမ်းချမ်းရေးမှာ တရုတ် ပါဝင်စေ့စပ်တာကို လက်ခံကြောင်း ကြေညာချက်ထုတ်ပါတယ်။ တကယ်တော့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်နယ်ယ်မြေ ရှိကျေးရွာတွေမှာ တရုတ်အစိုးရရဲ့ ကျန်းမာရေးအဖွဲ့တွေဟာ ကိုဗစ်ရောဂါပပျောက်ရေးကို အကြောင်းပြု ဝင်ရောက်ကူညီနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တာ တနှစ်ကျော် ရှိခဲ့ပါပြီ။ ဇွန်ဇူးရဲ့ ရေလိုစိမ့်ဝင် ဆိုတဲ့ ဗျူဟာကို လက်တွေ့အသုံးပြုနေပုံရပါတယ်။ တရုတ်ဟာ စီးပွားရေးကိုလည်း အဲဒီဗျူဟာအတိုင်း အသုံးပြုတာ အလွန်အောင်မြင်ခဲ့ပါတယ်။ ဥပမာ အခွန်မဆောင်ထားတဲ့ တရုတ်မော်တော်ဆိုင်ကယ်တွေဟာ မြန်မာနိုင်ငံကကျေးရွာ အနှံ့အပြားမှာ မောင်းနှင်နေတာကို ကြည့်ရင် သိနိုင်ပါတယ်။ အဲဒီဆိုင်ကယ်တွေဟာ အသုံးပြုပြီးသာ ဂျပန် မော်တော်ဆိုင်ကယ်တွေရဲ့ အရည်အသွေးကိုမမီဘူးဆိုတာ သုံးစွဲနေတဲ့ မြန်မာတိုင်း သိပါတယ်။ ဒါပေမဲ့ ဈေးသက်သာမှု၊ အသုံးတည့်မှုရှိတဲ့အပြင်  အလွယ်တကူလည်း ရောင်းဝယ်နိုင်တာကြောင့် တရုတ်ဆိုင်ကယ်ကိုပဲ သုံးကြ၊ ရောင်းကြ၊ ဝယ်ကြတာပါ။ ဥပ‌ဒေအားနည်းပြီး အုပ်ချုပ်ရေးက ညံ့ဖျင်း၊ လာဘ်ပေးလာဘ်ယူမှုက အားကောင်းနေတဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ တရုတ်ရဲ့ စိမ့်ဝင်ရေးဗျူဟာ အတော်ကလေး အံကျဖြစ်သွားတဲ့ သဘောပါပဲ။ 

အခုအချိန်မှာလည်း တရုတ်ဟာ တူ တံစဥ် အလံကို ဘေးချပြီး တိုင်းရင်းသားလူနည်းစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အလံကို ကိုင်ဆောင်လာတာမို့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အား တက်တရော ထောက်ခံမှုကို ရရှိလာတာ ဖြစ်မယ်ထင်ပါတယ်။ ရလဒ်ကတော့ တရုတ်နယ်စပ်လုံခြုံရေးပိုမိုကောင်းမွန်ပြီး လူနည်းစုတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ယခုထက်ပိုမိုရရှိလာမယ်လို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ 

တချိန်က အမေရိကန်ဟာ ကွန်မြူနစ်ဆန့်ကျင်ရေးအလံကို ကိုင်ပြီး အရှေ့တောင်အာရှကို ဝင်ရောက်လာတဲ့ အခါ အရှုံးကြီးရှုံးသွားပြီး လူ့အခွင့်အရေးအလံကို လွှင့်တင်ပြီးနောက်တကျော့ ပြန်ဝင်လာတဲ့ အခါ မှသာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အပြည့်အဝ ရရှိကာ နိုင်ငံရေးအောင်ပွဲတွေ ဆက်တိုက်ရရှိနေတာ ယခုထက်ထိ မြင်တွေ့ နိုင်ပါတယ်။ 

ကျွန်တော်တို့ရဲ့ ပြည်သူခေါင်းဆောင်တွေကတော့ အရှိတရားကို အသိအမှတ်ပြု၊  နိုင်ငံသူ နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ တိုးတက်မှုကို မျက်နှာမူ၊ အင်အားကြီးနိုင်ငံများရဲ့ အကျိုးစီးပွားနဲ့ ချိတ်တွဲ၊ အာဏာရှင် အမြစ်ပြတ်ရေးအတွက် ပါးနပ်တဲ့ ခြေလှမ်းတွေ လှမ်းကာ ဆက်လက်ဆောင်ရွက်နေတာ တွေ့မြင်ရတော့ အမှောင်ညမှာ သက်ကယ်မိုးအပေါက်က ကြယ်ရောင်ကလေးတလက်လက်ကို မြင်ရသလို ကြည်နူးမျှော်လင့် မိတာတော့ အမှန်ပါပဲ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar