တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဥ်နဲ့ မြန်မာနိုင်ငံအနာဂတ်
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၂၅ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၆ ၊ ၂၀၂၆
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဥ်နဲ့ မြန်မာနိုင်ငံအနာဂတ်
မဲခေါင်ဒေသ ၃ နိုင်ငံကို တရားဝင်ခရီးစဥ်အနေနဲ့ သွားရောက်နေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဟာ ဧပြီ ၂၅ ရက်နေ့မှာတော့ ၃ နိုင်ငံခရီးစဥ်အနက် နောက်ဆုံးခရီးစဥ်ဖြစ်တဲ့ မြန်မာနိုင်ငံ နေပြည်တော်ကို ရောက်ရှိလာပါတယ်။
ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာ ၃ နိုင်ငံကို ၆ ရက်ကြာ ခရီးစဥ်တရပ်အနေနဲ့ သွားရောက်တဲ့ခရီးစဥ်ဖြစ်ပြီး ဒီ ၃ နိုင်ငံလုံးဟာ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေလို့ ဆိုနိုင်ပါတယ်။ ကမ္ဘောဒီးယားက အာဏာရှင်သဖွယ် အုပ်ချုပ်နေတဲ့ ဟွန်ဆန်နဲ့ ၄င်းရဲ့ရာထူးဆက်ခံတဲ့ သားဖြစ်သူ ဟွန်မာနက် အစိုးရအဖွဲ့ဟာ တရုတ်နိုင်ငံနဲ့ စီးပွားရေးအရ၊ သံတမန်ရေးအရ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ နိုင်ငံဖြစ်သလို ယခင်က အမေရိကန်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ထိုင်းနိုင်ငံကလည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ဒေသတွင်းသာမက ကမ္ဘာအတိုင်းအတာနဲ့ စီးပွားရေး၊ နိုင်ငံရေးသြဇာတွေကြီးလာတဲ့ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိလာနေပြီး ထိုင်းနိုင်ငံစီးပွားရေးမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက တစတစ အရေးပါလာတဲ့ အနေအထားဖြစ်ပါတယ်။
ဒီ ၃ နိုင်ငံလုံးမှာ မြန်မာနိုင်ငံကတော့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခ၊ စီးပွားရေး တို့မှာ နက်နက်ရှိုင်းရှိုင်းပါဝင် ပတ်သက်နေတဲ့ အနေအထားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ အသုံးပြုနေတဲ့ လက်နက်ခဲယမ်း စတာတွေကို တရုတ်နိုင်ငံက ထုတ်လုပ်တာတွေ ဖြစ်သလို တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး၊ မြန်မာဘက်အခြမ်းက အွန်လိုင်းငွေလိမ် လုပ်ငန်းတွေကို တရုတ်နိုင်ငံက နှိမ်နှင်းရေးတွေမှာ မြန်မာနိုင်ငံရဲ့ ပူးပေါင်းပါဝင်မှု စတဲ့ အကြောင်းအရာကိစ္စတွေက နှစ်နိုင်ငံအကြား ကြီးမားတဲ့ အတိုင်းအတာနဲ့ ပါဝင်ပတ်သက်မှုတွေ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ မဲခေါင်ဒေသ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့နဲ့ မတူတဲ့အချက်က တရုတ်နိုင်ငံရဲ့ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက် အဖြစ်နဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုဖြစ်ပါတယ်။ အခုလတ်တလော ကမ္ဘာမှာ အရေးထားလာကြရတဲ့ ရေကြောင်းကုန်သွယ်မှုတွေရဲ့ အဓိက အချက်အချာ ပွိုင့်တွေအထဲမှာ မလက္ကာရေလက်ကြားလည်း တခု အပါအဝင်ဖြစ်ပါတယ်။ တရုတ်နိုင်ငံအဖို့ မလက္ကာရေလက်ကြားကို မဖြတ်သန်းဘဲ ရေနံနဲ့ အခြားကုန်စည်တွေကို မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်း ကျောက်ဖြူကနေ တရုတ်နိုင်ငံယူနန်ကို သယ်ယူမယ် ဆိုရင် မဟာဗျူဟာအရ၊ အချိန်နဲ့ ကုန်ကျစရိတ်အရ များစွာသက်သာတဲ့ အနေအထားက မဟာဗျူဟာအရ အရေးပါမှု ဖြစ်ပါတယ်။
ဒီပထဝီနိုင်ငံရေးက အခုမှ သိရှိလာတာ မဟုတ်သလို ကျောက်ဖြူကနေ ဖြတ်ပြီးတရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတွေ သွယ်ယူကာ လက်ရှိအချိန်မှာ အသုံးပြုနေပြီး ဖြစ်ပါတယ်။ အဆိုပါ လမ်းကြောင်းလိုပဲ ရထားလမ်း ဖောက်လုပ်နိုင်ခဲ့ရင် ကုန်စည်သယ်ယူရေးအတွက်ပါ အသုံးပြုနိုင်မှာဖြစ်တာကြောင့် မြန်မာနိုင်ငံထဲက ပြည်တွင်းစစ်ပွဲတွေကို ရပ်စဲစေချင်တဲ့ နိုင်ငံထဲမှာ တရုတ်က အကျိုးစီးပွားအရပါ ဆက်နွယ်ပါဝင်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။
မြန်မာစစ်တပ်က တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း အကွာအဝေးတခုထားပြီး နေခဲ့ပေမယ့် ၂၀၂၃ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ တရုတ်နိုင်ငံနယ်စပ် ဒေသတွေကနေ စတင်တဲ့ စစ်ဆင်ရေး အရှိန်မြင့် လာပြီးနောက်မှာ တရုတ်နိုင်ငံရဲ့ အကူအညီက မရှိမဖြစ် အရေးပါလာခဲ့ပါတယ်။ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်တွေကို ဖိအားပေးနိုင်တဲ့ နိုင်ငံ၊ အတိုင်းအတာတခုထိ သြဇာရှိပြီး အကျိုးစီးပွားလည်း ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံက မြန်မာစစ်တပ် အဖို့ မနှစ်သက်သည့်တိုင် အောင့်ကာနမ်းရမယ့် အခြေအနေမျိုး ရောက်လာခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက မြန်မာစစ်တပ်ကို ထောက်ခံဖို့ ဆုံးဖြတ်လိုက်တဲ့ အခြေအနေ အပြောင်းအလဲက လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA ဦးဆောင်ပြီး သိမ်းယူခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ၄င်းကို ခပ်တန်းတန်း ဆက်ဆံတဲ့ မြန်မာစစ်တပ်ကို ထောက်ခံပေးပြီး မြန်မာနိုင်ငံထဲမှာ လက်နက်ကိုင် အဖွဲ့အများအပြားက သီးခြားစီ နယ်မြေတွေကို ထိန်းချုပ်ထားမယ့် အခြေအနေမျိုး အဖြစ်မခံဖို့ မူဝါဒကို အလှည့်အပြောင်းဖြစ်စေခဲ့တာပါ။
မြန်မာစစ်တပ်အဖို့ အရှေ့မြောက်ဒေသက မြို့ကြီးတွေ တိုင်းစစ်ဌာနချုပ်တွေ လက်လွှတ်ဆုံးရှုံးပြီး တပ်အင်အား ထောင်ဂဏန်းနဲ့ချီ လက်နက်ချတဲ့ အခြေအနေမျိုးကနေ အပြောင်းအလဲဖြစ်လာဖို့ မြန်မာစစ်တပ်ကို နိုင်ငံရေးအရ အချို့သော ကတိကဝတ်တွေ ရယူပြီး တရုတ်နိုင်ငံအနေနဲ့ ၄င်းတို့လုပ်နိုင်တဲ့ ဘောင်အတွင်းက အကူအညီပေးခဲ့တာ ဖြစ်ပါတယ်။ အရှေ့မြောက်ဒေသ အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဆီ လက်နက်ခဲယမ်းနဲ့ ငွေကြေး မရောက်ရှိဖို့ ဝ ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ကို ဖိအားပေးခဲ့သလို ကိုးကန့်နဲ့ တအာင်းနယ်မြေတွေကိုလည်း နယ်စပ်ကုန်သွယ်မှု ပိတ်ဆို့ပြီး ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာ၊ လွှမ်းမိုးနိုင်မှုက အကန့်အသတ်ရှိသည့်တိုင် လုံးဝကင်းရှင်းအောင် နေထိုင်ရပ်တည်လို့မရတဲ့ အနေအထားကို တိုင်းရင်းသားလက်နက်ကိုင် တွေရော မြန်မာစစ်တပ်က နားလည်သဘောပေါက် ကြပါတယ်။
မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကလည်း တရုတ်နိုင်ငံက ဖြစ်စေချင်တဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီး စီစဥ်ထားတဲ့အတိုင်း သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရက မြန်မြန်ဆန်ဆန် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သလို မကြာခင်မှာပဲ အခုလို နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ်ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးစဥ်ဟာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အဖို့ တရုတ်နိုင်ငံရဲ့ အသိအမှတ်ပြုမှုနဲ့ ထောက်ခံမှုကို ထပ်ပြီး အတည်ပြုပေးခဲ့တဲ့ ခရီးစဥ်တခုဖြစ်စေမှာ ဖြစ်ပြီး ကမ္ဘာမှာ အရှေ့အလယ်ပိုင်းအရေး၊ ယူကရိန်းစစ်ပွဲ စတာတွေနဲ့ အာရုံစိုက်နေကြချိန် အရှေ့အာရှမှာ တည်ရှိတဲ့ မြန်မာနိုင်ငံအရေးက တရုတ်နိုင်ငံရဲ့ ဖြစ်စေလိုတဲ့ လမ်းကြောင်းမျိုးပေါ် လျှောက်လှမ်းဖို့ နောက်က ရပ်တည်ပေးလိုက်တဲ့ သံတမန်ရေး ထောက်ခံမှုတရပ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar