Breaking News

စောဝေ - လူထုနဲ့‌ တော်လှန်အနုပညာ

စောဝေ - လူထုနဲ့‌ တော်လှန်အနုပညာ

(မိုးမခ) မတ် ၁၉၊ ၂၀၂၃


နွေဦး

အညာက ပြာပုံထဲ

သွန်ချနေရတဲ့ မျက်ရည်ကလည်း

ကဗျာ ဖြစ်တယ်

မွှေးတယ် မြတယ် လှလွန်းတယ်

ငါ့ကဗျာက ညံ့လာတယ်။


နွေဦး

မြို့ပြက ယူဂျီလေးတွေ

ပလက်ဖောင်းပေါ်ကျတဲ့ သွေးက

ကဗျာ ဖြစ်တယ်

မွှေးတယ် မြတယ် လှလွန်းတယ်

ငါ့ကဗျာက ညံ့လာတယ်။


နွေဦး

အလံမလိပ် အသံမတိတ်

ဆန္ဒပြသပိတ်သံတွေက

ကဗျာ ဖြစ်တယ်

မွှေးတယ် မြတယ် လှလွန်းတယ်

ငါ့ကဗျာက ညံ့လာတယ်။


နွေဦး

အစုလိုက်အပြုံလိုက် အသတ်ခံနေရပေမဲ့

လူထုကြီး ညီနေတာ

ကဗျာ ဖြစ်တယ်

မွှေးတယ် မြတယ် လှလွန်းတယ်

ငါ့ကဗျာက ညံ့လာတယ်။


နွေဦး

ပြည်ပရောက်လူမျိုးစုံက

ပြည်သူ လက်နက်ကိုင်တွေအတွက်

ရန်ပုံငွေရှာ ဈေးရောင်းတာဟာ

ကဗျာ ဖြစ်တယ်

မွှေးတယ် မြတယ် လှလွန်းတယ်

ငါ့ကဗျာက ညံ့လာတယ်။


နွေဦး

ဘုရင်ရူးရဲ့ ထောင်ထဲက

သမီးနဲ့ ဂျန်ဇီတွေက

လက်မှတ်မထိုးဘဲ

သတ္တိပြ ခေါင်းမာတာက

ကဗျာ ဖြစ်တယ်

မွှေးတယ် မြတယ် လှလွန်းတယ်

ငါ့ကဗျာက ညံ့လာတယ်။


နွေဦး

ကောင်းကင်လေလှိုင်းပေါ်က

အမှန်တရားက

အားကောင်းသိမ်းပိုက်လာတာ

ကဗျာ ဖြစ်တယ်

မွှေးတယ် မြတယ် လှလွန်းတယ်

ငါ့ကဗျာက ညံ့လာတယ်။


နွေဦး

ရောင်းတန်းဝင် ခွေးဝဲစား အနုပညာတွေကြား

လူထုနဲ့ တသားတည်း

တောတောင်ထဲ မြို့ပြထဲ

ချွေးပေး သွေးပေး အသက်ပေး

အနုပညာရှင်တွေဟာ

မဟာကဗျာ ဖြစ်တယ်

ငါ့ကဗျာက ညံ့လာတယ်။


စကစ တော်လှန်ရေးကြောင့်

အသက်စွန့်ကြသူတိုင်းဟာ

ကြီးမြတ်တဲ့ သူရဲကောင်း ကဗျာဖြစ်တယ်

ငါ့ကဗျာက ညံ့ပါစေ။




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar