ရွှေကုက္ကို မြို့သစ်အနီး တိုက်ပွဲဆက်နေဆဲ၊ စစ်ဘေးရှောင်တွေ ထပ်ပြီးတိုးလာ၊ ကချင်ကေဘီစီဥက္ကဋ္ဌဟောင်း ထောင် ၆ နှစ်
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၇ မြင်ကွင်း
(မိုးမခ) ဧပြီ ၈၊ ၂၀၂၃
ရွှေကုက္ကို မြို့သစ်အနီး တိုက်ပွဲဆက်နေဆဲ၊ စစ်ဘေးရှောင်တွေ ထပ်ပြီးတိုးလာ၊ ကချင်ကေဘီစီဥက္ကဋ္ဌဟောင်း ထောင် ၆ နှစ်
ဧပြီလ ၅ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့တဲ့ မြဝတီမြို့ မြောက်ဘက် ရွှေကုက္ကို မြို့သစ် အနီးတဝိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင် အရေအတွက် ထပ်ပြီးတိုးမြင့်လာနေတာ ဖြစ်ပါတယ်။ သောင်ရင်းမြစ်ကိုရဲ့ အရှေ့ဘက် ထိုင်းနိုင်ငံဘက်အခြမ်း ကို အဓိကတိမ်းရှောင်ကြတာ ဖြစ်ပြီး သတင်းတချို့မှာ စစ်ဘေးရှောင် ၈ ထောင်ကျော်အထိ ရှိလာပြီလို့ ဖော်ပြသလို တချို့သတင်းတွေမှာတော့ ၁ သောင်းအထိရောက်ရှိလာပြီလို့ ဆိုပါတယ်။
ထိုင်းဘက်ကတော့ စစ်ဘေးရှောင်တွေကို သောင်ရင်းမြစ်နံဘေးမှာ သတ်မှတ်နေရာတွေထားရှိပြီး ထိုင်းဘက်အခြမ်းက အခြားသော ကျေးရွာတွေ မြို့တွေဆီ မသွားနိုင်အောင် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စောင့်ကြပ်ကာ အစားအသောက် အကူအညီပစ္စည်းပေးအပ်မယ့်သူတွေကို စိစစ်ပြီး ခွင့်ပြုတယ်ဆိုတဲ့ သတင်းတွေလည်း ဖော်ပြကြပါတယ်။
စစ်ဘေးရှောင်တွေ အဖို့ အသက်ဘေးက လွတ်ကင်းအောင် အခုလို လူတကိုယ် သယ်နိုင်တဲ့ ပစ္စည်းနဲ့တိမ်းရှောင်ကြရတာ ဖြစ်ပြီး ချန်ထားခဲ့တဲ့ နေအိမ်တွေ အသုံးအဆောင်တွေ ပျက်စီး၊ ပျောက်ဆုံးမယ့်အရေးလည်း ရှိနေတာ ဖြစ်ပါတယ်။
PDF စစ်ကြောင်းတခုက တပ်ဖွဲ့ဝင် ၃ ဦးကို ထိုင်းရဲနဲ့ လ.ဝ.က တာဝန်ရှိသူတွေက BGF တွေထိန်းချုပ်တဲ့ နယ်စပ်ဂိတ်မှာ ပြည်နှင်ဒဏ်ပေး လွှတ်လိုက်စဥ်မှာ BGF တွေလက်ထဲက လွတ်မြောက်ဖို့ ထွက်ပြေးတဲ့ အဖြစ်အပျက်ဖြစ်ပွားပြီး BGF တပ်တွေက ပစ်ခတ်ဖမ်းဆီးပြီးနောက် စစ်ကောင်စီရဲ့ လက်ထဲ အပ်နှံလိုက်ရာက အခုလို ရွှေကုက္ကိုဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ မမျှော်လင့်ထားတဲ့ လုပ်ဆောင်မှုကို PDF အဖွဲ့ဝင်တွေ ခံကြရတဲ့နောက် စစ်ကောင်စီလက်အောက်က BGF စခန်းတွေကို တိုက်ခိုက်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
အခု တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေ အထိနာနေတယ်လို့ ကရင် လက်နက်ကိုင် စစ်ကြောင်းတွေဘက်က ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး စစ်ကောင်စီ နဲ့ BGF တပ်ဖွဲ့ဝင်စုစုပေါင်း ၈၀ ကျော် သေဆုံးတယ်လို့ ထုတ်ပြန်ထားသလို သင်္ကြန်မတိုင်ခင် ရက်အနည်းငယ် အလို ဧပြီ ၇ ရက်နေ့က စလို့ ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းကို လုံးဝ မသုံးကြဖို့ ကရင်စစ်ကြောင်း ၇ ကြောင်းလောက်ရဲ့ အမည်တွေ၊ လက်မှတ်တွေနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အခုဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာ ပင်မကေအန်ယူ လက်နက်ကိုင်အဖွဲ့အနေနဲ့ ပါဝင်သလား သို့မဟုတ် အောက်ခြေ စစ်ကြောင်းအမည်နဲ့ လှုပ်ရှားနေတဲ့ ကျားဖြူ၊ မြွေဟောက်၊ ခြင်္သေ့ အစရှိတဲ့ အမည်ပေးထားတဲ့ စစ်ကြောင်းတွေ ယခင် ဒီကေဘီအေကနေ ခွဲထွက်ခဲ့တဲ့ ကလိုထူးဘော လက်နက်ကိုင်တပ်တွေက ဦးဆောင်တာလား ရှင်းရှင်းလင်းလင်းတော့ ဖော်ပြမထားကြပါဘူး။ အခု အဖြစ်အပျက်တွေဖြစ်ပွားနေစဥ်မှာပဲ ထော့ကော်ကိုးဒေသလို့ သိကြတဲ့ ယခင်ကေအန်ယူ တပ်မဟာ ၇ တပ်မှူးဖြစ်သူ ဗိုလ်ထိန်မောင် ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ KNU/KNLA (PC) အဖွဲ့ကလည်း ၄င်းရဲ့ တပ်မှူး တဦးနဲ့ ဗျူဟာမှူးတဦးကို အဖွဲ့မှ ထုတ်ပယ်လိုက်တဲ့ စာထုတ်ပြန်ထားပါတယ်။ လတ်တလော ကော့ကရိတ်နဲ့ မြဝတီမြိုန့ယ်တွေမှာ စစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေမှာ ရာထူးမှ ဖြုတ်ခံရတဲ့ တပ်မှူးနဲ့ ဗျူဟာမှူးတို့က ပူးပေါင်းပါဝင်နေတဲ့ ဖြစ်ရပ်တွေကြောင့် စစ်ကောင်စီနဲ့ NCA လက်မှတ်ထိုးထားပြီး ၄င်းစာချုပ်ပါ အချက်အလက်တွေကို ဆက်လက်လိုက်နာနေတဲ့ KNU/KNLA (PC) က ထုတ်ပယ်လိုက်တာလို့ ယူဆရပါတယ်။
ကရင်ပြည်နယ်မှာ လက်နက်ကိုင် အဖွဲ့ကြီးအနေနဲ့ ကေအန်ယူအဖွဲ့ရှိပြီး အခြားသော လက်နက်ကိုင် အဖွဲ့ငယ်တွေ ဖြစ်တဲ့ KNU/KNLA (PC) , DKBA, BGF, KTLA, KKO စသဖြင့် အဖွဲ့ငယ်တွေ အသီးသီးရှိကြကာ စစ်ကောင်စီနဲ့ တွဲဖက်လှုပ်ရှားမှုအပေါ် မူတည်ပြီး တဖွဲ့နဲ့တဖွဲ့အကြား ရင်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ KBC ကချင်နှစ်ခြင်းခရစ်ယာန်အသင်း ဥက္ကဌဟောင်းဖြစ်သူ ဒေါက်တာ ခလန်ဆွမ်ဆန် ကို ပုဒ်မ ၃ ခုနဲ့ ပြစ်ဒဏ် ၆ နှစ်ချလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ၁၇(၁) ဆိုတဲ့မတရားအသင်းဆက်သွယ်မှု၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က နဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) တို့နဲ့ ၂ နှစ် ၊ တနှစ် ၃ နှစ်စုစုပေါင်း ၆ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ကေဘီစီဥက္ကဋ္ဌဟောင်ဖြစ်သူ ဒေါက်တာ ခလန်ဆွမ်ဆန်ဟာ ယခင်နှစ်ကုန်ပိုင်းက မန္တလေးမြို့မှ တဆင့်ပြည်ပမှာ ဆေးကုဖို့သွားရောက်စဥ် တားဆီးစစ်ဆေးပြီးနောက် မြစ်ကြီးနားအရောက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ကချင်လူမျိုးအသိုင်းအဝိုင်းမှာ သြဇာအရှိဆုံးပုဂ္ဂိုလ်တဦးဖြစ်ပြီး ကေအိုင်အို/ ကေအိုင်အေ အဖွဲ့အစည်းတွေကလည်း လေးစားအသိအမှတ်ပြုထားကြတဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပြီး စစ်ကောင်စီအနေနဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်တာ ကချင်လူမှုအသိုင်းအဝိုင်းပေါ် နိုင်ငံရေးအရပါ သြဇာရှိတဲ့ အချက်တွေအပေါ် စစ်ကောင်စီဘက်က ငြိုးထားတဲ့ သဘောလို့လည်း ယူဆကြပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar