ဝင်းမြင့် - အချိန် ရဲ့ အပေါင်ဆိုင်
ဝင်းမြင့်
(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၃
တို့ဆီမှာ
ခြောက်နာရီ ထိုးပြီးကာစ
အစာကျွေးနေကျ ငှက်တွေက
သွပ်ခေါင်မိုးပေါ် အရှိန်နဲ့ ခုန်ချလို့
နှုတ်သီးနဲ့ တံခါးခေါက်သလို ခေါက်လို့
မြို့ပေါ်ရောက်လာမယ့် နံနက်ခင်းအတွက်
အားတင်းထားကြပုံပဲ ။
မြူတွေ နည်းနည်းကျသေးတာမို့
တချို့ ပြတင်းပေါက်တွေမှာ
တုံ့ဆိုင်းအုံပျကာ နိုးလာစ လူတချို့က
လေကို တဝရှူရင်း သက်ပြင်းများ
ပြန်လည်ထုတ်လုပ် ငေးရီလို့ ။
ဒါဟာ တနင်္ဂနွေများလား
မဟုတ်သေးပါဘူး
ဒါဟာ လူသိနည်းတဲ့ကြာသပတေးပဲ
လေထဲမှာ ခြောက်သွေ့ဝါထိန်မှုကို တွေ့တယ် ။
တမြေ့မြေ့ နာရီစင်ကနေ
သမ်းဝေမှုတခုလို နာရီသံဟာ
ဒေါင် ဝေါင်ဝေါင် ဒင် အင်အင် မြည်လို့
သူ့လက်တံထဲ သူပြန်အိပ် ဖို့
ခိုတွေ ရှိတ့ဲ ဘက်ခြမ်းကို ကပ်သွားတယ်။
အောက်လမ်းမမှာက
တနေ့လုံး အဝိုင်းကို လာပတ်နေ တ့ဲ လူတွေ
ရောက်နေပြီ ။
သူတို့ ပါးစပ်တွေကနေ
အချိန်တွေကို ထုတ်ပြောနေတာ ကြားရတယ်။
ဒါပေမယ့်အိပ်ချင်နေတော့လည်း
အိပ်မက်ပဲ ထင်မှာပဲ
တကယ်လည်း အိပ်မက်ပေပဲ
မြို့လယ်လမ်းတွေမှာ စက်တတ်ယာဥ်ကို
အလျင်စလို မောင်းမယ်
နှေးကွေးစွာ သွားလာနေတ့ဲ လူတချို့ကို
ကျော်တက်မယ်
လိုရာရောက်ရင် နာရီကို ထုတ်ကြည့်မယ်
ဒါပေမယ့် ဒီအချိန်ပဲ မလွဲဘူး
ဒီနေရာပဲ မလွဲဘူး
ဒီ ငါတွေပဲ ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar