လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီး ဗျူဟာတရပ်အနေနဲ့ အသုံးချလာတဲ့ စစ်ကောင်စီ
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၂၂ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၃
လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီး ဗျူဟာတရပ်အနေနဲ့ အသုံးချလာတဲ့ စစ်ကောင်စီ
စစ်ကောင်စီ အနေနဲ့ မြေပြင်မှာလည်း နေရာယူစစ်ပွဲတွေ တိုက်ခိုက်နေသလို မြေပြင်မှာ PDF၊ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ ယှဥ်လိုက်ရင် တိုက်ခိုက်နိုင်တဲ့ တပ်သားဦးရေအရ ဒေသခံတွေရဲ့ ထောက်ခံမှု ကူညီမှု သတင်းပေးမှုတွေမှာ စစ်ကောင်စီတပ်က အပြတ်အသတ် ကွာခြားနေတာကြောင့် နေရာယူစစ်ပွဲတွေချည်း သပ်သပ်နဲ့ မတိုက်နိုင်တော့ဘဲ လေကြောင်းပစ်ကူ လေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီက ရန်သူလို့ သတ်မှတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၊ PDF အခြေစိုက်စခန်းလို့ ယူဆတဲ့ နေရာတွေကို လေကြောင်းကနေ ဖျက်ဆီးတာ၊ စစ်ကောင်စီဆန့်ကျင်ရေး တပ်တွေ အဖွဲ့အစည်းတွေ အခြေမတည်နိုင်အောင် ဒေသခံတွေ ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်မှုတွေ များလာအောင် တမင်ရည်ရွယ်ပြီးလည်း လေကြောင်း တိုက်ခိုက်မှုကို ဗျူဟာမြောက် နည်းနာတခုအနေနဲ့ အသုံးပြုလာတာ နေ့စဥ်လိုလို အပတ်စဥ်လိုလို ဖြစ်လာနေတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက စစ်ကောင်စီ အခြေစိုက်စခန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက တိုက်ခိုက်တဲ့အခြေအနေမျိုးမှာ၊ တခြား ဖြစ်ရပ်တခုချင်းစီအတွက် လက်စားချေမှု အဖြစ် အခါအားလျော်စွာ တိုက်ခိုက်လေ့ ရှိတာတွေ့ရပါတယ်။ ကေအိုင်အေ အနန့်ပါ စခန်းမှာ ကေအိုင်အေ အဖွဲ့ရဲ့ တည်ထောင်ခြင်း အထိမ်းအမှတ် ဖျော်ဖြေပွဲကို တိုက်ခိုက်တာ၊ ကရင်ပြည်နယ် အရှေ့ဘက် နယ်စပ်အနီး အေအေရဲ့ တပ်စခန်းကို ယမန်နှစ် ဇွန်လက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှာ ၆ ဦးသေဆုံးပြီး အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။ တဖန် ယမန်နှစ်ထဲမှာ ကေအန်ယူ တပ်မဟာ ၆ နယ်မြေထဲက မက္ကသာက သတ္တုတွင်းမိုင်း နေရာကို လေကြောင်းနဲ့တိုက်ခိုက်တာမျိုးလည်း ရှိခဲ့ပါတယ်။ ဒါတွေက တိုက်ပွဲဖြစ်တဲ့နေရာတွေ မဟုတ်ပဲ စစ်ရေး သို့မဟုတ် စီးပွားရေး ပစ်မှတ်တခုကို ရွေးချယ် တိုက်ခိုက်တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာတော့ ဒီပဲယင်း မြို့နယ်က လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်း၊ ယင်းမာပင် မြို့နယ်က ရင်ပေါင်တိုင်ကျေးရွာ၊ နောက်တဖန် ပုလဲမြို့နယ်ထဲက ဦးနှောက်ကျေးရွာ စတဲ့ အဖြစ်အပျက်တွေမှာ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ခိုက်ရေး စစ်သားတွေကို လေကြောင်းနဲ့ ချပြီးဝင်စီးနင်းတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ မကွေးတိုင်း မြောက်ပိုင်း ပခုက္ကူ၊ မြိုင် မြို့နယ်ထဲက ကျေးရွာတွေမှာလည်း လေကြောင်းက တိုက်ခိုက်မှုတွေ စစ်သားတွေကို ရဟတ်ယာဥ်နဲ့ ချပေးပြီးစီးနင်း တိုက်ခိုက်တာတွေ အများအပြားရှိခဲ့ပါတယ်။
ဒီအဖြစ်အပျက်တွေက ယမန်နှစ် နှစ်လည်ပိုင်း နှစ်ကုန်ပိုင်းနဲ့ ယခုနှစ်အစပိုင်းတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။ ခုနောက်ဆုံး ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာ အဖြစ်အပျက်ကတော့ လူအသေအပျောက်အများဆုံး လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်တဲ့ အရပ်သားတွေ အများဆုံး အသက်ဆုံးရှုံးရတဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး နိုင်ငံတကာက ဖိအားတွေ တိုးမြင့်လာစေနိုင်တဲ့ တိုက်ခိုက်မှု ဖြစ်လာခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ ပဇီကြီးကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာက ဖိအားတွေ ဝေဖန်ရှုတ်ချ မှုတွေ ရင်ဆိုင်နေရသည့်တိုင် လေကြောင်းတိုက်ခိုက်မှုကို ပိုပြီးတိုးမြှင့်လုပ်ဆောင်လာနေတာလည်း တွေ့နေရပါတယ်။
ယမန်နေ့က မကွေးတိုင်း ထီးလင်းမြို့ထဲက ကျေးရွာတရွာက ပကဖ ရုံးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်တာ ဖြစ်ပါတယ်။ အခုလို လေကြောင်းက တိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ PDF တွေ ရဲ့ ကျေးရွာ အုပ်ချုပ်ရေးရုံး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ စခန်းတွေ ၊ တိုက်ပွဲဖြစ်ပွားနေစဥ်မှာ အကူအနေနဲ့ ပစ်ခတ်ဗုံးကြဲတာတွေ က စစ်ကောင်စီအဖို့ မြေပြင်မှာ ရွှေ့လျားသွားလာပြီး နေရာယူတိုက်ခိုက်ရတာထက်ကို လူအင်အား အဆုံးအရှုံးနည်းပါးတာကြောင့် ပိုပြီး တိုးလုပ်ဆောင်လာတာလို့ ကောက်ချက်ချရပါတယ်။
စစ်သေနင်္ဂဗျူဟာအရတော့ လေကြောင်းသက်သက်နဲ့ စစ်ပွဲရဲ့ အနိုင်ရမှုကို မရနိုင်ပေမယ့် လောလောဆယ်မှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်လို ဒေသတွေမှာ စစ်ကောင်စီ တပ်တွေအနေနဲ့ မြေပြင်မှာ လွတ်လပ်စွာ မသွားလာနိုင်တဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီအနေနဲ့ တခြားရွေးစရာ လမ်းမရှိတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အင်အားစုတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံနိုင်ဖို့ လွတ်မြောက်အောင် ရှောင်ရှားနိုင်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ စတဲ့ နည်းနာ၊ အလေ့အကျင့် ပညာပေးမှုတွေ ပိုမိုလုပ်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကို နေ့တိုင်းလိုလို ဖြစ်ပွားနေလာတဲ့ အနေအထားမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆုံးအရှုံးမများအောင် နည်းလမ်းရှာ ကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar