ကန့်လန့်ကာနောက်ကွယ်က မြန်မာ့အရေး အဖြေရှာမှုတွေ အလုပ်ဖြစ်နိုင်မလား
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၂၃ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၃
ကန့်လန့်ကာနောက်ကွယ်က မြန်မာ့အရေး အဖြေရှာမှုတွေ အလုပ်ဖြစ်နိုင်မလား
မြန်မာ့နိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခမီး အရှိန်အဟုန်နဲ့ တောက်လောင်လာတာ၊ နေအိမ်တွေ ကျေးရွာတွေ မြို့တွေကနေ ထွက်ပြေးတိမ်းရှောင်နေကြရသူ ၂ နှစ်တာအတွင်း သန်းဂဏန်းထိ တိုးမြင့်လာတာ၊ အကြမ်းဖက် သတ်ဖြတ်မှုတွေ ၊ နေအိမ် မီးရှို့ဖျက်ဆီးမှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ ကျယ်ပြန့်စွာ ဖြစ်ပွားလာတာနဲ့ လူသားချင်းစာနာမှု အကူအညီ အရေးတကြီး လိုအပ်နေသူတွေကို ကူညီခွင့်မရရှိတာတွေက မြန်မာနိုင်ငံရဲ့ အကျပ်အတည်းလို့ ဆိုရမယ့် သဘောဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြို့တွေက ဆန့်ကျင်ဆန္ဒပြမှုတွေ ဝန်ထမ်းတွေရဲ့ စီဒီအမ်လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး လအနည်းငယ်အတွင်းမှာပဲ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်မှသာ ဖြစ်တော့မယ်ဆိုတဲ့ အယူအဆ တနည်း လက်နက်ကိုင်လမ်းစဥ်က အများစု ကိုင်စွဲကြတဲ့ လမ်းစဥ်ဖြစ်လာပြီး လက်နက်ကိုင် တိုက်ခိုက်ဖို့ လက်လုပ်လက်နက်တွေ၊ စစ်သင်တန်း တက်ရောက်တာတွေ၊ စစ်သင်တန်း ပြန်လည်ဖြန့်ဝေပေးတာတွေ လုပ်ဆောင်လာကြပြီး ၂၀၂၁ ခုနှစ် မေလမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အမြုတေကို စဖွဲ့ခဲ့ပါတယ်။
ဒီနောက်မှာ ဒေသအလိုက် လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့စည်းလာကြပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထံမှ စစ်သင်တန်း၊ လက်နက် အကူအညီတွေ ရယူတာ၊ လက်လုပ်သေနတ် မိုင်းတွေ ထုတ်လုပ်ပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်လာကြတာ ဖြစ်ပါတယ်။
၂၀၂၁ နှစ်လယ် လောက်ကစတင်ခဲ့တဲ့ စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင် တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်တာအတွင်း တနိုင်ငံလုံး အတိုင်းအတာနီးပါး ကျယ်ပြန့်လာခဲ့ပြီး မြန်မာနိုင်ငံ သမိုင်းမှာ ၁၉၄၉ ခုနှစ်ကနေ ၁၉၅၁ ခုနှစ်တွေအထိ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကာလ နောက်ပိုင်း မြန်မာနိုင်ငံမှာ အကျယ်ပြန့်ဆုံး ဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။ နှစ် ၇၀ ကျော်ကြာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လွတ်မြောက်ရေးနဲ့ တန်းတူကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေး၊ ဖက်ဒရယ်အရေး တိုက်ပွဲတွေကို ပြည်မလို့ ခေါ်ဆိုကြတဲ့ ဗမာလူမျိုးတွေ နေထိုင်တဲ့ ဒေသတွေမှာပါ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပြီး ပြည်တွင်းစစ်မီးက ပိုမိုတောက်လောင်လာခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီအခြေအနေတွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကို စိုးရိမ်မှုတွေ ဖြစ်ပေါ်စေပြီး ကြားဝင်ညှိနှိုင်းပေးဖို့ ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အဖွဲ့ဝင် ဖြစ်နေတဲ့ အာဆီယံက ဒီလိုကြားဝင်ဖြေရှင်းပေးဖို့ အခန်းကဏ္ဍမှာ ထိပ်ဆုံးက ပါဝင်နေပြီး ၂၀၂၁ ခုနှစ် ဧပြီလကတည်းက မြန်မာ့အရေးကိစ္စဖြေရှင်းဖို့ သီးသန့်အစည်းအဝေး တရပ်ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တာ ဒီနေ့ဆို ၂ နှစ်တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။ အဆိုပါ အစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ အာဆီယံသဘောတူညီမူ ၅ ချက်ကို မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်က အဲဒီအချိန်က သဘောတူခဲ့ပေမယ့် ၂ နှစ်ကြာသည်အထိ မူ ၅ ချက်ထဲက တချက်မျှ သိသာထင်ရှားစွာ အကောင်အထည် မပေါ်တာမို့လို့ အာဆီယံမူ ၅ ချက်အပေါ်လည်း ယုံကြည်မှုလျော့ကျလာတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ ယခုနှစ်မှာ မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို ဘယ်လောက်ထိ အောင်မြင်အောင် ဖြေရှင်းနိုင်မလဲဆိုတာလည်း မေးခွန်းတရပ်ဖြစ်လာပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဘရူနိုင်းနိုင်ငံအနေနဲ့ ထူးခြားတဲ့ ရလဒ်ထွက်ပေါ်လာအောင် မစွမ်းဆောင်နိုင်ခဲ့သလို ၂၀၂၂ ခုနှစ်မှာ အလှည့်ကျတဲ့ နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့လည်း ကြိုးစားခဲ့ပေမယ့် နှစ်လယ်နောက်ပိုင်းမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဖြစ်သူ ဟွန်ဆန်လည်း မြန်မာ့နိုင်ငံရေးပြဿနာကို လက်မြှောက်သွားတဲ့ သဘောတွေ့ရပြီး ယခု အင်ဒိုနီးရှားနိုင်ငံ အလှည့်မှာ အပြောင်းအလဲဖြစ်အောင် ဆောင်ရွက်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ဥက္ကဋ္ဌတာဝန်ယူပြီး ၄ လနီးပါးရှိလာချိန်ထိ မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားလှယ်တွေ စေလွှတ်တာ မတွေ့ရသေးပါဘူး။ လူသိရှင်ကြားမဟုတ်တဲ့ တွေ့ဆုံမှုတွေ ဆွေးနွေးမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့တွေ့ဆုံမှု ရှိ၊ မရှိတော့ တိတိကျကျ မပြောနိုင်သေးသလို ရလဒ်အနေနဲ့တော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။
အာဆီယံအပြင် တရုတ်နိုင်ငံ၊ အမေရိကန် နိုင်ငံက Elders လို့ခေါ်ဆိုတဲ့ သမ္မတဟောင်းတွေ ၊ ကုလ အတွင်းရေးမှူးချုပ်ဟောင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ကလည်း ကြားဝင်ညှိနှိုင်းအဖြေရှာဖို့ ကြိုးစားနေတဲ့ လက္ခဏာတွေ ခုရက်ပိုင်း သတင်းတွေမှာ တွေ့လာရပါတယ်။
စစ်ကောင်စီအနေနဲ့ လက်တွေ့အခြေအနေမှာ နယ်မြေအတော်များများမှာ အုပ်ချုပ်ရေးအာဏာ၊ အခွန်အကောက်၊ ပညာရေး ကျန်းမာရေး စတာတွေကို စွန့်လွှတ်ထားရတဲ့ အနေအထားမျိုးရှိနေသော်လည်း သူတို့လက်နက်အင်အားနဲ့ ဘဏ္ဍာငွေကြေးတွေကို အသုံးပြုပြီး တိုက်ခိုက်နိုင်လိမ့်မယ်လို့ ယူဆမှု ရှိနေလိမ့်မယ်လို့ခန့်မှန်းရပါတယ်။ ရခိုင်လို၊ ကရင်နီဒေသ၊ ချင်းပြည်နယ်ရဲ့ အချို့သောနေရာတွေမှာ အုပ်ချုပ်ရေးတွေက ၂ ဖက်စလုံးက အုပ်ချုပ်နေကြတဲ့ အနေအထားမျိုးဖြစ်လာပြီး စစ်တပ်အနေနဲ့ ဒီအခြေအနေကနေ ၄င်းတို့ ပြန်လည်ထိန်းချုပ် အုပ်ချုပ်နိုင်မယ်လို့ မျှော်လင့်ထားကောင်း ထားနိုင်ပါတယ်။ စစ်ကောင်စီအနေနဲ့ လက်နက်အင်အား သယံဇာတ၊ နိုင်ငံရဲ့ ဘဏ္ဍာတွေကို အသုံးချပြီး တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေကို အနိုင်ယူနိုင်မယ်လို့ မျှော်လင့်ကောင်းမျှော်လင့်ပါလိမ့်မယ်။
ဒီမျှော်လင့်ချက်ကြောင့် ဆွေးနွေးညှိနှိုင်းမယ့် ကြားဝင်ဆောင်ရွက်မှုတွေကို စစ်ကောင်စီ အနေနဲ့ လိုလားမှာမဟုတ်ဘူးလို့ မှန်းဆရပါတယ်။ ပရိယာယ်အနေနဲ့ သံတမန်ရေးအရ အသိအမှတ်ပြုမှုခံရဖို့ ရည်ရွယ်ချက် အနေနဲ့သာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆက်ဆံလိုကောင်း ဆက်ဆံလိုမှာ ဖြစ်ပါလိမ့်မယ်။ စေ့စပ်ဆွေးနွေးမှုတွေ အောင်မြင်ဖို့ အခြေအနေဟာ စေတနာ၊ သဘောထားမှန်ကန်မှသာ သို့မဟုတ် အကြပ်ဆိုက်နေတဲ့ အခြေအနေမျိုး ထွက်ပေါက်မရှိတဲ့ အခြေအနေမျိုးရောက်ရှိနေမှသာ ဖြစ်နိုင်မယ်လို့ ယူဆရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar