စစ်ကောင်စီရဲ့ အကြောက်တရားသွင်း ဝါဒဖြန့်ချိမှု အကျိုးသက်ရောက်မှု
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၂၁ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၃
စစ်ကောင်စီရဲ့ အကြောက်တရားသွင်း ဝါဒဖြန့်ချိမှု အကျိုးသက်ရောက်မှု
စစ်တပ် အာဏာသိမ်းပြီးနောက်မှာ စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့ ထင်ရှားလူသိများသူ၊ စီဒီအမ် လှုပ်ရှားမှုကို ဆန့်ကျင်တဲ့ ဌာနတွင်းက အရာရှိတွေ၊ ပုဂ္ဂလိက ကုမ္ပဏီအချို့က တာဝန်ခံတွေ နဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆိုရှယ်မီဒီယာမှာ နာမည်နဲ့ ရာထူး အချက်အလက်တွေနဲ့ ဖေါ်ထုတ်ခဲ့ကြပြီး လူမှုရေးအရ ပြစ်ဒဏ်ခတ်တယ်လို့ အဓိပ္ပာယ်ရတဲ့ Social Punishment လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီအချိန်ကာလက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ အင်အားစုက ဆိုရှယ်မီဒီယာပေါ်မှာ၊ နိုင်ငံတွင်းမှာ၊ လမ်းပေါ်မှာ အင်အားထုကြီးကြီးမားမားနဲ့ စုစည်းထားနိုင်ချိန် ဖြစ်တာကြောင့် စစ်အာဏာသိမ်းမှု ထောက်ခံသူ၊ စစ်တပ်နဲ့ ဆက်နွယ်သူ၊ စီဒီအမ်လှုပ်ရှားမှုကို ဆန့်ကျင်သူတွေကို ခေါင်းမထောင်နိုင်အောင် ဖိထားနိုင်ခဲ့ကြတယ်လို့ ဆိုရမယ့် ကာလဖြစ်ပါတယ်။ ပြည်တွင်းမှာ ဆန္ဒပြမှုတွေ နေ့စဥ်နဲ့အမျှ နေရာအနှံ့ဖြစ်ပွားနေချိန်ဖြစ်တာကြောင့် အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ လူမှုမီဒီယာ ဖေ့စ်ဘွတ်ကို ပိတ်ဆို့ဖို့ ကြိုးစားတာ၊ အင်တာနက် ဖြတ်တောက်တာမျိုး လုပ်ဆောင်ခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်က ပြင်းထန်တဲ့ ရေစီးကို တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပါဘူး။
သို့ပေမဲ့ မြို့ပေါ်က လူထုလှုပ်ရှားမှုတွေ မြေအောက်ရောက်သွားတာ၊ လူငယ်တွေ တက်ကြွလှုပ်ရှားသူတွေ အများအပြား လက်နက်ကိုင်လမ်းကြောင်းကို ရွေးချယ်ပြီး တိုင်းရင်းသား နယ်စပ်ဒေသတွေ ရောက်ရှိကုန်ကြတဲ့နောက်မှာ မြို့ပေါ်မှာကျန်ရစ်ခဲ့သူတွေကို စစ်ကောင်စီက စစ်ထုတ်ပြီး အရေးယူဖို့ စောင့်ကြည့်လာတဲ့ အခြေအနေမျိုးကို ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုကာလမှာ စစ်ကောင်စီဘက်က ၄င်းတို့ကို ဆန့်ကျင်သူတွေကို စောင့်ကြည့်ပြီး သတင်းပေးတဲ့ စနစ်တရပ်ကို နာမည်ကြီး အနုပညာရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ဖောက်ယူပြီး အွန်လိုင်းကတဆင့် ငွေညှစ်သူတချို့၊ မှုခင်းသတင်းထောက်လို ငွေညှစ်သူတွေကို တာဝန်ပေးပြီး စစ်ကောင်စီဆန့်ကျင်သူတွေကို စောင့်ကြည့် ဖော်ထုတ်ဖို့ စနစ်တရပ် အသုံးပြုလာတာ တွေ့ရပါတယ်။ ဒီလိုစနစ်ထဲ ပါဝင်လုပ်ကိုင်သူတွေက ဖေ့စ်ဘွတ်၊ တွစ်တာ၊ အင်စတာဂရမ်မှာ အကောင့်တွေ အပိတ်ခံရတာကြောင့် တယ်လီဂရမ်ကို အသုံးပြုပြီး တယ်လီဂရမ်မှာ အုပ်စုဖွဲ့ကာ စစ်ကောင်စီ ဆန့်ကျင်သူတွေကို သတင်းပေးတာ၊ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးကို ထပ်ဆင့် ဖြန့်ချိပေးတာတွေ လုပ်လာကြပါတယ်။
ဒီ ရေစီးက ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကာလကတည်းက စလို့ တဖြည်းဖြည်းကျယ်ပြန့်လာပြီး အခုအခါမှာတော့ ပြည်တွင်းမှာနေထိုင်ကြတဲ့ ဆိုရှယ်မီဒီယာ သုံးစွဲသူတွေ အနေနဲ့ မိမိတို့ရဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ မိမိရဲ့ အမြင်၊ ခံစားချက်တွေကို ရေးသားရုံနဲ့ အထက်က စစ်ကောင်စီက တာဝန်ပေးထားတဲ့ အွန်လိုင်းစောင့်ကြည့်သူတွေက စခရင်ရှော့ယူ မှတ်တမ်းတင်တာ၊ အဆိုပါ သုံးစွဲသူရဲ့ ဓါတ်ပုံနဲ့ တကွတင်ကာ လိပ်စာ၊ အမည်ရင်း၊ အလုပ်အကိုင်တွေ သိရင်ဖေါ်ထုတ်ဖို့ လှုံ့ဆော်ရေးသားတာတွေ လုပ်ဆောင်ကြပါတယ်။ အထူးသဖြင့် လူသိများထင်ရှားသူတွေကို စောင့်ကြည့်နေကြပြီး အဲလိုသူတွေက စစ်ကောင်စီ ဆန့်ကျင်ရေး တကြောင်းတလေ ရေးသားရင်တောင် မှတ်တမ်းယူပြီး ဖမ်းဆီးစစ်ဆေးဖို့ လှုံ့ဆော်ကြတာ ဖြစ်ပါတယ်။
တနည်းအားဖြင့် ဥပမာပေးရရင် ဆိုရှယ်မီဒီယာမှာ ခွေးဆိုးတွေကို မွေးထားပြီး မဲမဲမြင်တာနဲ့ ဟောင်ဖို့ ကိုက်ဖို့ လုပ်ထားတဲ့ သဘောမျိုးဖြစ်ပြီး ဘာဖြစ်ဖြစ် မဲမဲမြင်တာနဲ့ ဟောင်တာ ကိုက်ဖို့ ကြိုးစားတာတွေ လုပ်ကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စရဖ၊ ရဲ၊ အက်စ်ဘီ စတဲ့အဖွဲ့တွေက ဒီ စောင့်ကြည့်ဖို့ တာဝန်ပေးထားတဲ့ အကောင့်တွေက ရေးတင်တာနဲ့ ရှာဖွေဖမ်းဆီးဖို့ လုပ်ဆောင်ကြပြီး စစ်ကြောရေးမှာ စစ်ဆေးကာ တရားစွဲဆိုတာမျိုးတွေ လုပ်ကြတော့တာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ဘာကြောင့် လုပ်လာနိုင်လဲလို့ ဆိုရင် နိုင်ငံတွင်းမှာ မြို့တွေပေါ်မှာ စစ်ကောင်စီ ဆန့်ကျင်တဲ့ အင်အားစုတွေ လှုပ်ရှားမှုတွေ နည်းသွားပြီး မြေအောက်အဖြစ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေအဖြစ် ပြောင်းလဲကုန်ကြတာကြောင့် စစ်ကောင်စီ အုပ်ချုပ်မှုအောက်မှာ နေထိုင်သူတွေကို ဖမ်းဆီးဖို့ အရေးယူဖို့ အကြောက်တရားသွင်း အုပ်ချုပ်ဖို့ လုပ်ဆောင်လာနိုင်တာ ဖြစ်ပါတယ်။
ဧပြီလ ၁၁ ရက်နေ့ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ဖြစ်ပွားတဲ့နေ့မှာ သေဆုံးရသူတွေကို စာနာကြောင်း၊ သို့မဟုတ် တိုက်ခိုက်တဲ့ စစ်ကောင်စီကို ဆဲဆိုတာ၊ ရှုတ်ချတာလို ပို့စ်မျိုး၊ ဝမ်းနည်းကြောင်း အထိမ်းအမှတ်နဲ့ အမဲရောင် ပရိုဖိုင်းပြောင်းတာ၊ မိမိတို့ လုပ်ငန်းတွေ ဒီနေ့မှာ မလုပ်တော့ပဲ သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း ဖေါ်ပြသူတွေ ထဲက လူသိများ ထင်ရှားသူတွေနဲ့ သာမန် အရပ်သားအချို့ကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့် တရားစွဲဆိုဖို့ လုပ်ဆောင်လိုက်တဲ့ သတင်းတွေ ယနေ့ သတင်းတွေမှာ ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ် လာနေပြီဖြစ်ပါတယ်။ သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီ၊ အဆိုတော် မေလသံစဥ်၊ ရွှေရည်သိန်းတန် နဲ့အခြား အရပ်သား ၃ ဦးလောက်ကို ဧပြီလ ၁၁ ရက်နေ့နောက်ပိုင်း ဆက်တိုက်ဆိုသလို ရှာဖွေဖမ်းဆီးကာ စစ်ကြောရေးစစ်မေးပြီး ဒီနေ့မှာတော့ တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက အခုလို လုပ်ဆောင်လိုက်တာဟာ လူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်ကို ထောင်ဒဏ်နဲ့ ခြိမ်းခြောက်လိုက်တာ ဖြစ်ပြီး အများပြည်သူတွေ အနေနဲ့ မိမိတို့ရဲ့ ထင်မြင်ယူဆချက်ကို ဆိုရှယ်မီဒီယာမှာ ထုတ်ဖော် မပြောဆိုရဲအောင် အကြောက်တရား နဲ့ ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။ လတ်တလော ဖြစ်ရပ်တွေကြောင့် လူထုအနေနဲ့ ဆိုရှယ်မီဒီယာအပေါ်မှာ ရေးသားမှုတွေကို ပိုပြီး ထိန်းချုပ်လာကြမှာ ဖြစ်ပေမယ့် စစ်ကောင်စီအဖို့ ပြည်သူလူထုရဲ့ မုန်းတီးမှု ရွံရှာမှုကို ပိုမိုလက်ခံရမယ့် အကျိုးသက်ရောက်မှုရှိမှာလည်း အသေအချာပင် ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar