Breaking News

ကိုအောင်မှိုင်း - ဟန်မူရာဘီ ဖြေပါလေ

ကိုအောင်မှိုင်း - ဟန်မူရာဘီ ဖြေပါလေ

(မိုးမခ) ဧပြီ ၂၄ ၊ ၂၀၂၃


ပါရီမြို့

လူးဗရာပြတိုက်က

ဟန်မူရာဘီစည်းမျဥ်း

ကျောက်ချပ်ရှေ့ရပ်ရင်း

သင်ကိုမေးပါရစေလား

ဟန်မူရာဘီ ဖြေပါလေ။


ဘာဘီလုံခေတ်နဲ့

ဘာဘီလုံယဥ်ကျေးမှု

သစ်လွင်တဲ့တရားသစ်

မျက်လုံးတလုံးကို မျက်လုံးတလုံး

သွားတချောင်းကို သွားတချောင်း

တရားမျှတမှုတွက် ဥပဒေသစ်

တရားမျှတမှုတွက် ကုစားခြင်းသစ်

မက်ဆိုပိုနေးနီးယားဟာ ကမ္ဘာကျော်ခဲ့။


၂၁ ရာစုရဲ့ အရှက်ကင်းမဲ့မှု

နည်းပညာတော်လှန်ခေတ်

လျှပ်စစ်ကားနဲ့ ရထားတွေ

ထပ်မြင့်အဆောက်အဦတွေ

ဇိမ်ခံဟော်တယ်ကြီးတွေနဲ့

မျက်ရည်သုတ်နေရတဲ့

ပြည့်တန်ဆာ ထီး မတွေ

အဆောတလျင်ပေါ်ခဲ့ ဤကမ္ဘာ။


ပေတရာပေါ်က

သူတောင်းစားတွေနဲ့

အိမ်ခြေရာမဲ့တွေကို

လျစ်လျူရှုကြရင်း

မျက်ကွယ်ပြုကြရင်း

တိုးတက်မှုတွေနောက်

ကမ္ဘာကြီးကလိုက်ရင်း

လူတွေယဥ်ကျေးနေတဲ့ ဤကမ္ဘာ။


အမှောင်ဘက်ရောက်သွားတဲ့

လူအများကတော့ ခံကြပေါ့

အလင်းဘက်ရောက်သွားတဲ့

လူနည်းစုကတော့ စံကြပေါ့

သေချာတာက ကမ္ဘာကြီးက

တရားမျှတမှုကို ဆောင်ကြဥ်းဖို့

ရူးသွပ်မတတ် အော်ဟစ်ရင်း

စိုးရိမ်သောက ရှုတ်ချနေခဲ့ကြ

ငါတို့ချစ်ခဲ့တဲ့ ဤကမ္ဘာ။


မကွေးတိုင်းက ဂန့်ဂေါ

ချင်းပြည်က ထန်တလန်

စစ်ကိုင်းက လက်ယက်ကုန်း

ကချင်ပြည်က အနန့်ပါ

ကန့်ဘလူက ပဇီကြီး

ရာချီတဲ့လူများစွာဟာ

အကြိမ်ပေါင်းများစွာ

သနားကြင်နာကင်းမဲ့စွာ

သတ်ဖြတ်ခံရမှုတွေတွက်

တရားမျှတမှုကို ရှာလိုကြ

သောကဖြစ်ရုံလောက်နဲ့

လုံလောက်ပါရဲ့လား

ဟန်မူရာဘီဘုရင် ဖြေပါလေ။




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar