ခင်လေး (Aotearoa) - ဆိုင်ကလုန်း ဂယ်ဘရီရဲလ်ရဲ့ ရက်စက်မှုတွေ
ဆိုင်ကလုန်း ဂယ်ဘရီရဲလ်ရဲ့ ရက်စက်မှုတွေ
ခင်လေး (Aotearoa)
(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၃
ကိုယ်မိုးရွာရင် သိပ်ပျော်ပါတယ်။ ငယ်ငယ်တုန်းကတော့ သွပ်မိုးပေါ် တဖြောင်းဖြောင်းကျနေတဲ့ မိုးသံကို နားထောင်ရင်း မိုးအေးအေးမှာ ဆရာ ကြီး ဒဂုန်ရွှေမျှားရဲ့ စုံထောက်ဦးစံရှား ဝတ္ထုတစ်ပုံနဲ့ ဇိမ်ကျနေတတ်သလို မိုးရေထဲမှာ ဂွပ်ဂွပ်ဖိနပ်တစ်ရံနဲ့ တစွပ်စွပ်သွား၊ ကိုယ့်မောင်လေးနဲ့ ကျောင်းကအပြန် ရေမြောင်းထဲမှာ ဖော့ဖိနပ်ကလေးတွေကို လှေလိုလွှတ်၊ မျောသွားလို့ ပြန်ဆယ်၊ မရတော့ရင် အော်ငို၊ ဇာတ်လမ်းကို စုံနေတာပေါ့။ ကြီးလာပြန်တော့ မိုးရွာရင် အပင်လေးတွေ ရေလောင်းစရာမလိုတော့ဘူး၊ ရေချွေတာစရာ မလိုတော့ဘူးဆို ပျော်ရပြန်ရော။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အော်ကလန် မိုးခေါင်တော့ အားလုံး ရေချွေတာကြရတာ၊ ဘာရေမှ အလဟဿ မဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းနေကြရတော့ မိုးရွာရင် ရေပေါပေါသုံးရမယ်ဆိုပြီး စိတ်အေးရတာပေါ့။
ဒါပေမယ့် ၂၀၂၃ နှစ်ကူးကစလို့ ကိုယ်တို့ အော်ကလန်မှာ နွေခေါင်ခေါင် မိုးတွေရွာ လေတွေတိုက်ပြီး ရာသီဥတုတွေ ဖေါက်ပြန်ပါတယ်။ ပုံမှန်အတိုင်းဆို နယူးဇီလန် ရာသီဥတုက ဒီဇင်ဘာကနေ ဖေဖေါ်ဝါရီအထိ “နွေ” (ကျောကော့အောင် ပူပြီး sunscreen မလိမ်းရင် အသားတွေ လောင်တတ်ပါတယ်)၊ မတ်လကနေ ဇွန်လအထိက “ဆောင်းဦး” (သစ်ရွက်တွေ မကြွေခင် အရောင်ပြောင်းတာ အလွန်လှပါတယ်၊ ပူရာကနေ ဖြည်းဖြည်းချင်း အေးလာပါတယ်)၊ ဇူလိုင်ကနေ စက်တင်ဘာအထိက “ဆောင်း” (မိုးအေးအေးရွာ၊ မိုးသီးတွေကြွေ၊ လေအေးအေးတွေတိုက်၊ အလွန်အေးပါတယ်။ ထီးဆောင်းရင် လန်သွားမှာ သေချာတဲ့အတွက် မိုးကာပဲ ဝတ်တာများပါတယ်)၊ အောက်တိုဘာ နိုဝင်ဘာက “နွေဦး” (ရာသီလေးကနွေးလာ၊ ပန်းလေးတွေက ပွင့်နဲ့၊ အလွန်လှပါတယ်၊ စားကောင်းတဲ့ အသီးအနှံတွေလဲ စပေါ်ပြီပေါ့) ဆိုပြီး ရာသီလေးခု သတ်မှတ်ထားပါတယ်။
ဇန်နဝါရီဟာ နွေလယ်ဆိုတော့ ပုံမှန်အတိုင်းဆို ကျွတ်ကျွတ်ပူပြီး လူတွေ ကမ်းခြေသွားကြ၊ ရေကူးကြ၊ တော နင်းကြ၊ ပစ်ကနစ်ထွက်ကြ၊ ဥယျာဥ်ပွဲတွေ လုပ်ကြ၊ ဘာဘီကျူး အကင်ပါတီတွေ လုပ်ကြနဲ့ ပျော်စရာအချိန်ပေါ့။ ဒီနှစ်မှာလဲ Elton John, Ed Sheeran စတဲ့ နာမည်ကြီးတွေ အပါ အဝင် တရုတ်နှစ်ကူးမီးပုံးပွဲ၊ ပန်းပြပွဲ စတဲ့ ပွဲတွေ စီစဥ်ထားတာ တစ်ပုံကြီးပါပဲ။ ကိုးဗစ်စည်းမျည်းစည်းကမ်းတွေ လျော့လိုက်လို့အတိုးချ ပျော်ရ အောင်၊ စားသောက်ဆိုင်တွေ ဝင်ငွေ ပြန်ကောင်းလာအောင်ပေါ့လေ။ သို့ပါသော်လည်း မုန်တိုင်းတွေက ဝင်နှောင့်လေတော့ အော်ကလန်တင်မကပဲ တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာရတဲ့ အဆင့်ကို ရောက်ပါတော့တယ်။ အော်ကလန် အနောက်ပိုင်းနဲ့ မြောက်ပိုင်းက အထိအနာဆုံးပါပဲ၊ တချို့တွေဆို နှစ်ပတ်အတွင်း နှစ်ခါ ရေမြုပ်တဲ့ဒဏ်ကို ခံကြရပါတယ်။ ပထမ တခေါက်တုန်းက တစ်လစာမိုး ကို တစ်နာရီအတွင်း ရွာချလိုက်တော့ ရှိသမျှ ရေနှုတ်မြောင်းတွေ အကုန်လျှံပြီး လမ်းတွေ အိမ်တွေထဲရောက်ကုန်တော့တာပေါ့။ ရေဒီယိုမှာ စည်ပင်ကို အပြတ်ဝေဖန်နေကြတာ၊ အော်ကလန်ရဲ့အခြေခံ အဆောက်အဦးတွေဟာအိုဟောင်းနေပြီ၊ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကအနေအထားအတွက် ကောင်းပေမယ့် ခုလက်ရှိ အခြေအနေနဲ့အလုပ်မဖြစ်တော့ဘူး၊ လူတွေဆီက အခွန်တွေကောက်ပြီး အလုပ်ကျိုးစားမလုပ်ကြဘူး အမြှော်အမြင် မရှိကြဘူးဆို ပြစ်ပြစ်နှစ်နှစ်ကို တုတ်နေကြတာ။ ပြောလဲပြောစရာပဲ အခုလက်ရှိ မြို့တော်ဝန်က အလုပ်မှမကြိုးစားတာ၊ မုန်တိုင်းပြီးခါစက အင်တာဗျူးတစ်ခုမှာ အော်ကလန်တဝန်း ဘယ်လောက် ပျက်စီးတယ်၊ ဘယ်နေရာမှာ ဘာတွေ လိုတယ်ဆိုတာ လိုက်ကြည့်မလားလို့မေးတာ “အပြင်ထွက်ဖို့ အန္တရာယ်များလွန်းတယ် ငါဘယ်မှ မသွားဘူးတဲ့”။ မေးတဲ့သူလဲ ဘာဆက်ပြောရမှန်းမသိ၊ နားထောင်နေတဲ့ သူလဲ ဟာကနဲ ဟင်ကနဲပဲ။ သူ့ အလုပ်က သူ့ကိုယ်သူ ဇိမ်ရှိရှိထားဖို့ပဲ ဖြစ်မယ်ထင်တယ်။ နောက်ရွေးကောက်ပွဲမှာ သူ့ကို မဲထည့်မယ့်သူ ရှိမယ်မထင်။
ကြောက်တတ်လို့၊ အပင်ပန်း မခံနိုင်လို့ ဆိုပြီးခွင့်လွှတ်မယ်ကြံတော့လဲ နောက် မေးခွန်းတခုကို ဖြေပုံက ကြည့်ဦး၊ အော်ကလန်မြို့အဆင့် အရေးပေါ်အခြေအနေ ကြေညာထားရာကနေ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေကိုပြောင်းရင် ဘာတွေ ဖြစ်လာနိုင်မလဲလို့မေးတာကို ဖြေပုံက “မသိပါဘူး” တဲ့။ သူမဖြေခင်ကထဲက ဘေးနားမှာ အတူကြည့်နေတဲ့ အဖေ့ကို သူမသိနိုင်ဘူး၊ ဘယ်လိုဖြေမလဲ မသိဘူးလို့ ပြောနေတာ၊ အဲဒီလို မသိဘူးလို့ လွယ်လွယ်ဖြေလိမ့်မယ်ကို ထင်မထားမိဘူး။ ကိုယ်လို ငချွတ်တောင်သိတယ်။ အော်ကလန် အရေးပေါ်ဆို အော်ကလန်အတွက် ထားတဲ့ဘတ်ဂျက်၊ အသုံးစရိတ်၊ ဆေးဝါးကအစ အကုန်လုံး လိုသလောက်သုံးလို့ရမယ်၊ ကုန်သွားရင် ပြီးပြီ၊ တနိုင်ငံလုံး အရေးပေါ်ဆိုတော့ တနိုင်ငံလုံးမှာ ရှိသမျှ အသုံးစရိတ်၊ ဆေးဝါး၊ ပညာရှင်၊ ကယ်ဆယ်ရေး လုပ်သား စသည်စသည် လိုတာတွေ အကုန်လုံး အတားအဆီးမရှိ သုံးလို့ရမယ်၊ လက်မှတ်တွေအဆင့်ဆင့်ထိုးစရာ တင်ပြစရာမလိုပဲ လိုတာတွေ အလွယ် တကူ ထုတ်ပေးနိုင်မယ်၊ ဘာခက်လို့လဲ၊ အဲဒါကို သူမသိ။
ပထမတခေါက်တုန်းက ဘာ သတိပေးချက်မှ မရှိပဲ မိုးကြီးရာက ရေလျှံတာဆိုတော့ မျှော်လင့်မထားပဲခံလိုက်ရတဲ့သူတွေ အတော်များတယ်။ အိပ်နေတုန်း ရေတက်လာတော့ အိမ်နီးနားချင်းတွေ နှိုးမှသိရတဲ့အဖြစ်တွေလဲ ရှိ၊ လူလဲ အသေအပျောက် ရှိတယ်။ ရှေးဟောင်းပစ္စည်း စုပြီး အရောင်းအဝယ်လုပ်တဲ့ ကိုယ့်ကျောင်းက ဆရာမကြီးရဲ့အမဆို အကုန်ပြောင်တာ၊ ရေထိလို့ မရတဲ့ collectable တွေဆိုတော့ ကြွေအိုးတွေလောက်ပဲ ပြန်သိမ်းလို့ ရမှာ၊ ဒါတောင် တက်လာတဲ့ ရေဆိုးရေညစ်တွေနဲ့ ထိထားတော့ ကောင်းမကောင်းမသေချာပေါ့။ ကားအရောင်းပြခန်းတွေလဲ အထိနာကြတယ်။ သုည ကီလိုမီတာ အသစ်စက်စက်ဘယ်သူမှ မမောင်းရသေးတဲ့ ဥရောပကားအသစ်စက်စက်တွေ ရေမြုပ်တော့ ဘယ် လိုရောင်းတော့မလဲနော်။ ကိုယ့်သိုးမွှေးထိုးစပ် ကလပ်က သူငယ်ချင်းရဲ့အကို ကား ဝပ်ရှော့လဲ မြုပ်၊ ပြင်ဖို့လာအပ်ထားတဲ့ကားတွေရော သူသထားတဲ့ ကားတွေရော ရေတွေမြုပ်၊ ကန်ထဲကဆီ အကုန်လဲပြီး ပြန်နှိုးတာ တချို့ ပြန်မောင်းလို့ ရတယ်ဆိုပဲ၊ အဖေပြောတာတော့ စိတ်မချရဘူး၊ အချိန်အရွေး ထိုးရပ်သွားနိုင်တယ်တဲ့။ ကြောက်စရာကြီးနော်၊ ကားရောင်းတဲ့သူတွေ စိတ်ကောင်းလေးထားပြီး အဲဒီလိုကားမျိုးတွေ ညာမရောင်းကြပါစေနဲ့လို့ ဆုတောင်းရမယ်။
ခရိုက်စ်ချာ့ချ် ငလျင်ဘေးခံခဲ့ရဖူးတဲ့ ဆရာမကြီးတယောက်ကတော့ ရေ ဘေးက ငလျင်ဘေးထက် ဆိုးတယ်တဲ့။ ငလျင်မှာ ပြီးသွားရင် ပစ္စည်းလေးတွေ ပြန်ကောက်လို့ ရသေးတယ်တဲ့၊ ဒါပေမယ့် သူ့အိမ်မှာ liquefaction လို့ခေါ်တဲ့ မြေနဲ့ ချော်ရောပြီးထွက်လာတဲ့ ရွှံ့လိုဟာတွေ မရှိလို့ ဖြစ်မှာပါ။ သဘာဝ ဘေးအန္တရာယ်တွေ အားလုံးဟာ ဘယ်ဟာကမှ ကြီးတယ်ငယ်တယ် မရှိဘူးလို့ ကိုယ်ထင်ပါတယ်။ မီးဘေးပိုဆိုးသေးပေါ့၊ တောမီး၊ ရှို့မီး၊ မတော်တဆမီး၊ ဘာမှ မကောင်းပါဘူး။
ဆိုင်ကလုန်း ဂယ်ဘရီရဲလ် ဖေဖေါ်ဝါရီမှာ ဝင်တော့ အကုန်လုံး ပြင်ဆင် မျှော်လင့်ထားတာမို့တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကြတယ်ပေါ့လေ၊ မုန်တိုင်းပြင်းမယ့် နှစ်ရက် ကျောင်းတွေပိတ်၊ လူတွေ အစားအစာတွေ စုကြ၊ စနေပျံကျစျေးလေး ဝင်တာ ၁၂ နာရီလောက် ပဲ ရှိသေးတယ်၊ အကုန်ပြောင်၊ စူပါမားကက်တွေလဲပြောင်၊ သတင်းထဲမှာ ကြက်သွန်ခင်း၊ ပြောင်း ခင်း၊ စတဲ့ စိုက်ပျိုးခင်းတွေ ပျက်၊ သိုးလေးတွေ ရာနဲ့ချီသေ တာတွေ မြင်ရတော့ မိုးပေါ်ရောက်ပြီးသား စားသောက်ကုန်စျေးဟာ တာဝတိံသာအထိ ရောက်တော့မှာပါလားဆိုပြီး စိတ်တွေလေးရပါတယ်။
အစိုးရက စိတ်ကောင်းရှိပြီး စားသောက်ကုန်ခွန်လေး ချပေးရင် ကောင်းမှာနော်၊ သူတို့ကလေ အဲဒီလိုအားလုံးကို အကျိုးရှိစေမယ့်အရာကို မလုပ်ဘူး၊ သူတို့အခွန်နည်းပြီး ရမှာကိုး၊ အနည်းဆုံး လုပ်စာကို မြှင့်ပေးသတဲ့၊ ကြည့်လိုက်ရင်တော့ အတော်စေတနာရှိသလိုပဲ။ အနည်းဆုံး လုပ်စာမြှင့်တော့ အစိုးရက ဝင်ငွေခွန်ပိုရ၊ လုပ်ငန်းရှင်တွေ လစာ ပိုပေးရ၊ ကာမိအောင် စျေးတက်၊ အစိုးရက လူသုံးကုန်အခွန်ပိုရ၊ ပြည်သူပြည်သားတွေ အားလုံးက အရာရာ စျေးတက်တဲ့ ဒဏ်ခံရ၊ ငွေကြေးက ဖေါင်းပွ၊ စားစရာမဝယ်နိုင်တဲ့သူတွေ များသထက်များ၊ လေဘာအစိုးရရဲ့ တော်ပုံလေးတွေ။ သူတို့ကို ဂျေစင်ဒါ (ထွက်သွားတဲ့ ဝန်ကြီးချုပ်လှလှ) မျက်နှာနဲ့ မဲပေးကြတာ၊ ခုပုံနဲ့တော့ ရမယ်မထင်။ ဒါပေမယ့် လက်ရှိဝန်ကြီးချုပ်နဲ့ သူ့ရဲ့အစိုးရသစ် (ဝန်ကြီးတွေ အပြောင်းအလဲလုပ်ပြီး ကက်ဘိနက်တောင်မထိုင်ရသေးဘူး မုန်တိုင်းဝင်တာ၊ ဘုန်းကံ ကြီးပုံများ) အခု ဆိုင်ကလုန်းကို ကိုင် တွယ်ပုံကြည့်ပြီး လူတွေစိတ်ပြောင်းသွားနိုင်ပါတယ်။ မုန်တိုင်းကြမ်းတဲ့နေ့က ဝန်ကြီးချုပ်ဟာ ပါလီမန်ရှိရာ ဝယ်လင်တန်မှာ မနေပဲ အော်ကလန်မှာ နေပြီး အော်ကလန်က လူတွေကို ကူပါတယ်။ ရောက်လက်စမို့နေတယ်ပဲ ပြောပြော တစ်မှတ်တော့ ပေးလိုက်ဦးမှပါ။
သစ်ခုတ်လုပ်ငန်းနဲ့နီးတဲ့ နေရာကမြို့လေးတွေမှာမှ ပိုဆိုးတာ၊ သစ်လုံးရဖို့ ခုတ်ချထားတဲ့ အကိုင်းအခက်တွေ အကုန်လုံးဟာ ရေနဲ့အတူမျောပါလာပြီး စိုက်ပျိုးခင်းတွေ မွေးမြူရေးခြံတွေ လမ်းတွေ တံတားတွေ လူနေအိမ်တွေဆီရောက်လာတာဟာ သိပ်စိတ်ထိခိုက်စရာကောင်းတဲ့ မြင်ကွင်းပါပဲ၊ သစ်ထုတ်တဲ့လူတွေကို အပြစ်တင်တဲ့ အခန်းပေါ့လေ။ တစ်နှစ်ထက် တစ်နှစ်ပိုပိုဆိုးလာတော့ ဘယ်လို လုပ်ကြမလဲပေါ့။ အဲဒီအဖြစ်အပျက်ကြောင့် ကျန်ခဲ့တဲ့ အမှိုက်တွေကို ၂ လကျော်ကြာပြီဖြစ်တဲ့ ဒီနေ့အထိ ရှင်းလို့ မပြီးနိုင်သေးပါဘူး။
ကိုယ်က သိုးမွှေးထိုးစက်တွေကို ချစ်ပါတယ်။ အသစ်မထုတ်တော့ပေမယ့် ရှေးခေတ်က ဝယ်ထားတဲ့ အဖွားတွေက သူတို့စက်တွေရောင်းရင် သွားသယ် သူတို့နဲ့ စကားပြော သိုးမွှေးထိုးနည်း၊ စက်သုံးနည်းတွေ ပြောကြ၊ အတွေ့အကြုံတွေ ဖလှယ်ကြ၊လုပ်ရတာကြိုက်ပါတယ်၊ အဖေကလဲ စိတ် ရှည်လက်ရှည် ကားမောင်းပြီး လိုက်ပို့ပေးပါတယ်။ လိုအပ်ရင်လဲ ပြင်ပေးပါတယ်။ ဒီနေ့လဲ အော်ကလန်ကနေ ၄ နာရီလောက် မောင်းရတဲ့ မြို့တစ်မြို့ကို စက်ဝယ်ထွက်ကြပါတယ်။ လမ်းမှာ မုန်တိုင်းကြောင့် မြေပြိုလို့ ပျက်သွားတဲ့လမ်းတွေကို ပြင်နေတာ ၃ နေရာလောက်ရှိပါတယ်။ နေရာတခုဆို ညဘက်ပါ မီးထွန်းပြီး ချနေကြတာ၊ နယူးဇီလန်မှာ ဒီလောက် ကြိုးစားပမ်းစား လုပ်နေတာ ဒီတခါပဲ တွေ့ဖူးပါသေးတယ်။ မြစ်နား ချောင်းနားရောက်ရင်လဲ ဘူဒိုဇာကြီးတွေနဲ့ မျောလာတဲ့ သစ်လုံးတွေ သစ်ကိုင်းတွေကို ဖယ်နေတာ တွေ့နေရဆဲပါပဲ။ ကိုယ်စက်သွားယူတဲ့ အဖွားအိမ်ဆို ပြတင်းပေါက်ပျက်သွားတာ ခုချိန်ထိ ပြင်ဖို့ စီစဥ်နေတုန်း၊ အာမခံကလဲ ကိုယ်ကပေးရတော့ အလွယ်လေး၊ သူတို့ဆီက ပြန်ရဖို့ကျတော့ မျိုးစုံ စစ်ဆေး မေးမြန်း စာရွက်စာတမ်းကိစ္စတွေနဲ့ သိပ်မလွယ်လှပါဘူး။ ရန်သူမျိုး ငါးပါးရဲ့ ဘေး၊ လောကဒဏ်၊ မျက်ဝါးထင်ထင်ပါပဲ။
စာဖတ်သူများအားလုံး ရန်သူမျိုး ငါးပါးရဲ့ဘေးက ကင်းဝေးကြပါစေ။
ခင်လေး (Aotearoa)
14.04.2023
-
#MoeMaKaMedia
#WhatsHappeningInMyanmar
