Breaking News

ခိုင်ခိုင်စောလွင် - သမ္မတဟောင်းနှစ်ယောက်နှင့် နေ့လယ်စာစားခြင်း


ခိုင်ခိုင်စောလွင် - သမ္မတဟောင်းနှစ်ယောက်နှင့် နေ့လယ်စာစားခြင်း

မိုးမခ ၊ ဧပြီ ၂၆ ၊ ၂၀၂၆


သင်္ကြန်ပိတ်ရက်မှာ စာသင်နားရက်ရတာနဲ့ အေးအေးဆေးဆေး စာအုပ်ဖတ်၊ ရုပ်ရှင်ကြည့်ဖြစ်တယ်။ ညိုမြရဲ့ “ကုန်းဘောင်ရှာပုံတော်” စာအုပ်ဖတ်ပြီး "The King Naresuan (2007)" ရုပ်ရှင်ကို ကြည့်ပြီးတဲ့အခါ တို့ပြည်တို့မြေဟာ စစ်သွေးတွေ တဝေဝေနဲ့ မဆုံးနိုင်သေးပါလားဆိုတဲ့ အတွေးနဲ့ သက်ပြင်းမောချမိရတယ်။ အလောင်းမင်းတရားကြီးလက်ထက်ကနေ စလိုက်တာတောင် သီပေါမင်းပါတော်မူပြီးတဲ့အထိ စစ်ပွဲတွေ၊ အဲဒီနောက် အင်္ဂလိပ်လက်အောက်၊ ဂျပန်လက်အောက်ကနေ လွတ်မြောက်အောင် ဆင်နွှဲကြတဲ့ စစ်ပွဲတွေ၊ လွတ်လပ်ရေးရပြီးနောက် မရပ်သေးတဲ့ ပြည်တွင်းစစ်နဲ့အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့၊ စစ်တပ်က ပြည်သူတင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာကို လုယူတဲ့အတွက် စစ်တပ်ကို ပြန်ပြီးတော်လှန်ကြတဲ့ နွေဦးတော်လှန်ရေး။

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက သားတော်တွေကို တစ်ယောက်တစ်လှည့် ထီးနန်းစိုးစံစေလို့ အမှာစကားထားခဲ့ပေမဲ့ ကိုယ်တိုင်ဘုရင်ဖြစ်လာသူက ကိုယ့်သွေးသားဖြစ်တဲ့ သားတော်ကိုသာ နန်းလျာထားတဲ့အတွက် နန်းလုပွဲ သတ်ဖြတ်မှုတွေဖြစ်ကာ အသတ်ခံရမှာစိုးရိမ်တဲ့အတွက် လွတ်ရာပြေးကြတဲ့ ဆွေတော်မျိုးတော်၊ အမှုထမ်းတွေနေရာ လိုက်ခံစားရင်း အသက်ဘေးကြောင့် ပြေးရတဲ့ အာဏာလု မင်းအောင်လှိုင်လက်ထက် မိသားစုတွေကို ပြေးမြင်မိရပြန်တယ်။ ကုန်းဘောင်နောက်ဆုံးမင်းဆက် သီပေါမင်းကို နန်းတင်ဖို့ မင်းညီမင်းသားတွေကို သတ်ဖြတ်ချိန် အငြိမ့်ပွဲတွေ တခြိမ့်ခြိမ့်ကျင်းပနေတာ၊ ပြေးရတဲ့ ဆွေတော်မျိုးတော် အမှုထမ်းတွေ ရတနာပုံနေပြည်တော်ကနေ လွတ်အောင် မြစ်တကြော ဆင်းပြေးကြရတာ မြစ်ဝကျွန်းပေါ်အထိ၊ ဧရာဝတီတိုင်း ကျိုက်လတ်အထိ ရောက်သူရောက်။

စာရေးဆရာ၊ ဒါရိုက်တာ ဆရာကြီးဦးသုခရဲ့ မိခင်ကြီးဟာ နန်းတွင်းအရေးတော်ပုံကြောင့် ပြေးကြရာက ကျိုက်လတ်အထိ ရောက်ရတာလို့ ဖတ်ဖူးတယ်။

ဒီနွေဦးတော်လှန်ရေးကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှာ ဆုံခဲ့ရတဲ့ မိသားစုတစ်စုရှိတယ်။ သူတို့ဖခင်က အာဏာသိမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တစ်ယောက် ဖြစ်တဲ့အတွက် ကျန်မိသားစုဝင်ပါ တိမ်းရှောင်ရတယ်။ အဲဒီအမျိုးသမီးလေးဟာ ပိန်ပိန်ပါးပါးပေမယ့် စိတ်ဓာတ်က အတော့်ကို ခံနိုင်ရည်ရှိတယ်။ ရင်ခွင်ပိုက်ကလေးအပါအဝင် ကလေး (၃) ယောက်လက်ဆွဲပြီး မြန်မာပြည်တွင်းမှာ တစ်နှစ်ကျော် ရှောင်တိမ်းနေခဲ့ရတာ။ ဘုန်းကြီးကျောင်းတွေမှာ လိုက်နေ၊ သူတို့ဘယ်သူဘယ်ဝါဆိုတာ ဘေးဘီက ရိပ်မိပြီဆိုတာနဲ့ ဘုန်းကြီးကျောင်းကခွာ၊ နောက်တစ်နေရာပြောင်း။ ကလေးတွေက စာလည်းမသင်ရ၊ ကျောင်းမနေရ။ အသက်အန္တရာယ်အတွက် ရှောင်ပုန်းနေရင်း နောက်ဆုံး ထိုင်း-မြန်မာနယ်စပ်အထိ ရောက်လာခဲ့ရတယ်။ မိသားစုဝင်တွေအထိ လိုက်လံဖမ်းဆီး သတ်ဖြတ်နေတာ တကယ့်ကို ပဒေသရာဇ်ခေတ်ပုံစံ။ အာဏာကြောင့် သတ်ဖြတ်တဲ့ သမိုင်းထဲက အဖြစ်အပျက်တွေကို ဖတ်ရင်း လက်ရှိကာလ အကြောင်းအရာတွေပါ ဆက်စပ်အတွေးမျှင်တန်းမိရာက ပေါ့ပေါ့ပါးပါး ဖျော်ဖြေရေးရုပ်ရှင်ပဲ ကြည့်တော့မယ် ဆုံးဖြတ်ကာ တောင်ကိုရီးယားရုပ်ရှင်ဇာတ်ကားတစ်ကား ကြည့်ဖြစ်သွားတယ်။

၂၀၀၉ ခုနှစ်က ရုံတင်ခဲ့တဲ့ "Good Morning President" ရုပ်ရှင်။ "May 18", "A Taxi Driver", "Silenced" တို့လို တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်ထားတဲ့ ဇာတ်ကားမဟုတ်သော်ငြား ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးဘဝ၊ သမ္မတတွေရဲ့ တာဝန်တွေ၊ လူသားဆန်တဲ့ဘက်တွေကို အခြေခံပြီး စိတ်ကူးပုံဖော်ထားတာဆိုတော့ ကြည့်နေရင်းက ကိုယ်တိုင်လည်း စိတ်ကူးယဉ်မိသွားရတာပေါ့လေ။

တကယ့်အဖြစ်အပျက် သမိုင်းကြောင်းကို မှတ်တမ်းတင်ထားတဲ့ စာအုပ်မှာ စစ်သွေးတွေဝေဆာ၊ နှိပ်စက်ညှင်းပန်းမှုအပေါင်း ကြောက်စရာအပြည့်။ ရုပ်ရှင်ဆိုရင်လည်း ဟံသာဝတီခေတ် ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံပြီးနောက် မင်းကြီးစွာနဲ့ နရဲစွမ်တို့ သံသယကြောင့်ဖြစ်ရတဲ့ စစ်ပွဲမှာ သေကြတဲ့ပြည်သူ ထောင်နဲ့ချီဟာ ပုရွက်ဆိတ်အုံ ရေနွေးပူလောင်းလိုက်သလို ဖြုတ်ကနဲ၊ ဖြတ်ကနဲ အတုံးအရုံး။ အဲဒီတုန်းက ကိုယ်တိုင်ရော အဲဒီကာလ လူအဖြစ် မွေးဖွားရောက်ရှိနေခဲ့သလား၊ ဘယ်နေရာ ဘယ်အပိုင်းမှာ လူဖြစ်ခဲ့သလဲ တွေးရင်း ထိတ်လန့်မိတယ်။ တကယ့်အဖြစ်အပျက်တွေဟာ ကြောက်စရာကောင်းသလောက် ဖျော်ဖြေရေးရုပ်ရှင်မှာ မှတ်သားစရာနဲ့ အတုယူစရာတွေ ကြည့်ရတာ စိတ်ကို ကြည်လင်လာစေပြန်ပါရော။

"Good Morning President" မှာ သမ္မတ ၃ ယောက်အကြောင်း ရိုက်ပြထားတာ ဖြစ်တယ်။ နိုင်ငံအတွက် အကောင်းဆုံး ကြိုးစားဆောင်ရွက်နေရင်း ကိုယ်ရေးကိုယ်တာ ဘဝတွေကို ကိုင်တွယ်ဖြေရှင်းရတာကို ဟာသနဲ့ ဒရာမာအဖြစ် ရိုက်ထားတာ ဖြစ်တယ်။ ပထမသမ္မတက အသက်အရွယ်ကြီးမြင့်ပြီဖြစ်တဲ့ အရွယ်။ သူက သမ္မတတာဝန် ထမ်းဆောင်နေရင်း စဉ်းစားမိတာက အခုနေတဲ့အိမ်၊ စီးနေတဲ့ကားမျိုးနဲ့ တာဝန်က အနားယူပြီးတဲ့အခါ ဆက်ပြီးနေနိုင်ဖို့ ငွေဘယ်လောက်လိုမလဲ တွက်ချက်ကြည့်တဲ့အခါ သူ ပိုင်တဲ့ငွေနဲ့ မဝယ်နိုင်ဘူး။ ဒီတော့ ထီထိုးထားတယ်။ ထီဖွင့်တော့ အမြင့်ဆုံးဆုဖြစ်တဲ့ ၂၄.၄ ဘီလီယံဆု ပေါက်ပါလေရော။ ဝမ်းသာပြီး သတိမေ့သွားလို့ ဆေးရုံတောင် ရောက်ရတယ်။ ဖြစ်ချင်တော့ အဲဒီမတိုင်ခင်မှာ သူက သူ့မှာ ငွေကြေးချမ်းသာရင် သူ့ကိုယ်ပိုင်ငွေနဲ့ ပြည်သူတွေ လိုအပ်တဲ့နေရာတိုင်းကို လှူမှာဖြစ်ကြောင်း မိန့်ခွန်းမှာ ပြောထားတာ ရှိတော့ အခက်တွေ့နေရော။ ထီထုတ်ဖို့ အမျိုးမျိုး စိတ်ကူးပုံဖော်ကြည့်ပေမယ့် ဘယ်သူမှ မသိအောင် ထုတ်ရမယ်ဆိုတာနဲ့တင် ငေးငေးငိုင်ငိုင် ဖြစ်လာရတယ်။ ညဘက် အိပ်မပျော်ဖြစ်ပြီး တစ်ရက်တော့ ညဘက်ကြီး စားဖိုဆောင်ကို ဝင်သွားတယ်။ စားဖိုမှူးဆီက ဆိုဂျူနဲ့ မြည်းစရာသောက်ရင်း စကားစမြည်ပြောတယ်။

“အသက်တွေ ကြီးလာလို့ နောက်ကို ပြန်ကြည့်တဲ့အခါ ဘဝမှာ ပျော်စရာ သိပ်မရှိခဲ့ဘူး၊ မင်းရော ဘယ်လိုမြင်လဲ” တဲ့။ စားဖိုမှူးက “ပျော်စရာဆိုတာ ကိုယ်တိုင်ဖန်တီးလို့ ရပါတယ်” တဲ့။

သမ္မတကြီးက စားဖိုမှူးကို “တကယ်လို့ ကောင်းကင်ကနေ ခင်ဗျားအပေါ် ဘီလီယံနှစ်ဆယ် ကျလာရင် ခင်ဗျား ဘာလုပ်မလဲ” လို့ မေးတယ်။

စားဖိုမှူးက “ကျွန်တော် လည်ပင်းကျိုးပြီး သေမှာပေါ့” တဲ့။

သမ္မတကြီးက မျက်လုံးပြူးပြီး ကြည့်တော့ “ဟုတ်တယ်လေ၊ အဲဒီလောက်အများကြီး ကျမှတော့ သေပြီပေါ့” တဲ့။

သမ္မတကြီးက ဆက်ပြောတယ်။ “ဘေးကလူတွေက ခင်ဗျားကို ကယ်မယ်လေ” တဲ့။

စားဖိုမှူးက “ဒီလိုအခြေအနေမှာ ကျွန်တော့်ကို ဘယ်သူမှ ကယ်မှာမဟုတ်ဘူး” တဲ့။

သမ္မတကြီး ခေါင်းတဆတ်ဆတ် ညိတ်ပြီး ပြုံးတယ်။

နောက်တစ်နေ့ မိန့်ခွန်းပြောတော့ မိန့်ခွန်းပြီးခါနီးမှာ သူ ထီပေါက်တဲ့အကြောင်း အသိပေးတယ်။ ပရိသတ်ထဲ ရှိနေတဲ့ သမ္မတကတော်က ရင်ခုန်စိတ်လှုပ်ရှားနေတာပေါ့။ သမ္မတကြီးက ဆက်ပြောတယ်။ သူဟာ ဒီလောက်ငွေပမာဏရဖို့ အိပ်မက်တောင် မမက်ခဲ့ပါဘူး၊ သူ လူချမ်းသာတစ်ယောက်လို မနေချင်ဘူး၊ ပျော်စရာကောင်းတဲ့သူသာ ဖြစ်လိုတော့တယ်၊ အခု ဒီငွေတွေနဲ့ တိုင်းပြည်ရဲ့ လူငယ်တွေရဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် ဖြည့်ဆည်းပေးချင်ပါတယ်၊ ဒါ့ကြောင့် Scholarship Foundation ကို လှူပါမယ်လို့ ပြောသွားတယ်။ မကြာခင် သက်တမ်းစေ့လို့ အနားယူပြီးတဲ့အခါ သူပိုင်အိမ်ကလေးမှာ အေးအေးချမ်းချမ်း နေသွားတယ်။

သူ့နောက်တက်လာတဲ့ သမ္မတကတော့ အသက် (၄၀) ဝန်းကျင် စင်ဂယ်ဖားသား (Single Father) တစ်ယောက်။ သမ္မတတွေရဲ့ ထုံးစံအတိုင်း ပြည်သူနဲ့ တစ်သားတည်းရှိကြောင်း ပြချင်လို့ လူထုကြား ဈေးတစ်ခုထဲ ရောက်ခိုက် ကျောင်းသားတစ်ယောက်က ပြေးဝင်လာပြီး သူ့ဖခင်ရဲ့ ကျောက်ကပ်အစားထိုး ကုသရမှာဖြစ်ကြောင်း၊ အချိန်မီမကုပါက သေရတော့မှာဖြစ်ကြောင်း၊ ဒါ့ကြောင့် သမ္မတကြီးက သူ့ဖခင်အတွက် ကျောက်ကပ်ပေးပါလို့ တောင်းဆိုတာ။ တောင်ကိုရီးယားရေပြင်အနီး ဂျပန်ရေတပ်သင်္ဘောတွေ ရောက်လာတော့ သမ္မတက ပြည်သူကိုအသိပေး မိန့်ခွန်းမှာ ပြည်သူတွေအသက်ကယ်ဖို့ သူ့မှာ တာဝန်ရှိကြောင်း ပြောဖူးထားတယ်လေ။ သမ္မတလည်း အကျပ်ရိုက်နေတုန်း ညဘက် စားဖိုဆောင်ဘက် ရောက်သွားရော။ ခေါက်ဆွဲပြုတ်စားရင်း စကားစမြည်ပြောကြတာပေါ့။

သမ္မတက ပြောတယ်။ “တစ်ရက်မှာ ကျွန်တော့်သားက မေးတယ်၊ သူ တခြားတစ်ယောက်ကို ချစ်နေမိတယ်၊ အဲဒါ ဘယ်လိုလုပ်ရမလဲတဲ့။”

စားဖိုမှူးက “ခုခေတ်ကလေးတွေ မယုံနိုင်စရာပဲနော်၊ ဒါနဲ့ သမ္မတကြီးက ဘယ်လို ပြန်ပြောခဲ့လိုက်သလဲ” တဲ့။

“ကျွန်တော်က ပြောလိုက်တယ်၊ သား အဲဒီသူကို တကယ်ချစ်တယ်ဆိုရင် ပထမဆုံး မင်းရဲ့အဖေကို ချစ်ပါ၊ ဒါဆိုရင် သူကလည်း သားကို ချစ်လာလိမ့်မယ်လို့ ပေါ့။”

စားဖိုမှူးက “အဲဒါတော့ အဓိပ္ပာယ်မရှိဘူးလို့” ပြုံးပြီးပြောတော့ သမ္မတက “ဟုတ်လား အဓိပ္ပာယ်မရှိဘူးလား” လို့ ပြုံးတယ်။

သမ္မတက ဆက်ပြောတယ်။ “ဒီလို စကားလုံးအတိုင်း မဟုတ်ပေမဲ့ မှတ်မိသလောက် ဒီမေးခွန်းမျိုး ခပ်ဆင်ဆင် ကျွန်တော့်အဖေကို ကျွန်တော် မေးဖူးတယ်၊ သား တိုင်းပြည်ကို တကယ်ချစ်ပြီး ကယ်တင်ချင်တယ်ဆိုရင်…… ” ဆက်ပြောဖို့ စဉ်းစားနေတဲ့ သမ္မတရဲ့ စကားကို စားဖိုမှူးက ဆက်လိုက်တယ်။ “မင်းရဲ့ အိမ်နီးချင်းဖြစ်သူ ဆာလောင်နေတဲ့ ကလေးကို အရင်ကြည့်ရှုစောင့်ရှောက်ပါ” တဲ့။ သမ္မတဖြစ်သူက စားဖိုမှူးရဲ့ မျက်နှာကို ကြည့်တဲ့အခါ စားဖိုမှူးက “ကျွန်တော် သူ့အတ္ထုပ္ပတ္တိမှာ ဖတ်ဖူးတယ်” တဲ့။

သမ္မတက “ဒါဖြင့် ကျွန်တော်က ဘာပြန်ပြောခဲ့လဲ” ဆိုတော့ “စာအုပ်ထဲ မပါဘူး ထင်တယ်” လို့ ဖြေတယ်။ သမ္မတက ဆက်ပြောတယ်။ “တစ်ခါတုန်းက လူကြီးတစ်ယောက် ကျွန်တော့်ကို လာမေးတယ်၊ ပိုကောင်းတဲ့နိုင်ငံ တည်ဆောက်ဖို့ ပြေးလွှားနေရတဲ့အချိန်မှာ ဆာလောင်နေတဲ့ မင်းရဲ့အိမ်နီးချင်းကလေးက သေသွားပြီ၊ ဒါဆိုရင် မင်းဟာ တိုင်းပြည်ကို အမှန်တကယ် ကယ်တင်ခဲ့ပါသလားတဲ့။ ဒါကြောင့် မင်းအဖေနဲ့ အမေကို တကယ်ချစ်တယ်ဆိုရင် အခြေအနေနိမ့်ပါးတဲ့ မင်းသူငယ်ချင်းတစ်ယောက်ကို ချစ်ရမယ်၊ ဒီလိုဆိုရင် မင်းအဖေနဲ့ အမေကို ချစ်တာ၊ တိုင်းပြည်ကို ချစ်တာနဲ့ အတူတူပါပဲ။”

ခေါက်ဆွဲအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောပြီး သမ္မတ ပြန်သွားတယ်။ နောက်ရက်မှာ ကျောင်းသားလေးရဲ့အဖေကို ကျောက်ကပ်လှူဖို့ ဆုံးဖြတ်လိုက်ကြောင်း သမ္မတက ပြည်သူကို အသိပေး မိန့်ခွန်းပြောတယ်။ ဇာတ်လမ်းအရ စစ်ဆေးမှုတွေလုပ်၊ လှူပြီး ထွက်လာတယ်။

ဒီသမ္မတအပြီး နောက်တက်လာတာက အမျိုးသမီးသမ္မတ။ ပထမသမ္မတ နေတဲ့ ကျေးလက်က အိမ်လေးဆီ ဒုတိယမြောက် သမ္မတ အလည်ရောက်နေချိန် ရုပ်မြင်သံကြားမှာ အမျိုးသမီးသမ္မတ စကားပြောနေတာကို ကြည့်ရင်း အသက်ကြီးတဲ့ သမ္မတကြီးက “ဟင်... အပေါ်က အနီရောင်၊ အောက်က အနီရောင်နဲ့ အနီရောင်ဆင်တူ ဝတ်ထားတာ မီးသတ်သမား ဝတ်စုံကျနေတာပဲ” ဆိုကာ ထိုင်ဟားနေကြတာပေါ့။

အမျိုးသမီးသမ္မတရဲ့ ခင်ပွန်းက တချို့ကိစ္စတွေမှာ သာမန်လူလို ပြုမူနေထိုင်တဲ့အတွက် သမ္မတအိမ်တော်မှာ ပြဿနာ မကြာခဏတက်လေ့ရှိတယ်။ ဒီအတွက် သမ္မတနဲ့ သူ့အမျိုးသားတို့ ကတောက်ကဆ ဖြစ်ကြရတယ်။ အဆိုးရွားဆုံး ဖြစ်သွားတာက သမ္မတရဲ့အမျိုးသားက သူ့အမျိုးသမီး အနားယူတဲ့အခါ အေးအေးဆေးဆေး အနားယူနေရအောင်ဆိုကာ သူ့အသက်အာမခံငွေနဲ့ မွေးမြူရေးခြံကလေးတစ်ခြံ ဝယ်လိုက်တယ်။ ဒါကို ထောက်ပြပြီး အတိုက်အခံဘက်ကနေ သတင်းမှာ သမ္မတဩဇာနဲ့ အကျိုးအမြတ်ရအောင် လုပ်ဆောင်တဲ့ အဂတိ ဆိုကာ ဖွတဲ့အတွက် သတင်းမှာ ပါလာတယ်။ သမ္မတရဲ့မွေးနေ့မှာ သူ့အမျိုးသား ပရော်ဖက်ဆာက မွေးနေ့အတွက် ပြင်ဆင်ပေးနေတာကိုတောင် အသိအမှတ်မပြုဘဲ စိတ်ဆိုးနေတာနဲ့ ကွာရှင်းတယ်ဆိုကာ သမ္မတရဲ့ခင်ပွန်းဟာ သူ့အမေအိမ် ပြန်သွားနေလေရဲ့။ ဝယ်ထားတဲ့ မွေးမြူရေးခြံကိုလည်း ရောင်းလိုက်ပြီတဲ့။

သူတို့သမီးဖြစ်သူက အမေဖြစ်သူ သမ္မတကို ဝေဖန်တဲ့အခါ အမေဖြစ်သူက “ငါက ဒီတိုင်းပြည်ရဲ့ သမ္မတလေ၊ နာမည်မပျက်အောင် နေရတာ” လို့ ဆိုတယ်။ သမီးဖြစ်သူက အဖေ့ဘက်က ကြည့်ပေးဖို့၊ တိုင်းပြည်ကိစ္စလုပ်ရင်း မိသားစုကိုလည်း လိုက်လျောညီထွေ ဆက်ဆံရမယ်လို့ ပြောရင်း သားအမိတွေ စကားအချေအတင်နဲ့ပဲ ပြီးသွားတယ်။ အမျိုးသမီးသမ္မတက သမ္မတဟောင်း နှစ်ယောက်ကို နေ့လယ်စာစားဖို့ ဖိတ်ကာ စကားပြောကြတယ်။ အဲဒီညမှာ အမျိုးသမီးသမ္မတ စားဖိုဆောင် ရောက်လာပြီး စားဖိုမှူးကို ပြောတယ်။ 

“သမ္မတက ပြည်သူကို ပျော်ရွှင်အောင်လုပ်ပေးနိုင်ပေမဲ့ ကိုယ်တိုင်ကို ပျော်အောင် မလုပ်နိုင်ဘူးဆိုတာ ဖြစ်သင့်သလား” တဲ့။ စားဖိုမှူးက “သမ္မတက လူတိုင်းကို ပျော်ရွှင်စေချင်သလို၊ လူတိုင်းကလည်း သူတို့သမ္မတကို ပျော်ရွှင်စေချင်မှာပဲ၊ ဘယ်တစ်ဦးတစ်ယောက်ကမှ သမ္မတကို ဝမ်းနည်းစရာ ဖြစ်စေမှာ မဟုတ်ဘူး” လို့ ပြောတဲ့အခါ သမ္မတက စားဖိုမှူးကို စိုက်ကြည့်နေတယ်။ စားဖိုမှူးက ဆက်ပြီး “ကျွန်တော်တို့ ကိုးရီးယားပြည်သူတွေဟာ မညံ့ပါဘူး၊ သစ္စာရှိရှိ အလုပ်လုပ်နေတဲ့ သမ္မတကို ဝမ်းနည်းစရာတွေ မဖြစ်စေချင်တာ လူတိုင်းပါ” လို့ ဆိုတယ်။

ဒီတော့မှ သမ္မတက “နေ့လယ်က ကျွန်မနဲ့ သမ္မတဟောင်းနှစ်ယောက်တို့ အတူနေ့လယ်စာ စားကြတာ ရှင် သိမှာပေါ့၊ သူတို့က ပြောတယ်၊ ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီကို သွားပါတဲ့၊ သူတို့ ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်မ သိပါပြီ” လို့ ပြောတယ်။ ခင်ပွန်းဖြစ်သူကို လိုက်ခေါ်တာနဲ့ ဇာတ်သိမ်းတယ်။

ရုပ်ရှင်ပြီးတဲ့အခါ အတွေးဆက်မိတာက တို့ဆီမှာ ရှေ့သမ္မတနဲ့ နောက်တက်တဲ့ သမ္မတမိသားစုလို တစ်အိမ်တက်ဆင်း အလည်သွားပြီး မိသားစုပမာ နေကြရဲ့လား။ တိုင်းပြည်အတွက် ရှေ့သမ္မတတွေနဲ့ နောက်သမ္မတ တိုင်တိုင်ပင်ပင် အကြံပေးတာတွေ ရှိရဲ့လား။ ရှေ့ကဘုရင်က နောက်တက်မယ့်ဘုရင်ကို လွယ်လွယ်ကူကူ ထီးနန်းစွန့်ပေးဖူးသလား။ သတ်ဖြတ်လုယက် တက်လာကြသလို၊ ဖမ်းဆီးအာဏာသိမ်းပြီး တက်လာကြသူတွေချည်းပါလား။

နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဒီအတွေးကို ကြည်နူးစရာ ပုံရိပ်တစ်ခုက လွှမ်းသွားလေရဲ့။ သမ္မတကြီး ဦးထင်ကျော်နဲ့ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ ပြုံးရွှင်စွာ အတူတွေ့ရတဲ့ မြင်ကွင်း။ တိုင်းသူပြည်သားတွေ အပြည့်အဝ ထောက်ခံပြီး ရွေးချယ်ထားတဲ့ ပြည်သူ့သမ္မတတွေဆိုရင် အတူတွေ့ဆုံ စကားပြောနိုင်သလို၊ နေ့လယ်စာလည်း အတူတူ စားနိုင်တယ်။ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းဆိုပေမဲ့ လက်တွေ့မှာ တကယ်ရှိပါတယ်။

မတရားလုယက်ထားပြီး ကိုယ့်ကိုယ်ကို အရေခွံလဲကာ ငါ သမ္မတလုပ်နေသူ ဆိုရင်တော့ ပြည်သူတွေကို ပျော်ရွှင်အောင် လုပ်ပေးဖို့ နေနေသာသာ သတ်ဖြတ်နေတာ။ ပြည်သူတွေ ပျော်ရွှင်ခြင်း မရှိသလို ကိုယ်တိုင်ရော ပျော်ရွှင်အောင် လုပ်နိုင်သလား။ ရှေ့က သမ္မတများနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေ့လယ်စာ အတူတူ စားဝံ့ပါရဲ့လားလို့ မေးခွန်းထုတ်လိုက်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar