Breaking News

ကရင်ပြည်နယ် မဲကနယ် ကျေးရွာတဝိုက် တိုက်ပွဲဆက်လက် ပြင်းထန်၊ ပဇီကြီးကျေးရွာ အဖြစ်အပျက် နောက်ဆက်တွဲ


မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၂၀ မြင်ကွင်း

(မိုးမခ) ဧပြီ  ၂၁၊ ၂၀၂၃


ကရင်ပြည်နယ် မဲကနယ် ကျေးရွာတဝိုက် တိုက်ပွဲဆက်လက် ပြင်းထန်၊ ပဇီကြီးကျေးရွာ အဖြစ်အပျက် နောက်ဆက်တွဲ 

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက မဲကနယ်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကေအန်အယ်လ်အေ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ/ နယ်ခြားစောင့်တပ်တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ခုရက်တွေမှာ အနီးက လူနေကျေးရွာမဟုတ်တဲ့ တောင်ကျောတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

ကေအန်အယ်လ်အေ ဘက်က မြွေဟောက်စစ်ကြောင်း၊ ဗွီနွန် စစ်ကြောင်းတွေ နဲ့ အခြား ကော်သူလေတပ်မတော် တပ်ရင်းတွေ ပါဝင်တယ်လို့ ယေဘုယျအားဖြင့် သိရပြီး စစ်ကောင်စီဘက်မှာတော့ ကရင်နယ်ခြားစောင့်တပ် နဲ့ တွဲပြီးတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒုက္ခသည်ထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီဘက်က တဖက်နဲ့တဖက် တပ်စွဲထားရာ နေရာတွေမှာ ကေအန်အယ်လ်အေ ပူးပေါင်းတပ်ဖွဲ့တွေကို လေကြောင်း အကူအညီနဲ့လည်း ပစ်ခတ်တိုက်ခိုက်နေပြီး လက်နက်ကြီးနဲ့ လည်းပစ်ခတ်နေကာ စစ်ကောင်စီတပ်တွေအနေနဲ့ နယ်မြေဒေသကို ကျွမ်းကျင်တဲ့ နယ်ခြားစောင့်တပ် အကူအညီနဲ့ တိုက်ခိုက်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်မှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေအကြား အထူးသဖြင့် ကရင်နယ်ခြားစောင့်တပ်နဲ့ ကေအန်ယူ/ ကေအန်အယ်လ်အေ တပ်တွေအကြား တိုက်ပွဲတွေ မဖြစ်ပွားဖို့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက စကားပြောဆိုမှု ညှိနှိုင်းမှုတွေ ရှိထားခဲ့ကြတာဖြစ်ပြီး မကြာသေးခင်က PDF ၃ ဦးကို ထိုင်းရဲနဲ့ လဝကတို့က ကရင် နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်တဲ့ နယ်စပ်ဂိတ်မှာ မြန်မာနိုင်ငံဘက် ပြန်ပို့တဲ့ဖြစ်ရပ်မှာ နယ်ခြားစောင့်တပ်က ၄င်းတို့ကို စစ်ကောင်စီဘက်ကို လွှဲအပ်လိုက်တဲ့ အဖြစ်အပျက်ကစလို့ ရွှေကုက္ကို ကရင်နယ်ခြားစောင့်တပ်စခန်းတွေကို ကော်သူးလေ တပ်မတော်လက်အောက်က တပ်ရင်းတွေ၊ PDF တွေက စတင်တိုက်ခိုက်ခဲ့ကြတဲ့ နောက် အခုလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်း နယ်ခြားစောင့်တပ်နဲ့ ကေအန်ယူ/ ကေအန်အယ်လ်အေ၊ အခြားကရင်လက်နက်ကိုင်တို့အကြား တိုက်ခိုက်မှု အနည်းအကျဥ်းရှိခဲ့ပေမယ့် အခု တကြိမ်တိုက်ပွဲတွေလို မပြင်းထန် မရှည်ကြာခဲ့ပါဘူး။ 

ခု ရွှေကုက္ကို မြို့သစ်တဝိုက်က စခန်းတွေ တိုက်ခိုက်ခံရပြီးနောက်မှာတော့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာတာ လည်း ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ မြဝတီမြို့ တောင်ဘက် ၊ မြောက်ဘက်နဲ့ အနောက်ဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နယ်စပ်ကုန်သွယ်ရေး အဓိက အာရှလမ်းကိုလည်း သင်္ကြန်မတိုင်မီရက်ကစလို့ ၂၁ ရက်နေ့အထိ မသွားလာကြဖို့ သတိပေးချက်ကိုလည်း ကရင်လက်နက်ကိုင် အဖွဲ့အစည်းအချို့ တံဆိပ်တုံးတွေနဲ့ ထုတ်ပြန်ထားခဲ့ကြတာ တွေ့ရပါတယ်။ 

ဒီနေ့အဖို့ အခြားအကြောင်းအရာ တခုကတော့ ဧပြီလ ၁၁ ရက်နေ့က လူရာကျော် သေဆုံးရတဲ့ ပဇီကြီး ကျေးရွာ လေကြောင်းတိုက်ခိုက်မှုရဲ့ ဂယက်တွေ နောက်ဆက်တွဲ အဖြစ်အပျက်တွေက မပြီးဆုံးသေးပါဘူး။ သေဆုံးရသူ အနည်းဆုံး ၁၇၀ ကျော်ကနေ အများဆုံး ၂၀၀ လောက်အထိ ရှိတယ်ဆိုတဲ့ ဗုံးကြဲ၊ စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြီးနောက် ၁၀ ရက်နီးပါးကြာသည်အထိ ကျေးရွာကသူတွေ နေအိမ်တွေမှာ မနေရဲကြသေးဘဲ အနီးအနားကျေးရွာတွေကို တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီကလည်း မြေပြင်ကနေ ရှင်းလင်းရေး စစ်ကြောင်းတွေ ထိုးလာသလို လေကြောင်းက တိုက်ခိုက်မှုတွေ လည်း ရှိနေတာဖြစ်ပါတယ်။ ဒီကျေးရွာတွေက လူဦးရေ ၅ ထောင်ကျော် နေအိမ်တွေက စွန့်ခွာပြီး ထွက်ပြေးနေကြရတယ်လို့လည်း သတင်းဖော်ပြထားကြပါတယ်။ 

ပဇီကြီးဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းဘယ်လို အတိအကျ ရသွားသလဲဆိုတဲ့အချက်ကို NUG လက်အောက်ခံ ဒေသကာကွယ်ရေး အုပ်ချုပ်ရေးအဖွဲ့တွေက ဖော်ထုတ်ဖို့ ကြိုးစားနေကြတဲ့ သတင်းတွေ ဖော်ပြထားတာ တွေ့ရပါတယ်။ NUG ကာကွယ်ရေး ဝန်ကြီးက ပဇီကြီးအဖြစ်အပျက်မှာ သတင်းပေးသူ အဓိကတရားခံဟာ မှော်တောရွာက ၅၅၀ ဆရာတော်လို့ ခေါ်ဆိုကြတဲ့ ပျူစောထီး ပြည်သူ့စစ်တွေကို ဦးဆောင်ဖွဲ့စည်းပေးတဲ့ ဦးဝါသဝက လက်သည်တရားခံ ဖြစ်တယ်လို့ အင်တာဗျူးတခုမှာ ဆိုထားပါတယ်။ 

ဒီအချက်တွေအပေါ် အခြေခံပြီး ပဇီကြီး ကျေးရွာက ရွာသားအချို့နဲ့ ကျေးရွာက ဘုန်းတော်ကြီးကို ၅၅၀ ဆရာတော်နဲ့ အဆက်အသွယ် ရှိ၊ မရှိ စစ်မေးတာတွေ လုပ်နေတဲ့ အကြောင်းလည်း သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ ပဇီကြီးလေကြောင်းတိုက်ခိုက်မှု ဖြစ်ရပ်ဟာ စစ်ကောင်စီအဖို့ နိုင်ငံတကာ ဖိအားတချို့ပိုကြီးလာနိုင်တာကြောင့် တော်လှန်ရေး အင်အားစုတွေ အနေနဲ့ နိုင်ငံရေးအရ အမြတ်ထွက်တာ မှန်ပေမယ့် အခုလို ဖြစ်ရပ်မျိုး နောက်တခု မဖြစ်ပွားအောင် ကာကွယ်ဖို့ နည်းလမ်းရှာဖို့ နဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ စီမံဆောင်ရွက်မှု လိုအပ်ချက်တွေကိုလည်း သင်ခန်းစာယူသင့်၊ ပြင်ဆင်သင့်တာ အမှန်ပဲ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar