သမ္မတဟောင်း ဦးဝင်းမြင့် လွတ်မြောက်မှုအတွက် အနောက်နိုင်ငံသံရုံးတွေရဲ့ ကြိုဆိုတဲ့ ထုတ်ပြန်ချက်တွေ ထွက်ရှိလာ
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၂၃ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၂ ၊ ၂၀၂၆
သမ္မတဟောင်း ဦးဝင်းမြင့် လွတ်မြောက်မှုအတွက် အနောက်နိုင်ငံသံရုံးတွေရဲ့ ကြိုဆိုတဲ့ ထုတ်ပြန်ချက်တွေ ထွက်ရှိလာ
သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့ ဖြစ်တဲ့ ဧပြီလ ၁၇ ရက်နေ့ မှာ စစ်အာဏာသိမ်းခံရတဲ့ NLD အစိုးရ အဖွဲ့ရဲ့ သမ္မတ ဦးဝင်းမြင့် အကျဥ်းထောင်က လွတ်မြောက်လာခဲ့ပြီး ၅ ရက် ဝန်းကျင်အကြာမှာ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံ သံရုံးတွေက ဦးဝင်းမြင့်လွတ်မြောက်မှုအတွက် ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွေ စတင်ထုတ်ပြန်လာကြပါတယ်။
ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်တာက ဧပြီလ ၁၇ ရက်နေ့က ဖြစ်ပေမယ့် သင်္ကြန်ကာလ ရုံးပိတ်ရက်တွေ ခံနေတာကြောင့် ဧပြီ ၂၂ ရက်ဝန်းကျင်မှာမှ သံရုံးတွေက ထုတ်ပြန်လာတဲ့ သဘောဖြစ်လိမ့်မယ်လို့ မှန်းဆရပါတယ်။
ရန်ကုန်မြို့ အမေရိကန် သံရုံးက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ “မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နှင့် မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဥ်းသားများ ပြန်လည်လွတ်မြောက်လာသည့် သတင်းများကို မိမိတို့ကြိုဆိုပါသည်။ အမေရိကန်ပြည်ထောင်စု အနေဖြင့် နိုင်ငံရေးအကျဥ်းသား အားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဥ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်” လို့ပါရှိပြီး အမေရိကန်ပြည်ထောင်စု ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ရီလေးဘန်းစ် ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖေါ်ပြထားတဲ့ ပို့စ်ကို ဓါတ်ပုံအဖြစ်နဲ့တွဲထားတာ တွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စု ရဲ့ ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နာမည်ကို ထည့်သွင်းရည်ညွှန်းထားခြင်း မရှိတဲ့အချက်ကလည်း မြန်မာပရိသတ်အဖို့ အနည်းငယ်အံ့အားသင့်စရာ၊ ဝေဖန်စရာ ဖြစ်နေပါတယ်။ အခြားကြေညာချက် ထုတ်ပြန်တဲ့နိုင်ငံတွေ ဖြစ်တဲ့ ယူကေ (ဗြိတိန်) ၊ သြစတေလျ၊ ဥရောပသမဂ္ဂ နဲ့ သြစတေလျ၊ နော်ဝေနိုင်ငံတွေရဲ့ ကြေညာချက်တွေမှာတော့ ဒေါ်အောင်ဆန်းစုကြည် အမည်ကိုထည့်သွင်းပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဥ်းသားတွေကို လွှတ်ပေးဖို့ တိုက်တွန်းခဲ့ကြတာ တွေ့ရပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ တောက်လျှောက် အားပေးခဲ့တာဖြစ်ပေမဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းမှာ သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရန့်လက်ထက်မှာ ယခင်အမေရိကန် အစိုးရတွေလောက် စိတ်ဝင်စားမှုမရှိတော့တဲ့ လက္ခဏာတွေ တွေ့မြင်လာကြရတာလည်း ဖြစ်ပါတယ်။ ဗီဇာထုတ်မပေးမဲ့ နိုင်ငံအနည်းငယ်စာရင်းထဲ မြန်မာနိုင်ကို ထည့်သွင်းလိုက်တာ၊ ယာယီနေထိုင်ခွင့် TPS သက်တမ်း ထပ်မတိုးတော့ဘဲ ရပ်ဆိုင်းလိုက်တာတွေက မြန်မာနိုင်အရေးကို စိတ်မဝင်စားတော့တဲ့ သဘောလို့ ကောက်ချက်ချစရာ ဖြစ်လာတဲ့အနေအထား ဖြစ်ပါတယ်။
ယခုကျန်ရှိနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေအနက် ကမ္ဘာမှာလည်း ကျော်ကြားတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမည်ကို ရည်ညွှန်းထည့်သွင်းခြင်း မပြုတာက အထက်က သံသယတွေကို ထပ်မံအားဖြည့်ပေးလိုက်သလို ဖြစ်စေခဲ့ပါတယ်။
ယူနိုက်တက်ကင်းဒမ်း သြစတြေးလျ၊ နော်ဝေ နဲ့ ဥရောပ သမဂ္ဂတို့ရဲ့ ကြေညာချက်တွေမှာ ဒေါ်အောင်ဆန်းစုကြည် အမည်ကို ထည့်သွင်းဖော်ပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံက လူမှုကွန်ရက်သုံးစွဲသူတွေ အနေနဲ့ နောက်ပြဿနာ တရပ်က အနောက်နိုင်ငံတွေက ဦးဝင်းမြင့်နာမည် ရှေ့မှာ သမ္မတဆိုတဲ့ ဝိသေသ ထည့်သွင်းခြင်းမပြုတာ ဖြစ်ပါတယ်။ ကနေဒါ နိုင်ငံကလွဲလို့ ကျန်နိုင်ငံတွေအားလုံးက ဦးဝင်းမြင့်လို့သာ ဖော်ပြခဲ့ကြပြီး ကနေဒါနိုင်ငံက သမ္မတ ဦးဝင်းမြင့်လို့ သုံးနှုန်းသလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လို့ သုံးနှုန်းခဲ့ပါတယ်။ သို့ပေမဲ့ ကျန်နိုင်ငံတွေကတော့ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည်လို့သာ သုံးနှုန်းခဲ့တာပါ။
ပြည်ပအခြေစိုက် မြန်မာ သတင်းမီဒီယာအများစုက သမ္မတဦးဝင်းမြင့် အဖြစ် သုံးနှုန်းခဲ့ကြပြီး အခုလို အနောက်နိုင်ငံသံရုံး အများစုက ဦးဝင်းမြင့် အဖြစ်နဲ့သာ သုံးနှုန်းတာကို ဘဝင်မကျတဲ့ သဘောလည်း ဖြစ်ပါတယ်။ အနောက်နိုင်ငံ အစိုးရနဲ့ သံရုံးတွေ အနေနဲ့ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ကို တရားဝင် အစိုးရတရပ်၊ တရားဝင် သမ္မတ တဦးအဖြစ်နဲ့ အသိအမှတ်မပြုကြပေမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့ မြို့တော်နဲ့မြို့တွေကို ထိန်းချုပ်ထားနိုင်တဲ့ Defacto အစိုးရတရပ် အနေနဲ့တော့ အသိအမှတ်ပြုထားကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ သံအမတ် ခန့်အပ်လွှာ ပေးစရာမလိုရအောင် သံရုံးတာဝန်ခံအဖြစ်နဲ့ အဆင့်ချထားကြပေမဲ့ သက်ဆိုင်ရာနိုင်ငံ သံရုံးတွေ ဆက်လက်ဖွင့်လှစ်ထားကြတာလည်း ဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ဦးဝင်းမြင့်ကို သမ္မတအဖြစ် သုံးနှုန်းပြောဆိုမလား သို့မဟုတ် သမ္မတဟောင်း ဦးဝင်းမြင့် အနေနဲ့ သုံးနှုန်းထုတ်ပြန်မလား ဆိုတဲ့ ရွေးချယ်မှုတွေကို ရင်ဆိုင်နေရတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
အသုံးအနှုန်းက ဘယ်လို ဖြစ်ဖြစ် အနောက်နိုင်ငံတွေ အနေနဲ့ စစ်အာဏာသိမ်းပြီး အာဏာဆက်လက်ချုပ်ကိုင်ထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင် သမ္မတအဖြစ် အသိအမှတ်မပြုကြတာကိုပဲ အသိအမှတ်ပြုသင့်ပါတယ်။
ဦးဝင်းမြင့် လွတ်မြောက်လာတာနဲ့ ပတ်သက်လို့ အာဆီယံ အဖွဲ့ကိုယ်စား ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက ကြိုဆိုကြောင်း ပြောဆိုခဲ့တာအပြင် အခြား အိမ်နီးချင်းနိုင်ငံတွေက သီးခြားထုတ်ပြန်တာ ပြောဆိုတာ မတွေ့ရပါဘူး။ ဧပြီ ၂၂ ရက်နေ့မှာ နေပြည်တော်သွားရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ တွေ့ဆုံစဥ်မှာ ဦးဝင်းမြင့်ကို လွှတ်ပေးခဲ့တာကို ကြိုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ပြောဆိုခဲ့တာကြောင့် စစ်ခေါင်းဆောင်ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့လုပ်ဆောင်မှုတွေ လုပ်ပေးဖို့ စဥ်းစားနေတဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ဒီအခြေအနေတွေက NLD ဒုဥက္ကဋ္ဌ ဦးဝင်းမြင့် လွတ်မြောက်လာပြီးနောက် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ သံရေးတမန်ရေး ပြောဆိုထုတ်ပြန်မှုတွေနဲ့ တိုက်တွန်းမှုအနေအထား ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ စိတ်တိုင်းကျ စီစဥ်ပြင်ဆင်ခဲ့တဲ့ နယ်မြေ အကန့်အသတ်နဲ့ ကျင်းပခဲ့ရတဲ့ ရွေးကောက်ပွဲ အပြီး အမည်အားဖြင့် ရွေးကောက်ခံ သမ္မတဖြစ်လာပေမယ့် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတွေကို ရရှိဖို့ မလွယ်ကူသေးတဲ့ အနေအထားကို ပြဆိုနေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar