ညိုထွန်းလူ - လွှတ်ချမထားရဲကြသူများ
လွှတ်ချမထားရဲကြသူများ
ညိုထွန်းလူ
(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၃
အားလုံးမပျော်ရွှင်နိုင်ခဲ့သည့်သင်္ကြန်သည် တိတ်ဆိတ်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။ တကယ်တော့သင်္ကြန်သည်လူငယ်တွေနှင့်သာသက်ဆိုင်သည်။ သူတို့တတွေလွတ်လပ်ပေါ့ပါးပျော်ရွှင်ကြသည့်ပွဲတော်လည်းဖြစ်သည်။ သို့ရာတွင် ကျွန်တော်သည် အသက်အရွယ်ရလာပြီး ဘိုးတော်ဟု အခေါ်ခံရသည့် အရွယ်သို့ ရောက်လာခဲ့သည့်တိုင် သင်္ကြန်အငွေ့အသက်တွေကို ခံစားချင်နေစမြဲ။ သင်္ကြန်ရောက်ပြီဆိုမှဖြင့် ခေတ်စကားနှင့်ပြောရလျှင် နည်းနည်းလေးတော့ ဖလန်းဖလန်းထလိုက်ချင်သေး၏။
သင်္ကြန်တွင်းမှာ မိတ်ဆွေအချို့က တရားစခန်းဝင်ကြသည်။ တချို့ကတော့ ဝယ်ယူထားသည့်စာအုပ်တွေနှင့်လက်ဆောင်ရသည့်စာအုပ်တွေ ဖတ်ရင်းဖြင့်အချိန်ကိုအကျိုးရှိရှိအသုံးချကြသည်။ ဆိုရလျှင်သူတို့အားလုံး
ပညာသို့မဟုတ်ကုသိုလ်ကို တခုခုတော့ ရအောင် ယူနိုင်ကြသူတွေချည်း။ အားကျစရာကောင်းလှ၏။
ခက်တာက ကျွန်တော်သည် သိပင်သိငြား သူတို့လို ကိုယ့်အတွက်အကျိုးရှိရာရှိကြောင်းကို မလုပ်နိုင်။
သည်အရွယ်ကြီးရောက်နေတာတောင် မိုက်တွင်းနက်နေတုန်းဟုပြောလည်း ခေါင်းငုံ့နေရတော့မည်။
သို့ဖြင့် ကိုယ့်ရဲ့ကိုယ်စောင့်နတ်ကို သင်္ကြန်လေးရက်တော့ လူငယ်တစ်ယောက်လို ပေါ့ပါးပျော်ရွှင်ပါရစေဟုကြိုတင်ပြီးခွင့်တောင်းထားရလေသည်။ သည်မှာပင် ကိုယ့်လူတော့ သင်္ကြန်ရေပက်ဖျန်းခံရင်း ခေးတို့ညေးတို့တစ်တွေနှင့်အတူဒွန့်ဒွန့်ဒန့်ဒန့်လုပ်နေသလားဟု ထင်မှတ်စရာ။
မဟုတ်ပါခင်ဗျားဟုကျွန်တော်ပြောပါမည်။ တကယ်တော့ ကျွန်တော်သည် ဘီယာဆိုင်မှာထိုင်ရင်း လမ်းပေါ်မှာပျော်ရွှင်နေကြသည့်ကလေးတွေကို ငေးကြည့်နေခြင်းသာဖြစ်သည်။ ဤသည်ပင်ကျွန်တော်၏ သင်္ကြန်ခံစားမှုဟု ဆိုရမည်။
ကျွန်တော့်နားထဲသို့တိုးဝင်လာသည့် ဆူပွက်ပွက်အီလက်ထရောနစ်ဂီတသံတွေကို သင်္ကြန်ဒိုးဆစ်တွေအဖြစ်ပြောင်းလဲပစ်လိုက်သည်။ သည်လိုဖြင့် ကျွန်တော်လွမ်းခဲ့ရသည့် သင်္ကြန်နှင့် ချစ်ရသူတွေက ကျွန်တော့်အနားသို့ရောက်လာကြသည်။ လမ်းမဆီသို့ငေးမောနေသည့်ကျွန်တော့်မျက်နှာသည် ပြုံးရယ်ရွှင်လန်းနေလျက်။ အတိတ်ကာလ၏ ကြည်လင်သောကြေးမုံမှန်ပြင်ထဲမှာ စိတ်နှလုံးကြည်မွေ့စရာတွေချည်းရှိနေခဲ့သည်။ ထို့ကြောင့်သင်္ကြန်ရောက်တိုင်း ရင်ခုန်ခံစားနေရစမြဲ။
သင်္ကြန်တွင်းမှာ ကျွန်တော်သည် တစ်နေ့တည်းမှာပင် ဘဝနှစ်မျိုးဖြင့် ဖြတ်သန်းနေရသည်။ နေ့ခင်းပိုင်းမှာဘီယာဆိုင်ထိုင်ရင်း သင်္ကြန်ပျော်ရွှင်မှုတွေကိုငေးသည်။ ညနေပိုင်းရောက်တော့ တူ တူမတွေ နှမတွေ တပည့်တွေက လာရောက်ကန်တော့ကြ၍ ဆက်တီခုံပေါ်မှာထိုင်ရင်း ကန်တော့ခံရသည့်လူကြီးနေရာသို့ရောက်သွားပြန်၏။ တယ်လည်းခွကျလိုက်ပါဘိ။ သည်လိုဖြင့်သင်္ကြန်တွေကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ဖြတ်သန်းလာခဲ့သော်လည်း လွန်ခဲ့သည့်သုံးနှစ်ကတည်းက ကျွန်တော်ပျော်ရွှင်ခဲ့သည့်သင်္ကြန်တွေ ပျောက်ဆုံးသွားခဲ့ပြီ။ ကျွန်တော့်ခံစားမှုတွေကိုလည်း လွှတ်ချထားခဲ့ရလေပြီ။ ကျွန်တော်သံယောဇဉ်ကြီးခဲ့သည့်သင်္ကြန်သည် ကျွန်တော်နှင့်တဖြည်းဖြည်း ဝေး၍ . .ဝေး၍။
- - - - -
သင်္ကြန်ပြီးသည်နှင့် ရာသီဥတုက သိသိသာသာပူပြင်းလာခဲ့သည်။ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားသည်နှင့်အမျှ အပူဒီဂရီတွေကလည်း တိုး သည်ထက်တိုးလာသည်။ နှစ်စဉ်နွေရာသီရောက်တိုင်း ကြုံတွေ့နေရ၍ ထူး ဆန်းလှသည်တော့မဟုတ်ပေ။ လွန်ခဲ့သည့်နှစ်အစိတ်လောက်ကတည်းက ကမ္ဘာကြီးသည် ပူနွေးလာခဲ့သည်။ အကြောင်းရင်းက အိုဇုန်းလွှာပေါက်ပြဲမှု။ သစ်တောသစ်ပင်တွေပြုန်းတီးမှုနှင့်အတူ ဂေဟစနစ်တွေပျက်စီးလာခြင်း စသည်ဖြင့်။
မည်သို့ပင်ဖြစ်စေ အပူဒဏ်နှင့်နွေပေါင်းများစွာကို အဆင်ပြေသလိုဖြင့် ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြသည်။ သို့သော်လည်း သည်တစ်နှစ်တော့ အပူဒဏ်ပြင်းထန်နေပြီး လျှပ်စစ်မီးပြတ်တောက်မှုကလည်းဆိုးရွားလွန်း၍ အသံထွက်ကုန်ကြရလေပြီ။ လျှပ်စစ်မီးမှန်သည့်ကာလတခုတုန်းက ကျွန်တော်တို့သည် ရာသီဥတုအပူဒဏ်ကို မေ့လျော့နေခဲ့ကြဖူးသည်။ အဲသည်တုန်းကတော့ လူတွေလည်းစိတ်လက်ပေါ့ပါးပျော်ရွှင်နေလျှက်။ယခုတော့ဖြင့် အီစလံဝေနေလိုက်ပုံက ပြောချင်စိတ်တောင်မရှိတော့။
ကျွန်တော်သည် မှောင်မိုက်သော ညအခါတွင် ယပ်တဖျတ်ဖျတ်ခပ်၍ ညဉ့်သုံးယံကိုဖြတ်သန်းရင်း သန်းကောင်ကျော်အချိန်တွင် လေပြေကလေးလာမည့်အချိန်ကိုစောင့်မျှော်နေရလေ၏။ မနက်အရုဏ်ဦးအချိန်ရောက်မှပဲ တခဏမျှမှေးစက်ပျော်နိုင်တော့သည်။
ကြာတော့ အအိပ်ပျက် အစားပျက်လာသည်။ မေလကုန်မိုးမကျခင်အထိ သည်ဒုက္ခကြီးကိုခံရမှာပါလားဟုတွေးသည်။ ရာသီဥတုပူပြင်းလွန်း၍ စိတ်နှင့်လူနှင့်မကပ်ချင်။ ဇရာရိပ်တိုးဝင်လာသည့်ခန္ဓာကိုယ်ကို ဂရုစိုက်ရင်းစိတ်အာရုံသည်လွင့်ချင်ရာလွင့်နေလျက်။
ထိုအခါ ပြင်ဦးလွင်ကိုသွား၍ အပူရှောင်နေဖို့စဉ်းစားသည်။ ပြင်ဦးလွင်မြို့ရှောင်လမ်းရှိ ရွာကလေးတရွာမှာ ရန်ကုန်က ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်၏ခြံရှိသည်။ နေရာကျယ်ဝန်းပြီး တစ်ထပ်တိုက်ကလေးဆောက်ထားသည်။ အဲသည်မှာနေမည့်သူမရှိ။ ပိုင်ရှင်သူငယ်ချင်းကိုယ် တိုင် လေးငါးရက်လောက်ပဲနေဖူးသည်တဲ့။ ကျွန်တော်သွားနေမည်ဟုဖုန်းဆက်ပြောလိုက်တော့ ဝမ်းသာအားရဖြင့် ကြိုက်သလောက်နေကွာဟုပြော သည်။
"ရန်ကုန်မှာနေပြီး ဒီလောက်ဝေးတဲ့နေရာကို ဘာဖြစ်လို့ဝယ်တာတုန်း"ဟုမေးလိုက်မိသည်။ သူက 'အဲဒီတုန်းကတော့အသက်ကြီးလာပြီး အေးအေးလူလူနားရင်းတရားထိုင်မယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့ကွာ။ ဒါပေမယ့်မရပါဘူး။ လွှတ်ချလို့မရတဲ့မိသားစုကိစ္စတွေနဲ့တခြားဟာတွေက အမြဲရှိနေတာလေ"ဟုပြောသည်။ လွှတ်ချလို့မရတာတွေတဲ့။
တွေးစရာတွေက ကျွန်တော့်ခေါင်းထဲသို့ရောက်လာခဲ့သည်။ တကယ်တန်းတော့ ပြောလို့သာပြောရသည်။သူငယ်ချင်းရဲ့အိမ်မှာ တစ်ရက်နှစ်ရက်နေဖို့တောင်မလွယ်ပါ။ မန္တလေးကအိမ်ကိုပစ်၍မသွားနိုင်။ နွေရာသီမှာ မီးရေးထင်းရေးအတွက်စိုးရိမ်ရရုံသာမဟုတ်ဘဲ ရန်သူမျိုးငါးပါးစလုံးကို အကုန်ကြောက်နေရသည့်ခေတ် ကာလကြီးက ကျွန်တော့်အား စိတ်ဖြောင့်လက် ဖြောင့်မသွားနိုင်အောင် ချည်နှောင်နေလျက်။
ကျွန်တော့်မှာညိတွယ်စရာတွေကများလှ၏။ ရပ်ဝေးမှာနေထိုင်သည့်သမီးတို့အတွက်လည်းစိတ်ပူသည်။
သူတို့တတွေက အရွယ်ရောက်လာကြသော်လည်း ကိုယ့်မျက်စေ့ထဲမှာတော့ ကလေးလိုပဲမြင်နေပြီး စိတ်မပူဘဲမနေနိုင်။ ပြီးတော့စစ်မီးရပ်ဝန်းဒေသရှိ ရွာကဆွေမျိုးတွေအတွက်လည်းစိုးရိမ်နေရပြန်သည်။ တဖန် ဖေ့စ်ဘွတ်ဖွင့်ကြည့်လိုက်သည်နှင့်မကောင်းသတင်းတွေကိုတွေ့ရမြင်ရပြန်တော့ စိတ်မောသွားခဲ့ရသည်။ သည်နှယ်ပင်စိတ်ပူစိတ်မောနေရသော် လည်း ဘာမျှအကူအညီမပေးနိုင်၍ စိတ်မလုံမလဲဖြစ်သွားခဲ့ရသည်။
ကျွန်တော်တို့လူမျိုးသည် ပျော်စရာလည်း ပျော်စရာမို့ ငိုစရာဆိုလည်းငိုစရာမို့ နှလုံးသားချင်း မျှဝေခံစားကြသည်။
အသက်ကြီးလာတော့ အလိုလောဘတွေနည်းလာခဲ့သည်။ ကိုယ့်အတွက် မလိုအပ်သည့်အရာတွေကိုလွှတ်ချထားနိုင်အောင်ကြိုးစားရသည်။ လူ့သဘောလူ့ပတ်ဝန်းကျင်ကလည်းအမျိုးမျိုး။ အများစုကအပူတိုက်နေချိန်မှာ ရယ်မောပျော်ရွှင်နေကြသူတွေလည်းရှိမည်။ အပြစ်မတင်လိုပါ။ လောဘဆိုသည့်အရင်းခံအကြောင်းတရားကိုမူတည်၍လူ့စရိုက်တွေ ကွဲပြားသွားခဲ့ကြသည်ပဲ။
လူတိုင်းမှာ လောဘတွေအနည်းနှင့်အများရှိကြသည်။ သို့သော်လည်းမတော်လောဘအားကြီးသူတွေမှာတော့ မေတ္တာ ကရုဏာညှာတာစိတ်တွေခြောက်ခမ်းနေလျက်။ ကိုယ်ကျင့်သိက္ခာဆိုတာကိုသူတို့နားမလည်။
သူတို့၏အတွင်းသဘောတွင် ငွေနှင့်ရာထူး အရှိန်အဝါဩဇာ အာဏာသည် တစ်ခုနှင့်တစ်ခုချိတ်ဆက်ပြီးအမှီ သဟဲပြုနေကြသည်။ လောင်စာနှင့်တူသည့် သည်အရာတွေက သူတို့ဘဝရှင်သန်အားကောင်းဖို့အတွက် မောင်းနှင်အားပင်ဖြစ်သည်။
ထိုအခါ သူတို့သည်လက်ဝယ်ရှိထားသည့်စည်းစိမ်ချမ်းသာတွေပျောက်ဆုံးသွားမှာကြောက်သည်။ ကိုယ်ရထားသည့်ရာထူးနေရာကလေးကို လက် လွှတ်လိုက်ရမှာကိုစိုးရိမ်သည်။ တန်ခိုးအရှိန်အဝါတွေ လျော့ကျ
သွား၀ မှာကို လည်းစိုးရိမ်သည်။ သည်အရာတွေကိုလွှတ်ချလိုက်ဖို့ လည်း ဘယ်သောအခါမျှစိတ်ကူးရှိကြဟန်မတူ။
သန်းကောင်ချိန်ရောက်လာသော်လည်း အိပ်၍မပျော်နိုင်သေး။ လေမတိုက်ပူအိုက်လွန်း၍အမှောင်ထဲမှာယပ်ခပ်နေရသည်။ ရန်ကုန် မန္တလေးစသည့်မြို့ကြီးမှာနေကြသူတွေအားလုံး ပူအိုက်ပြီး လျှပ်စစ်မီးပျက်သည့်အချိန်တွင် ခံစားမှုတွေတူညီသည်။ ညရောက်လျှင်လည်း အပူငွေ့တွေဖြင့်လုံးထွေးနေပြီးတော်တော်ဖြင့်အိပ်ပျော်နိုင်ကြမည်မဟုတ်။
ထို့အတူ အညာရပ်ဝန်းဒေသမှာနေထိုင်ကြသူတွေခမျာလည်းပစ်ခတ်သံတွေကိုနားစွင့်နေ၍ ကြက်အိပ်ကြက်နိုးဖြင့် မနက်လင်းကြရလိမ့်မည်ထင်သည်။ ဒါဖြင့် မတော်လောဘအားကြီးသူတွေကကော။ သူတို့လည်း ကျွန် တော်တို့မသိမြင်နိုင်သည့်ဒုက္ခတွေရှိပါလိမ့်မည်။ ကျွန်တော်တို့ထက်ပိုဆိုးမည်လားမပြောတတ်။ အဖြစ်အပျက် အပြောင်းအလဲ မြန်ဆန်သည့်ခေတ်အရွေ့မှာ အကြောင်းမသင့်လျှင် သူတို့ပိုင်ဆိုင်သည့်အရာအားလုံးကိုလွှတ်ချလိုက်ရမည့်အရေးကိုတွေးမိသည်နှင့် အမောသောကတွေဖြင့် ဘယ့်နှယ်လုပ်အိပ်ပျော်နိုင်ကြမှာလဲ။ ကျွန်တော်သည် သူတို့အကြောင်းကိုမဆီမဆိုင်တွေးရင်းဖြင့် ကိုယ့်ဒုက္ခကိုမေ့လျော့သွားပြီး ဗိုလ်အောင်ဒင်လို တဟဲဟဲရယ်မိလိုက်တော့သည်။
အသက်အရွယ်နှင့်ဘဝအတွေ့အကြုံတွေက လောကသဘောကိုဆင်ခြင်နားလည်နိုင်စွမ်းရှိအောင် ကျွန်တော့်ကိုသင်ကြားပေးလျှက်ရှိသည်။ မည်သည့်အရာမျှ အမြဲထာဝရတည်တံ့ခြင်းမရှိသလို လွှတ်ချသင့်တာတွေကိုလည်းလွှတ်ချထားခဲ့ကြရပါမည်။ အကယ်၍လွှတ်မချနိုင်ခဲ့လျှင်ဖြင့် ထမင်းလုံးတစ္ဆေခြောက်ခံရသလိုဖြစ်ကုန်ပြီး ကောင်းစွာအိပ်စက်ခြင်းနှင့် ကောင်းစွာနိုးထခြင်းတို့ဖြင့်ကင်းဝေးသွားပါလိမ့်မည်။ ဤမြေဤကမ္ဘာနှင့်ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မမြဲသောအနိစ္စတရားကိုလည်း သတိမပြု၊ ဆုပ်ကိုင်ထားသည့်မတော်လောဘတွေကို လွှတ်ချမထားရဲကြသူတွေမည်မျှရှိမည်လဲ။ ကျွန်တော်မသိချင်ပါ။ ယခုအချိန်မှာတော့ ကြုံတွေ့ရင်ဆိုင်နေရသည့် အပူဒဏ်ကို ကြံ့ ကြံ့ခံရင်းမိုးကျမည့်အချိန်ကိုပဲစောင့်မျှော်နေမိသည်။
အဲသည်အချိန်ရောက်ပြီဆိုမှဖြင့် မိုးရေတဖွေးဖွေး လေတအေးအေးမို့ ဟမလေး အဟောဝတ ကောင်းပေစွမို့ ဟန်ကျရချီသေး၏။ တွေးရင်းဖြင့် လက်ရှိခံစားနေရတာတွေကိုသတိမပြုမိတော့ဘဲ ကျွန်တော်ပျော်သွားသည်။
ပြီးတော့ ပွင့်ပွင့်လင်းလင်းဝန်ခံရလျှင် ဒါကလည်းအပူရှိန်ပြင်းထန်သည့်နွေကာလကိုရောက်တိုင်း လွှတ်ချမထားနိုင်သည့် ကျွန်တော်၏ မျှော်လင့်ချက်ဖြစ်သည်။
အရှေ့ဆီမှာလင်းအရုဏ်ပျို့လာပြီး ညှင်းသွဲ့လေပြေကလေးတိုက်ခတ်လာခဲ့ပြီ။ တရေးတမှိတ်အိပ်ဖို့အတွက် ကျွန်တော့်မျက်လုံးတွေက တဖြည်းဖြည်းနှင့်မှေးစင်းကျသွားခဲ့သည်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar