Breaking News

နှင်းခါးမိုး - အမေတမှေးအိပ်ပါလေ

Photo- Credit
အမေတမှေးအိပ်ပါလေ
နှင်းခါးမိုး
(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၃

တချို့က အမေ့ကို ဟိုတယ်ပေါ်ခေါ်ထားကြတယ်
တချို့က အမေ့ကို ကမ်းခြေဆီခေါ်သွားကြတယ်
တချို့က အမေ့ကို တောင်ပေါ်မြို့လေးဆီပို့ထားကြတယ်
တချို့ကတော့ ရိုးမအခြေက ရီဆော့လေးတခုဆီ အမေနဲ့အတူ နေ့ချင်းပြန်ခိုနားကြတယ်
ရာသီဥတုက သိပ်ပူတယ်အမေ။

မြွေပါးကင်းပါး တောကြိုအုံကြား
လျှိုကြားခြုံကြား ရွက်ခြောက်ဖားဖား
သစ်ခြောက်ပင်ရိပ် နေပြောက်ကြားကြား
ဖျာပါးပါးပေါ် 
အမေအိပ်ပျော်နေလိုက်တာ
ခရီးကပမ်း လမ်းကကြမ်း
စခန်းမရှိ စမ်းမရှိဘူး
နွမ်းရိခွေလှဲ 
ရွာလည်းမီးခ အိမ်ပြာကျခဲ့
ကမ္ဘာစစ်တုန်းကတောင်
ဒီလိုငရဲ မတွေ့ဖူးခဲ့ပါဘူးအေ တဲ့။

အို ငါတို့က ပြေးစရာမြေရှိပါသေးတယ်
ခမျာ အရှင်လတ်လတ်ဂူပိတ်ခံထားရရှာတယ်
တတိုင်းပြည်လုံးအတွက် ဓားစာခံလုပ်ခံထားရရှာတယ်
ဒီနွေပူတာထက်
သူ့စိတ်က ငတို့အတွက် ပိုပူရှာမှာအေ့။

အိပ်နေရင်း အမေယောင်နေရှာတယ်
ထတော့အမေ ဒီနေ့မကုန်ခင် နောက်တလျှိုဝင်ကြစို့
ဟောဒီ ဒူးမထောက်လက်မမြှောက်နေပူလွင်ပြင်ကြီးထဲမှာ
အမေချစ်တဲ့တိုင်းပြည်ကြီးကိုပြန်မွေးဖွားကြမယ်
အမေတွေရှိနေသရွေ့
တော်လှန်ရေးက ရှိနေမှာပဲမဟုတ်လား။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar