Breaking News

နေသွင်ညိဏ်း - မန်ဒဲလားဆီက သင်ခန်းစာ

မန်ဒဲလားဆီက သင်ခန်းစာ 
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၆
ကျနော် ခပ်ငယ်ငယ်က  Comparative Study တွေ အရမ်းစိတ်ဝင်စားခဲ့တယ်။ ဒါက သုတေသန လုပ်ထုံး methodology တခုဆိုတာ နောက်တော့ သိလာရတယ်။ အကြောင်းအရာ ၂ ခု၊ အဖြစ်အပျက် ၂ ခုကို နှိုင်းယှဉ်တာ၊ တူညီမှု၊ ကွဲပြားမှုတွေကို ဝေဖန်ဆန်းစစ်ပြတဲ့ စာတမ်းတွေ ဆိုပါတော့။ ဒါက ဗဟုသုတသာမက စဉ်းစားနည်းတွေ၊ critical thinking လို့ဆိုတဲ့ စနစ်ကျတဲ့ ဝေဖန် ပိုင်းခြား သုံးသပ်တဲ့ အကျင့်ကို ဖြစ်စေပါတယ်။ 

မြန်မာပြည်မှာ ၂၀၁၀ ရွေးကောက်ပွဲပြီးခါစက ဒီလိုမျိူး သမိုင်းအမြင်နဲ့ အကဲဖြတ်ချက်တခုကို ဝါရင့် နိုင်ငံရေးသမားတယောက်က ကျနော့်ကို ပြောတယ်။ ဒါက မြန်မာပြည်သမိုင်းမှာ အင်္ဂလိပ် အထွက် ဂျပန်အဝင်ကာလနဲ့ တူလိမ့်မယ်လို့ ဆိုတယ်။ ဂျပန်ခေတ်ဆိုပါတော့။ သူက ကျနော့်ကို အသေးစိတ်တော့ မပြောဘူး။ မင်း ဖာသာ ချဲ့တွေးယူဆိုတဲ့ သဘောပဲ။ 

ဆိုတော့ ကျနော်က စဉ်းစားတယ်။ ဂျပန်ခေတ်ဆိုတာ မြန်မာပြည်ရဲ့ ရွှေရည်စိမ် လွတ်လပ်ရေးခေတ်။ မြန်မာ ခေါင်းဆောင်တွေဟာ ဟန်ပြ အာဏာရကြတယ်။ ဒေါက်တာဘမော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ကိုဗဟိန်း၊ သခင်သန်းထွန်း စသဖြင့်၊ အဓိပတိတွေ ဝန်ကြီးတွေ လုပ်ကြတယ်။ ဒါပေမယ့် အာဏာရှိလား ဆိုတော့ တကယ်မရှိကြဘူး။ 

ဒါပေမယ့် ဦးသိန်းစိန်ခေတ်ဟာ ဂျပန်ခေတ်ထက်တော့ အပုံကြီး သာခဲ့တယ်။ နောက် ၅ နှစ် အကြာမှာပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံဟာ အစိုးရဖြစ်လာတယ်။  ၂၀၀၈ ဖွဲ့စည်းပုံကတော့ ရှိနေသေးတယ်။ ကျနော်က ဒီကာလကို တောင်အာဖရိကရဲ့ အပြောင်းအလဲ ကာလအနေနဲ့ နှိုင်းယှဉ်လေ့ရှိတယ်။ မတူတာက တောင်အာဖရိက ပုံစံမှာ မန်ဒဲလားနဲ့ လူဖြူ အစိုးရတို့ အရင်ညှိပြီးမှ ရွေးကောက်ပွဲကို သွားခဲ့ကြတယ်။ sunset clause လို့ဆိုတဲ့ အချိန်တန် ကာလတခုမှာ သက်တမ်းကုန်သွားမယ် ပြဌာန်းချက်တွေ သဘောတူခဲ့ကြတယ်။ မြန်မာပြည်ရဲ့ ၂၀၀၈ ဆိုတာက တဖက်သတ်ပဲ။ စစ်အာဏာကို တည်ဆောက်ထားတဲ့ ပုဒ်မတွေဟာ အချိန်ကန့်သတ်ချက်မရှိဘူး။ ဒါက ကွာဟချက်ပဲ။ 

ဒီလိုနဲ့ပဲ ၅ နှစ်တာ ဘာမှ ညှိနှိုင်းမှု သဘောတူတာတွေ မရဘဲ ရွေးကောက်ပွဲ နောက်တခုကို ရောက်ခဲ့တယ်။ အန်အယ်ဒီကပဲ ပြန်နိုင်ပြီး စစ်တပ်က အာဏာသိမ်းလိုက်တယ်။ ဒီ အဖြစ်အပျက်တွေကို အားလုံး သိပြီးသားမို့ အကျယ်မပြောတော့ပါဘူး။ 

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို စိတ်ကြိုက်ပုံဖော်ပြီး အန်အယ်ဒီ အနိုင်ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်နေရာမှာ အစားထိုးဖို့ လုပ်တယ်။ သမတ၊ အတိုင်ပင်ခံ နေရာတွေကို သူတို့ အတင်း နေရာ ဝင်’လု’ တယ်။ သူတို့လုပ်ပုံဟာ ‘လု’ တာနဲ့ပဲတူပါတယ်။ နေရာယူတာနဲ့ မတူပါဘူး။ 

မြန်မာနှစ်သစ်ကူးနဲ့ သမတ ဦးဝင်းမြင့်ကို ပြန်လွှတ်လိုက်ပေမယ့် ဒေါ်စုနဲ့ ခေါင်းဆောင် အတော်များများ၊ နိုင်ငံရေး အကျဉ်းသားတွေ ရာပေါင်းများစွာ ကျန်နေသေးတယ်။ 

ဒီအခြေအနေဟာ ၂၀၁၀ အပြီး ဒေါ်စုနဲ့ နိုင်ကျဉ်း အားလုံးနီးပါးကို ပြန်လွှတ်ပေးတဲ့ အခြေအနေနဲ့လုံးလုံးမတူပါဘူး။ အစကို ပြန်ကောက်ရရင် မြန်မာပြည်ဟာ ဂျပန်ခေတ်ထက်တောင် ပိုဆိုးတဲ့ အခြေအနေကို ပြန်ရောက်သွားတယ်ဆိုရပါမယ်။ 

ဒီနေ့ အခြေအနေကို ကျနော် မြင်တာက တောင်အာဖရိကမှာ မန်ဒဲလားကို ထောင်ထဲ ထည့်ထားတဲ့ အခြေအနေကို ပြန်ရောက်သွားပါတယ်။ မန်ဒဲလား နဲ့ အေအန်စီရဲ့ ရုန်းကန်မှုတွေကို ပြန်ကြည့်ရင် အစမှာ အနောက် ( လူဖြူ) နိုင်ငံတွေဆီက အကူအညီ မရပါဘူး။ အကြောင်းကတော့ အနောက် လူဖြူ အစိုးရတွေဟာ တောင်အာဖရိကရဲ့ လူဖြူ အစိုးရကို ပိုပြီး ယိမ်းခဲ့ကြလို့ပါပဲ။ မန်ဒဲလားနဲ့ အေအန်စီကို လက်ဝဲယိမ်းတိယ်လို့ ထင်တာလည်း ပါပါလိမ့်မယ်။ နောက်ပိုင်းမှသာ အသားအရောင် ခွဲခြားမှု မရှိတဲ့ နိုင်ငံ ဆိုတာကို မူအရ လက်ခံလာကြပြီး လူဖြူအစိုးရကို ဖိအားပေးလာကြတာ ဖြစ်ပါတယ်။ 

လူဖြူအစိုးရဟာ မန်ဒဲလားကို ထောင်ထဲက ဘာကြောင့် ပြန်လွှတ်ပေးသလဲ။ အပြင်မှာ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲတွေဟာ အုံကြွနေလို့ ဆိုတာ ရှင်းပါတယ်။ ဒီအကြောင်းကို မန်ဒဲလားက လွတ်မြောက်ရေး ခရီးရှည် တိုက်ပွဲမှာ ရေးပြထားပါတယ်။ တောင်အာဖရိကမှာ လူဖြူတွေ နေထိုင်တဲ့ မြို့ကြီးတွေက လွဲရင် တနိုင်ငံလုံး အုံကြွနေခဲ့ပါတယ်။ နိုင်ငံဟာ ရေဆူမှတ်ရောက်နေခဲ့ပါတယ်။ ဒီလိုနဲ့ အပြင်ဖိအားကို လျှော့ချဖို့အတွက် လူဖြူအစိုးရဟာ မန်ဒဲလားကို ထောင်ထဲမှာ အကြိုညှိပြီး ထောင်ကနေ ပြန်လွှတ်ပေးလိုက်ရတာ ဖြစ်ပါတယ်။ လူဖြူအစိုးရဟာ အလိုလိုနေရင်း သဘောထားပျော့ပျောင်းလာတာ မဟုတ်ပါဘူး။ ဒါ အဓိက အချက်ပါ။

အခု မြန်မာပြည်အခြေအနေကို ကြည့်ရင် စစ်တပ်ဟာ မြို့ကြီးတွေမှာ ပွဲခံ ခိုင်းထားပါတယ်။ မြို့ငယ်တွေမှာ ပွဲတွေ သွင်းခိုင်းထားပါတယ်။ အလောင်းကစားဝိုင်းတွေ စည်းမဲ့ကမ်းမဲ့ နေ့ည ဖွင့်၊ အကောက်တွေနဲ့ ပွဲသွင်း။ လူတွေကို အာရုံ လွှဲထားပါတယ်။ တဖက်မှာ နယ်ဘက်မှာ အရပ်သားတွေကို မရှောင်ပဲ ဗုံးကျဲပါတယ်။ ဒီထက် ဆိုတာတွေ လုပ်ဖို့ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ ဒါက စစ်အုပ်စုရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။ တဖက်က ဖိအားပေးပြီး တဖက်က ငြိမ်းချမ်းရေးဆိုပြီးကို အခေါ်ပြနေပါတယ်။ 

ဒါက ၂ ချက်ရှိနိုင်ပါတယ်။ စစ်အုပ်စုဟာ လူမြင်ကောင်းအောင် ငြိမ်းချမ်းရေး အခေါ်ပြပေမယ့် ဘယ်သူမှ မလာအောင်လည်း တဖက်က လုပ်ပါတယ်။ လာရင်တောင် အဖြေမရအောင် ပွဲပျက်အောင် လုပ်ပါတယ်။ ဒီလို လုပ်ခဲ့တာ အန်အယ်ဒီ အစိုးရခေတ်မှာ အထင်ရှားပါပဲ။ တပ်ချုပ် မအလ မိန့်ခွန်းတွေကို ကြည့်ပါ။ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်ဆိုတဲ့ စကားကို မှတ်မိကြပါလိမ့်မယ်။ တမင် ပွဲပျက်အောင် ပြောတဲ့ စကားပါ။ တခြား အများကြီးရှိပါတယ်။ 

ဒုတိယအချက်ကတော့ ရှင်းပါတယ်။ နယ်မြေတွေ ရသလောက် ပြန်လိုချင်တယ်။ စစ်ဖြစ်လာရင် ပြင်းထန်လာရင် စုစည်းထားတဲ့ တော်လှန်ရေး အုပ်စုတွေ အကျိုးစီးပွါး အထိုင်မတူလို့ အက်ကြောင်းပေါ်နိုင်တယ်။ ပြည်သူတွေလည်း စစ်ပွဲဆိုတာကို ငြီးငွေ့လာမယ်။ ဒီလို ရည်ရွယ်ချက်တွေပါပဲ။ 

စစ်တပ်ဆိုတာ စစ်တိုက်စရာမရှိရင် ဘာမှ လုပ်စရာ မရှိ၊ လူမလေး ခွေးမခန့် ဖြစ်မယ်အတူတူ ထွက်တိုက်ရတာလည်း ရှိပါတယ်။ မြန်မာစစ်ဗိုလ်တွေဆိုတာ အရေးပါချင်တဲ့ စိတ္တဇ ရောဂါသည်တွေဆိုတာ မအလက အထင်ရှားဆုံးပါပဲ။ 

အဓိက ဆိုလိုချင်တာက တချို့က ရွေးကောက်ပွဲအပြီးမှာ အခင်းအကျင်းသစ် ပေါ်လာမယ်ထင်နေတာရှိတယ်။ တကယ်က စစ်အုပ်စုဟာ ၂၀၁၀-၂၀၁၀ ကြား အထိုင်ပျက်သွားတာကို အခုမှ အထိုင်ပြန်ချခါစ ရှိပါသေးတယ်။ လူသစ်တွေနဲ့ ကစားပွဲက စတောင် မစရသေးပါဘူး။ မအလ ရဲ့ အကြောက်တရားဟာ အစစနဲ့ ကြီးထွားနေဆဲ ရှိပါသေးတယ်။ 

နိုင်ငံရေးဟာ ဘာမှ မစရသေးပါဘူး။  ဆွေးနွေးပွဲတွေဟာ အဝေးကြီး ရှိပါသေးတယ်။ တောင်အာဖရိကမှာလိုမျိုး ခေါင်းဆောင် အပြောင်းအလဲ ဖြစ်မှ ပဲ ဆွေးနွေးပွဲတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေ အားလုံး မလွတ်သေးပါဘူး။

ဒုတိယတချက်က ဒေါ်စုဟာ မန်ဒဲလား မဟုတ်ပါဘူး။ မန်ဒဲလားဟာ ထောင်ထဲမှာ နေရင်း နိုင်ငံရေးဆွေးနွေးတာ လုပ်ခဲ့ပါတယ်။ သူ့ရဲ့ ဗျုဟာက သူမှားခဲ့ရင် ပါတီက သူ့ကို အလွယ်ဖယ်ထုတ်လို့ရတယ်။ မှန်ရင်တော့ လုပ်ဖော်ကိုင်ဖက်တွေကို ခူးပြီးခပ်ပြီး ကျွေးသလိုဖြစ်မယ် ဆိုတယ်။ 

ဒေါ်စုရဲ့ နိုင်ငံရေး လုပ်နည်းကို ကြည့်ရင် သူ့ဖာသာသူ လုပ်တာ အင်မတန်နည်းတယ်။ နောက်ပိုင်း ပါတီမှာ သူ့စကားက ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုပေမယ့် သူ့ဟာ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေ CEC ထောက်ခံချက် မပါဘဲ ဘာဆုံးဖြတ် ချလေ့မရှိခဲ့ဘူး။ အနည်းဆုံးတော့ အစည်းအဝေးဆုံးဖြတ်ချက် ဆိုတာ သူယူလေ့ရှိတယ်။ 

ဒါကြောင့် မြန်မာပြည် နိုင်ငံရေး ပြဿနာရဲ့ သော့ချက် နံပါတ် ၁ က ဒေါ်စု နဲ့ နိုင်ကျဉ်းတွေ အားလုံး လွတ်မြောက်ရေးပဲ။ ဒါ မရှိရင် တခြား ဘာမှ မဖြစ်နိုင်ဘူး။ ဒေါ်စုနဲ့ နိုင်ကျဉ်းတွေ လွတ်ရေးဆိုတာလည်း စစ်တပ်ရဲ့ သဘောထား ပြောင်းလဲမှုကို စောင့်နေလို့ မရဘူး။ 

သမ္မတ ဦးဝင်းမြင့် လွတ်လာတော့ ကိုမင်းကိုနိုင်က ခေတ်သစ်နဲ့ အင်တာဗျူးမှာ ပြောတဲ့ စကားဟာ မှန်တယ်လို့ ကျနော် ထင်တယ်။ ဒါဟာ တိုက်ပွဲတွေက ထွက်လာတဲ့ ရလဒ်ဖြစ်တယ်။ အာဏာရှင်တွေဟာ အလကား သဘောကောင်းလို့ ပေးသနားတာ မဟုတ်ဘူးဆိုတယ်။ ဒါဘယ်အခါမှ မရှိခဲ့ဘူး။ တောင်အာဖရိကမှာလည်း မရှိခဲ့ဘူး။ မြန်မာပြည်မှာလည်း မရှိခဲ့ဘူး။ သမိုင်းမှာလည်း မရှိခဲ့ဘူး။ 

နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar