Breaking News

ဒီသစ် - ရသကမ်းခြေတော

ရသကမ်းခြေတော
ဒီသစ်
(မိုးမခ) ဧပြီ ၈၊ ၂၀၂၃

"သူ့ပုရစ်ဖူးသူ
မမြင်တော့လောက်အောင်ဆာလောင်"

၁၉၉၉ ခုနှစ်၊ မေလ (၈)ရက်နေ့၊ ညနေ။
မိုးတကျိုက်ဖြတ်ပြေးထားတော့ ညနေကလေးက မပူတုံ့တုံ့၊ ပူတုံ့တုံ့။အညာအစပ်မကင်းတကင်းလေးမှာတမာရနံ့သင်းသင်းမွှေးတာကတော့အမှန်။
တနွေစာဖုန်လုံးကပ်ခံထားရတဲ့ ပင်စည်၊ အကိုင်းနဲ့ သစ်ရွက်တွေခမျာ မိုးရေမဝတဝချိုးအပြီး ညိုပဲညစ်ရတော့မလို၊ စိုပဲလှစ်ရတော့မလို ကပိုကရိုနဲ့။
ဘူတာထဲ အမြန်ရထားကြီး ကျွိကျွိ၊ ဂျိန်းဂျိန်း၊ ယိမ်းယိမ်း၊ လှုပ်လှုပ် တအိအိဝင်လာတော့ "ရေရမယ်...ရေ။ ရေရမယ်...ရေ" ဆိုတဲ့အသံလှိုင်းတွေက ပြတင်းပေါက်ဆီကနေ တဟုန်ထိုး ဒရောသောပါးပြေးဝင်လာနေကြ။
မိုးသားမှုံပျပျ။ စိုထိုင်းအပူကြွလေငွေ့ငွေ့အောက်မှာ ကွေးကောက် ရှုတ်ထွေးနေတဲ့ ရှန်တိန်သံလမ်းတွေက ပင့်ကူအိမ်လွန်းယှက်ထိုးလို့။
ရပ်ထားတဲ့တွဲဆိုင်းတွေကြားမှာ၊ အရွက်ဖားဖားတွေနဲ့ တို့လို့တွဲလောင်းမုန်လာဥဖြူတွေ၊ လိမ္မော်သီးတွေ၊ ပန်းဂေါ်ဖီတွေ၊မာလကာသီးအပုံတွေ၊ ဆီးသီးမျိုးစုံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပန်းမျိုးစုံတွေကို မြေပေါ်ဗန်းချခင်းဆိုင်လေးတွေ၊ ယာယီခုံထိုးဆိုင်လေးတွေပေါ်မှာ အစီအရီ ပုံထပ်လျောင်းစက်နေကြ။ စားခင်းသောက်ဖွယ်အလီလီနဲ့ အသံတစာစာအော် ခေါင်းရွက်ဈေးသည်ကလေးတွေကလည်း ပျားပန်းခပ်မျှ။
မြန်မာမင်းတွေလက်ထက်က တောင်ပိုင်းရှမ်းပြည်နဲ့ မြေပြန့်တို့ ကူးလူးဆက်ဆံရာ ကွန်းထောက်ခိုနားစခန်းချခဲ့ကြရဖူးတဲ့ ရွာကလေး။
ဗြိတိသျှတို့ မြန်မာပြည်ကိုသိမ်း(၁၈၈၅) ပြီးနောက်၊ တောင်ငူ-မန္တလေးရထားလမ်းပိုင်း(၁၈၈၈) ဖောက်လုပ်ခဲ့တော့ဖြတ်သန်းသွားပြန်တဲ့ ရွာစုကလေး။
ရှမ်း/တောင်သွားရထားလမ်းခွဲ (၁၈၈၆-၈၇)နဲ့ မြင်းခြံရထားလမ်းခွဲ(၁၈၉၃)နဲ့  တို့ဆုံစည်းရာ တခုထဲသောဘူတာ။

"သာစည်"....။
* * * * * * * * * *
"Too hungry
till unable to see their buds up"

ကိုလိုနီခေတ်ရဲ့အငွေ့အသက်တို့ပေကျံဆဲ။
ဝါကျင်ကျင်မီးလုံးတို့ရဲ့မှုန်ပြပြအလင်းရောင်အောက်မှာ ရထားသံလမ်းတိုင်မျောမျောတွေကို တိုင်လုပ်ထားတဲ့ အမိုးပြန့်ပြန့် စင်္ကြန်အဆောက်အဦရှည် မျောမျောတွေက အစုန်အဆန်သံလမ်းနှစ်ခုစီရဲ့ကြားမှာ သက္ကရာဇ်တွေကိုရပ်ငေးတွေး၊ ဆွေးလျှနေလေရော့သလား။
စင်္ကြန်ရဲ့ တဖက်မှာတော့ မန္တလေးအမြန်ရထားကဖြုတ်ချထားခဲ့တဲ့ ရွှေညောင်တွဲဆိုင်း နှစ်ဆိုင်း၊သုံးဆိုင်းပေါ်မှာ ခရီးသည်တွေ၊ ဈေးသည်တွေ၊ ကုန်စည်တွေနဲ့ အပြည့်။ တချို့ခရီးသည်တွေကပလက်ဖောင်းပေါ်ဆင်းပြီး အစုလိုက်ထိုင်၊ စားစရာတွေချ၊ ဝိုင်းဖွဲ့စားသောက်နေကြ။သူတို့က ဘူတာမှာပဲညအိပ်ကြရမှာလေ။ ရှမ်း/တောင်ရထားက မနက်မှချိတ်ဆက် တက်ကြရမှာမို့။

ဘူတာတပြင်လုံးမှာတော့...ပလက်ဖောင်းဈေးသည်တွေ၊ ခရီးသွားတွေ၊  ဘူတာဝန်ထမ်းလုပ်သားတွေ၊ တောင်းရမ်းစားသောက်သူတွေ၊အလှူခံတွေ။

"ရေရမယ်...ရေ..."
"ပြောင်းဖူးပြုတ်...မြေပဲပြုတ်..."
"ဇီးသီး...လိမ်မော်သီး..."
"ကြက်ဥပြုတ်လား...ငုံးဥပြုတ်လား..."
"ထမင်းရမယ်...ထမင်း..."
"ဂျိုးကြော်...စနိုက်ကြော်..."
". . . . . . . . . . . . . . . . . . . ."
"ဗယာကြော်သယ်လာအုံး...."
". . . . . . . . . . . . . . . . . . . ."
"သနားကြပါ... အကိုကြီးတို့၊ အမကြီးတို့၊ ထမင်းဘိုးလေး..........."
". . . . . . . . . . . . . . . . . . . ."
". . . . . သဒ္ဓါတတ်အား၊ နဲများမဆို....."
"အောင်ပန်းအာလူးကြော်ရမယ်...အောင်ပန်းအာလူးကြော်..."
"ရေနွေးရမယ်...ရေနွေး..."
". . . . . . . . . . . . . . . . . . . ."
သံစုံဆူညံပွက်ထ။ ငြိမ်နေတဲ့လေအူအူထဲမှာ အနံ့အသက်တို့က အပူနဲ့ပွလို့။
ခပ်လှမ်းလှမ်း မှောင်ရိပ်စလွှမ်းထားတဲ့ သံလမ်းအလွတ်တွေပေါ်မှာတော့ ပြင်နေတဲ့တွဲဟောင်းတွေ၊ ရပ်ထားတဲ့ကုန်တွဲတွေ။
အစွန်ဘက်ခပ်ကျကျမှာတော့ အဖီဆွဲချပြီး လှုပ်မရတော့တဲ့ ယာယီအိမ်တွေဖြစ်နေကြတဲ့တွဲပျက်တွေက ဟိုနေရာတတွဲစ၊နှစ်တွဲစ။ ဒီနေရာတတွဲစ၊ နှစ်တွဲစ။ လူခြေဆရ မှုံပြပြ။ အတွေးစတို့ရစ်ခွေ။
ဘူတာပုရဝုဏ်ရဲ့နောက်ခံ၊ သက်တန်းရင့် ကုက္ကိုပင်ကြီးတွေအောက်မှာတော့ ကုက္ကိုသီး၊ ကုက္ကိုရွက်၊ ကုက္ကိုပွင့်၊ ဖုန်မှုန့်တို့လုံးပတ်ပျော်စံရာ အုတ်ကျွတ်အမိုးနီဝါဝါ၊ မီးရထားဝန်ထမ်းအိမ်ယာလေးတွေ အစီအရီ။ ကိုလိုနီခေတ်သဏ္ဍန်တွေက ဟောင်းအိုစွာစီးဆင်းနေကြတုန်းရယ်။
* * * * * * * * * *

"သူ့ပုရစ်ဖူး သူ
မ မြင်တော့လောက်အောင်ဆာလောင်..."

"အသည်းကွဲရှန်တိန်ကြီး"...လို့ စာသမားတွေအမြတ်တနိုးခေါ်ကြတဲ့ (ကို)ရဲသျှန်း ရဲ့ရုံးခန်းကိုရောက်တော့ တာဝန်ကျဝန်ထမ်းက " ရုံးချုပ်အစည်းအဝေးတက်ဖို့ ခရီးလွန်နေ...ရုံပိုင်ကြီးရဲ့ မိတ်ဆွေတွေလား။ ဘာကူညီရမလဲ။ ရွှေညောင်ရထားက မနက်.......။လက်မှတ်တွေက".......
သုံးယောက်သား ရုံပိုင်ရုံးခန်းထဲကအထွက်မှာ တာဝန်ကျဝန်ထမ်းရဲ့ "အခက်ခဲရှိရင်တော့၊ ပြန်လာပြောနော်.."ဆိုတဲ့ လောကဝတ်စကားသံကနောက်
ကတန်းလန်းပါလာခဲ့သေး။
တကယ်တန်းကြတော့ (ကို)ရဲသျှန်းကို တခါမှမဆုံဘူးကြ။ ခရီးကြုံခိုက် ဝင်နှုတ်ဆက်ရုံသက်သက်မျှ။ သူ့ဖက်က ခြေခင်းလက်ခင်းသာရင်လည်း စကားလေးစမြည်လေး ပြောကြဆိုကြဖို့ပါ။
အတက်ခရီးက ရထားချိန်အဆင်မပြေသမို့ ကားပဲဆုံးဖြတ်ပြီးသားဆို တော့  ရထားလက်မှတ်ကမလိုတော့။ လိုအပ်ရင်လည်း "တောင်ငူဘူတာ"မှာကတည်းက အမြန်ရနည်း နိဿရည်းကို ရထားချိန်အနီးကပ်တက်ရောက်အောင်မြင်ခဲ့သူတွေလေ။
ဘူတာရှေ့ဘက်အထွက်မှာတော့ ဝက်ဝက်ကွဲကြိုဆိုကြသူတွေနဲ့ပြည့်နေပြန်ပါရော။
"ဆိုက္ကားလား....မြင်းလှည်းလား...
စက်ဘီးလား...ထမင်းဆိုင်လား...
တည်းခိုခန်းလား...
ရေမီးအစုံ လေထီးခုန်တဲ့ဆီအရောက်...ဘယ်၍...ဘယ်လောက်...
ရိပ်သာတည်းမလား...ဘုန်းကြီးကျောင်းတည်းချင်လား...။ ကားဂိတ်ကိုသွားကြလမလား။
.....လား။ ....လား။ ... လား။"
နားဆီတို့တုန်ခါကျပ်ခဲရ။ ဘယ်ဘက်ကို ဘယ်လိုပြန်ဖြေကြရမလဲ မသိတော့။ အလိုက်သိလွန်းစွာ အိတ်ကိုအတင်းဆွဲသူကဆွဲ။ လက်ကို အတင်းတွဲသူကတွဲ။ တကထဲ..မနဲရုန်းထွက်ရ။ ပျူငှာချက်များသောက်သောက်ကိုလဲလို့ရယ်။
နှုတ်မကြွင်း၊ ရုပ်မကျန်ရုန်းကန်တိုးလျက် မနက်စောစောထွက်မယ်ဆိုတဲ့ ကားဂိတ်ဘက်အနီး တည်းခိုခန်းတခုအရောက်မှာတော့ ခံတွင်းတွေခြောက်၊ ရေတွေဆာ။ နွေအပူမြေငွေ့တို့ထဲ နွမ်းလျအဖြေမပါ။
* * * * * * * * * *

"အမြစ်တွေ။"

၁၉၉၉ ခုနှစ်၊ မေလ (၉)ရက်နေ့၊ မနက်။

ရွာပေါင်း(၂၀၀)နီးပါးဝန်းရံတည်ရှိနေတဲ့ ကျေးလက်ရနံ့တို့ပြန့်ကျယ်ဆဲ။ ဓနုလူမျိုးတို့ အစုအဝေးလေးနဲ့ နေထိုင်ရာ..."မင်းတုန်းမင်း"လက်ထက်က မွတ်ဆလင်တပ်စုတစုရဲ့ အဆက်အနွယ်တွေမှ ဆင်းသက်ပေါက်ဖွားလာဟန်ရှိ သော မွတ်ဆလင်အများအပြားအခြေချရာ...လမ်းဆုံမြို့ကလေးကိုချန်ရစ်ပြီး အရှေ့သို့ခရီးဆက်ခဲ့။
မြေအနေထားက မြင့်မြင့်လာ။ ရာသီဥတုက အေးမြမြလာ။ နွေလက် တံနေမလွတ်တလွတ်မို့ ရုန်းထစသစ်ပင်တွေက ဝါတာတာစိမ်းဖန့်ဖန့်။
ညကထပ်ရွာချလိုက်တဲ့အခါကြိုမိုးက နဲနဲအားကြီးထားသမို့ လမ်းဘေးဝဲယာတို့က လက်လက်မှုန်ပြ။
အတက်ကားကိုဦးစားပေးပါ။ ကွေ့ရှိသည်။ ဟွန်းတီးပါ။ ကျော်မတက်ရ။ တံတားကျဉ်းရှိသည်။............။ကတ္တာရာလမ်းပေါ်လှည်းမမောင်းရ။ ဖြည်းဖြည်းမောင်းပါ။ ဖြေးဖြေးမောင်းပါ။ တိတိကျကျ......။......။
ဆေးသားပြယ်တာပြယ်၊ ပျက်တာပျက်။ တချို့ယိုင်၊ တချို့ပြုတ်၊ တချို့လဲကျ၊ ဆိုင်းဘုတ်ကလေးပေါင်းများစွာ "ကြိုဆိုပါ၏"အစားတာဝန်ထမ်းနေကြရသလိုလို။

လမ်းတောင်းကျော်တက်။ လမ်းကျယ်တဲ့နေရာလေး ရပ်တန်ရပ်စောင့်။ ကပ်တန်ကပ်ကျော်။ ကုန်တင်ကား၊ လူစီးကား၊ ဂျစ်ကား၊ ကားကိုသေချာမမြင်ရလောက်အောင် ကုန်တင်၊ လူတင်၊ လူကုန်တင် ကားအစုံမှာ ရှေ့ဘီးလေးတွေမြောက်တောက် မြောက်တောက်နဲ့ ကိုယ့်ခရီးနဲ့ကိုယ် လမ်းတလျောက်ပေါ့။
တောအစပ် တောင်အခြေ တဲအိမ်စုကလေးတွေ။ လမ်းဘေးတွေမှာတော့ ကလေးအရွယ်အပါအဝင် ကျားမ အရွယ်စုံ၊ အသားအရောင်အသွေးတို့က အစုံ ပလိုင်းလေးတွေ၊ ဓားလေးတွေကိုယ်စီနဲ့။ တချို့လမ်းလျောက်လျက်၊ တချို့ ဆွဲလှည်းကလေးတွေ တွန်းသူတွန်း၊ ဆွဲသူဆွဲနဲ့။
 "ဝူးဝူး...ဗြဲဗြဲ..."အတက်အဆင်းကားတွေ ဖြတ်သန်းသွားတာကို ရပ်ငေးလို့။ သူတို့မျက်ဝန်းတွေနဲ့ မျက်ဆုံဖွဲ့မိတဲ့အခါ ရင်ဘတ်ကြီးကတစ်ဆို့ဆို့ကြီးဖြစ်လာရပြန်ရော။
တောအစပ်ခြုံလမ်းလေးတိုင်းနီးပါးရဲ့အဝလေးတွေမှာတော့.."ကတ္တာရာလမ်းပေါ်လှည်းမမောင်းရ။" ဘုတ်ပြားကလေးတွေက ယိုင်နဲ့လျ။
* * * * * * * * * * *

"All are roots."

ဗြိတိသျှကိုလိုနီတို့ (၁၈၉၀)ရှမ်း/တောင်ကိုအပြီးသတ် သိမ်းပိုက်ပြီးနောက် လမ်းအူကြောင်းချဖောက်လုပ်ခဲ့ကြတဲ့ ယိုးဒယားပေါက် ကျဉ်းကျဉ်းကွေ့ ကောက်လမ်းမအတိုင်း ဂျပန်ပြည်လုပ်ဟိုင်းလပ်ကားလေးက တရိပ်ရိပ်ပြေးတက်နေလေရဲ့။
ခေါင်မိုးကက်အိမ်ဝက်ခြံလေးထဲနေ ဘေးတဘက်ခြေလွှဲချ ထိုင်စီးကြတာဆိုတော့ လေတိုးပြီး ချမ်းသလိုလိုတော့ရှိသား။ အောက်မှာ လူတွေကုန်တွေနဲ့ကျပ်ညပ်ပြီးစီးရတာထက်တော့ စိတ်အိုင်သက်သာပါရဲ့။  တဘက်ကချောက်၊ တ ဘက်ကတောင်နံရံ၊ လမ်းကကျဉ်း၊ ကွေ့တက် ကပ်ရှောင်၊ မြေနီလမ်းပုခုံးပေါ် တစောင်းနိမ့်ကျတဲ့အခါနိမ့်ကျ၊ 
အတွေ့ကြုံမရှိလေတော့ ထိတ်ကနဲ၊ ထိတ်ကနဲဖြစ်မိသား။
ဆင်းတဲ့သူကဆင်းသွားကြ။ တက်တဲ့သူကတက်လာကြ။ လိုရာခရီးအတွက် ဆက်နေကြရတာတွေကိုကြည့်ရင်း ဉီးသုခရဲ့ "ဘဝသံသရာ" သီချင်းကိုသတိရနေမိသေး။ ဒီလမ်းကလည်း အဲ့တံတားနားကိုဖြတ်သွားမယ့် လမ်းပဲမို့လား။
မြေပြင်ပိုပိုမြင့်လာ။ လမ်းတွေကပိုကွေ့ကောက်လာ။ တောတွေကပိုထူလာ။ ကားရဲ့ပူဟိုက်သံကလည်းပိုညံလာ။အတက်ကွေ့အတွန့်တခုကအထွက်မှာတော့...။ 
အိုး....ရပ်နေတဲ့ အတက်ယာဉ်တန်းရှည်ကြီး။ ကားပေါ်ကဆင်းနေကြတဲ့လူတွေကလည်း ဟီးဟီးကိုထလို့။ကားရပ်ရပ်ချင်း ခေါင်မိုးပေါ်ကဆင်း။ ဘာဖြစ်တာလည်း...ဘာဖြစ်တာလည်း...စပ်စုကြ။
ညက ကောင်းကောင်းကြီးမိုးစွမ်းပြခံလိုက်ရတာကိုး။

တောင်နံရံတွေ၊ ခါးပန်းတွေ ပဲ့ပြိုကျပြီးလမ်းတွေပိတ်ဆို့။ အတက်လည်းမပွင့်။ အဆင်းလည်းမပွင့်။ သစ်ပင်တွေပါလဲပြိုပိတ်ဆို့။ စက်ယန္တယားမပါ။ လုပ်သားအင်အားမစို့မပို့နဲ့ ခုတ်ထွင်ဖယ်ထုတ်နေကြပုံက အတော်နဲ့ပြီးမယ့်ပုံမပေါ်။ ခရီး အလျဉ်လိုသူတွေကတော့ မြေပြိုတွေ၊ သစ်ပင်အလဲတွေကြားကနေ ကုတ်တွယ် လျက် ဟိုဘက်ဒီဘက်ဖြတ်ကူးနေကြလေရဲ့။ အဆင်းက အတက်ဘက်ပြန်လှည့်တဲ့ကား၊ အတက်က အဆင်းဘက်ပြန်လှည့်တဲ့ကား၊ ဟိုဘက်ဒီဘက်သတင်းပြန့်လာတော့ ကိုယ်စီးလာတဲ့ကားဆီ ပြန်သွားပြီး ကျောပိုးအိတ်ကလေးဆွဲချ။ တောင်ပြိုမြေပိတ် သစ်ပင်လဲကျ ကြား တွေထဲကနေ လိုရာခရီးဘက် ဦးတည်ဆက်ကြရ။
ကုတ်ကပ်တွယ်ဖြတ်ကျော်ရင်း ကွဲကျချိုင့်ခွက်နေတဲ့ ကမ္ဘားယံဆီမော့ကြည့်မိတော့...မိုးဆမ်းထားလို့သာစိုရတယ်၊ မြေဆီကခန်းခန်း နီညိုညိညို၊ ရှုတ်ပွနေတဲ့ အရွယ်စုံ၊ ပုံသဏ္ဍန်စုံ အမြစ်တွေသာ ငေါငေါထွက်၊ အချင်းချင်း လိမ်ကပ် တွယ်ယှက်၊ အဟာရရှာရဖွေရခက်နေပုံသာအပြည့်မြင်နေရ။ မြေထိန်းအားတွေချိနဲ့နေကြပြီကိုး။
အပင့်ခေါင်အဖျားတွေမှာလည်း တောနဲ့မလိုက်ဖက်စွာ ဟာတာတာ ရော့တိရော့ရဲနဲ့။ ဆံပင်ကျွတ်ကျဲဂီလာနရုပ်ပုံလွှာနှယ်။

အတက်ဘက်ပြန်လှည့်ကားနဲ့ ကွေ့ကောက်လိမ်တွန့် ကမ္ဘားရံညွှတ်ညွှတ် လမ်းလေးအတိုင်းဆက်တက်လာတော့ "ဝက်ဖြူရေ"ဆိုင်စုတန်း ရွာစခန်းလေးကိုတွေ့ရ။ တထောက်ရပ်နား၊ ဝိတ်လျော့၊ အားဖြည့်။
ရာသီရသမြမြ။ ရှုကွက်တွေကမှုံပြပြ။ မြင်ရတွေ့ရ ဘဝတွေကထုံစက်မတက်ကြွ။ ကွေ့ကောက်လမ်းဆင့်။ တောင်နံရံမြင့်မြင့်။ ချောက်နက်နက်အသူရာ တွေ စွင့်စွင့်။ တိမ်လွင့်လွင့်။ လူပြည့်၊ ကုန်ညပ် ဟိုင်းလပ်ကားလေးရဲ့အတက်ခရီးနဲ့ လက်ဆက်ရွက်လွှင့်။
* * * * * * * * * *

"အမြစ်တွေ။"....

မီးခိုးခေါင်းတိုင်လေးတွေနဲ့အုတ်ကြွပ်မိုးနီနီအိမ်လေးတွေ၊ တောင်ကုန်းမြင့်မြင့်ကလေးတွေ၊ ထင်းရူးတောအုပ်အုပ်ဆိုင်းဆိုင်းလေးတွေနဲ့ ဥယျာဉ်ခြံ ကျယ်ကြီးတွေ၊ဥရောပစတိုင်များဖြစ်လေမလား။ အင်္ဂလိပ်တို့သိပ်သဘောကျခဲ့တယ်ဆိုတဲ့မြို့ကလေးကိုဖြတ်တော့ လမ်းဘယ်ဘက်အခြမ်းက  တောင်ကုန်းမို့မို့လေးပေါ်မှာတော့ ထင်းရူးတောအုပ်ကလေးတမ။  ပင်ခြေမြေပြင်မို့မို့ မြက်ခင်းစိုလဲ့လဲ့။ နေရောင်မှုံပြပြအောက်မှာ၊ လှလိုက်တာ။
ဟိုးခပ်လှမ်းလှမ်းထင်းရူးတန်းကလေးထဲမှာတော့ အုတ်ဂူဖြူဖြူလေးတလုံး။ မြင်ရတာငြိမ်းမြပါဘိတော့။

ကိုလိုနီအစိုးက (၁၉၉၁-နိုဝင်ဘာလ) မြို့တည်ရန်အုပ်ချုပ်ရေးဆိုင် ရာသဘောတူညီချက်ပေးခဲ့တယ်ဆိုတဲ့ "လောက"ရဲ့ပြောင်းပြန် မြို့အလှကလေး "ကလော"ကိုဖြတ်သန်းချန်ရစ်လျက် ကွေ့ကွေ့တက်တက်။ မြူဆိုင်းဆိုင်းတို့က နိမ့်တလှည့်မြင့်တလှည့်။ လေထုကအေးမြမြ စိုထိုင်းစစ။
ဟိုး...ရှေးပဝေ သာမိုင်းခမ်းမြေနဲ့ထိတွေ့ခွင့်ရချေပြီ။ ညနေ နေရီရီအောက် တိမ်တွေမတောက်အားတဲ့( ၁၉၁၃၊ ဧပြီ-၁၅ နေ့ဖွား )  "အောင်ပန်း"ကား သူ့အဆောင်ကျငါန်းတွေ သူဆင်မြန်းလို့ကြိုနေလေရဲ့။
လမ်းဘေးမြေနီလမ်းပေါ်မှာတော့ တောင်ယာပြန်တွေ၊ စျေးသွားစျေးလာတွေနဲ့ သွားလာရှုတ်ထွေး။ သွေးနွေးနေကြဆဲ။
လမ်းမကြီးဘေး ကားဂိတ်နဲ့နီးရာ တည်းခိုခန်းတခုမှာ တညတာ အတွက် တည်းဖို့ခိုဖို့အစီစဉ်ချ။ ကိုယ်လက်သန့်စင်ပြီး အပြင်ပြန်ထွက်ခဲ့ကြ။ ပထမဆုံးရောက်ဖြစ်တဲ့နေရာက "တေးသံရှင်မောင်ကြည်တိုး"ရဲ့"ကလောအလွန်တဘူတာ"။
* * * * * * * * * *

"All are roots."

(၁၉၁၅၊ဖေဖော်ဝါရီ-၁၅ ရက်) ရထားစဆိုက်ခဲ့တယ်ဆိုတဲ့၊ ညောင်ရွှေ ရထားလမ်းပိုင်း မဖောက်ခင်(၁၉၂၁၊ ဟဲဟိုးကို ရထားမရောက်ခင်)အထိ (၆)နှစ်တိုင်တိုင် ရှမ်း/တောင်ရဲ့ ရထားလမ်းဆုံးဘူတာလေးအဖြစ်တည်ရှိဖူးခဲ့လေတော့ အုံ့အုံ့မှိုင်းမှိုင်းရာသီမှုံမှုံအောက် မူလရနံ့တွေဖျောက်မရထင့်။ အတိတ်ကာလရုပ်အခံတွေ ပေကျံဆဲ။ အင်္ဂလိပ်လိုစာလုံးပေါင်း AUNG BAN အဖြူခံ အနက်ရေး ဘူတာအဝင်ဆိုင်းဘုတ်တိုင်ကလေးတွေက အတိတ်ကိုထွေတွေငေးရီ။

ပထမကမ္ဘာစစ်ရှုံး တူရကီစစ်သုံ့ပန်းတွေ၊  အိန္ဒိယနိုင်ငံဖွားလုပ်သားတွေနဲ့ ပထန်လုပ်သားတွေ၊ ဓနုတိုင်းရင်း သားတွေ... တို့ရဲ့ ချွေးစက်၊ သွေးစက်တွေ...ကိုလိုနီဗျူရိုကရက်တို့ရဲ့လူမဆန် ခက်ထန်မာကျောမျက်နှာတွေ၊ ကိုယ့်မြေဖွား "သာပူးနာခွာ"များရဲ့ ပြီပြီပျက်ပျက် အဆီပြန်မျက်ခွက်တွေကို လုံးနယ်မြိုချ အတိတ်ကာလတခုကို ထုပ်ပိုးသိမ်းဆည်းခဲ့ရရှာတဲ့...အာလူးရနံ့တို့နွယ်ယှက်ရက်ချယ်ရာ..."အောင်ပန်းဘူတာ"။

ရှမ်း/တောင်ရဲ့ ကိုလိုနီခေတ်ပထမဦးဆုံး အုပ်ချုပ်ရေးမှူး ဟီဒါဘရန် ( Arthur Heddingbrand ) ဆိုသူ တင်သွင်းခဲ့တဲ့ အာလူးမျိုးသစ်တို့ ဒီမြေမှာပေါက်ဖွားကြီးပြင်း ကာလကတ္တားအထိ စီးဆင်းခဲ့ရာ။
သာစည်၊ ပျော်ဘွယ်အထိ ဝန်တင်နွားတတန်၊ လှည်းတတန်၊ အထမ်းအရွက်မကျန် ( ၄၊၅၊၆ )ရက်ကြာ တောဝင် တောထွက် တောင်ဆင်းတောင်တက် အားလူးစီးဆင်းရက်တွေချုံ့ဖို့ အဓိကထားပုံရ။ (၁၉၀၁) ကစခဲ့တဲ့ သာစည်-ရှမ်းတောင် မီးရထားလမ်း။ ခုထိ အာလူးထမ်းနေရတုန်းပ။
အာလူးအိတ်ပုံတွေ၊ သီးနှံခြင်းတွေ၊ ပန်းစည်းတွေကိုနဲ့ အိပ်တချို့၊ ထိုင်တဝက် ရထားစောင့်ခရီးသည်တွေ... ဘူတာ့ထုံးစံအတိုင်း အသံတစာဈေးသည်တွေနဲ့ ကုန်ထမ်းလုပ်သားတွေကိုချန်ရစ် ဘူတာ့အပြင်ဘက်ခြေလှမ်းဖြစ်တော့ ဒေသလက်ဖြစ် အစားအစာဆိုင်လေးတွေကလည်း ကျပ်ကျပ်စည်စည်။ နာရီတွေလိုမရပ်တန်းပေါ့။ ခြေမပမ်းအား။ လက်မပမ်းအားကြ။

လမ်းမတန်းကိုကျော်၊ ဈေးတန်းရှည်ကိုဖြတ်၊ မြေနီလမ်းလေးအတိုင်းလမ်းလျှေက်လာကြတော့ အိမ်လွတ်တဲ့နေရာလေးတွေကနေ လှစ်ခနဲ လှစ်ခနဲ လှမ်းလှမ်းမြင်နေရတဲ့ ရှမ်းတောင်တန်းကြီးတွေ။ ချိုင့်ဝှမ်းတွေထဲကြည့်မိတော့ တိမ်တွေပြေးလွှား။ အိုး...ဟိုး...တိမ်တွေကအောက်မှာပါ့လား။ မြေနိမ့်ပြန့်သားတွေအတွက် အံ့မခန်းပါ့လား။
ရောက်ပါချေပြီ...။
ငွေလှိုင်းဖြူလွှာတွန့်တို့ ဝေ့ဝေ့ဝိုက်ဝဲ။ မှန်ထူထူမဟူရာကိုင်းမျက်မှန်မြဲမြဲ။ ရေးတေးတေး ငေးငေးရီအပြုံး။ ခေတ်သမိုင်းခေတ်လှိုင်းတို့ထဲ မျဉ်းဖြောင့်အတိုင်း စီးဆင်းခဲ့၊ စီးဆင်းဆဲ ခန်းနားလွန်းသောသက်ရှိသမိုင်းဝင်အနုပညာပစ္စည်း။

တိမ်တွေကို အပေါ်က   ဆီးကြည့်ခွင့်ရခဲ့သူ။ ရနေဆဲသူ။
တိမ်တွေကို အပေါ်စီးက ကြည့်ခွင့်ရခဲ့သူ။ ရနေဆဲသူ။
တိမ်တွေကို အပေါ်က စီးကြည့်ခွင့်ရခဲ့သူ...ရနေဆဲသူ။
သူ့အပြုံးတွေကို တမ်းတမ်းမက်မက် ကူးစက်မဝ။ ခူး..ဆက်..ခွင့်ရခဲ့ကြ။
(ဒေါ်) သင်းမြစန္ဒီ တည်ခင်းတဲ့ နှမ်းလှော်နံ့သင်းသင်း လက်ဖက်ရည်ကြမ်း၊ ဒေသထွက်လက်ဖက်နဲ့ မုန့်အမြည်းစုံက စကားဝိုင်းလေးအတွက် အားဖြည့်ရာပါ့။

"(ဦး) မောင်နီမွန်" နဲ့ အတိတ်တွေတမ်း လွမ်းဆ။ "ဒီသစ်" နဲ့ "နေဝေးအိမ်" တို့က မေးခွန်းတွေနဲ့တူးဆွ။
"၁၉၃၈-တတိယကျောင်းသားသဗိတ်ကြီး ပေါ်ပေါက်တော့ 'ဆရာကြီးဦးဖေမောင်တင်'က ဘာတွေများလုပ်နေခဲ့ပါသလဲ သိချင်ပါတယ်'...ဆိုတဲ့ အမေးကိုတော့"...
ငေးရီ လဲ့လဲ့ပြုံးလို့...ကောင်းစွာမမြင်ကြတော့တဲ့မျက်လုံးအကြည့်ဟန်တွေကို အဝေးဆီပို့လျက်...

"အဲ့အချိန်မှာ...
သူကတက္ကသိုလ်ကောလိပ်ကျောင်းအုပ်ကြီးဆိုတော့.................."။
(ဖြေသူရော၊ သက်သေပြုပေးနိူင်မယ့် လူကြီးရော သက်ထိထင်ရှား ရှိစဉ်အခါတုန်းအက္ခရာမထင်ခဲ့ရလေတော့ ယခုမဖော်ပြလိုတော့ပါ။ ထိုစဉ်ကကျောင်းသားလေး "နေဝေးအိမ်"ကလည်း ခုများဘယ်ဝယ်ဆီ ။)
အမှောင်စတွေဝင်လာကြပြီမို့ ပြန်ဖို့နှုတ်ဆက်ကြ။ ဓလေ့ပဲပြောပြော၊ ယဉ်ကျေးမှုလို့ပဲဆိုဆို၊ ကိုယ့်အဘိုးကို ဦးညွှတ်ဂါရဝပြုကြတယ်ပဲ သဘောပိုက်လို့ ကန်တော့ပန်းဆင်ကြတော့...
"အရေးတော်ပုံ အောင်ပါစေ"...တဲ့။ 
ပေးလိုက်တဲ့ဆုကထူးခြား။ထက်ရှ။ဂယက်ထ။ ကြည်သာ လှပ။ လမ်းဆက်ကြရင်း ရင်တွင်းလှုပ်ခတ် ချိုမြ။
* * * * * * * * * *

"သူ့ပရစ်ဖူးသူ
မမြင်တော့လောက်အောင်ဆာလောင်"

၁၉၉၉ ခုနှစ်၊ မေလ (၁၀)ရက်နေ့၊ မနက်။
မြူလား၊ တောင်ခိုးလား၊ တိမ်ငွေ့လား မခွဲခြားတတ်။ နေအတက်နှေးနေရော့ထင့် အလင်းသေချာမပွင့်တပွင့်မှာ ဓမ္မာရုံလေးထဲမှာတော့ လူစုံ။ တက်စုံ။

နှစ်(၈၀)ပြည့်။ (၁၉၁၉ခု၊ မေလ-၁၀ ရက် ) ကျိုက်လတ်မြို့၊ ထိုင်ကူမြစ်တန်းရွာဖွား။ စာပေအနုရသနဲ့ သမိုင်းလှလှရေးထိုးနိုင်စွမ်းသူ၊ ငြိမ်းချမ်းရေးစာဆိုကြီး၊ ဆရာကြီး "ဒဂုန်တာရာ"ရဲ့ လက်ချောင်းအစုံက "အမေ့ရုပ်ရည်"သီချင်းဖန်တီးရှင် "တေးရေး အုန်းမောင်"အနီးကပ်ပြင်ဆင်ပေးနေတဲ့အော်ဂင် ခလုတ်ကလေးများအပေါ်အသံစမ်းရင်းငြင်ငြင်ရွေ့လျား၊ "နတ်သျှင်နောင်" တေးသွားဂီတစတချို့ ခုန်ခုန်ညိမ့်ညိမ့်ထွက်ပေါ်လာနေခဲ့။ 

(ဦး)အံ့မောင်၊ (ဦး)ကိုလေးအင်း(ဝဂုဏ်ရည်)၊ တော်ဘုရားကလေး ဦးအောင်ဇေ၊ ဦးတင်ဧ(ရှမ်းပြည်)၊ လေထီးဦးအုန်းမောင်၊ မောင်နီမွန်၊ အဝကျွန်းချစ်မောင်၊ (ဒေါ်)တင်တင်ဦး၊(ဒေါ်)သင်းမြစန္ဒီ၊ အိုအောင်၊ စံညိမ်းဦး၊ နိုင်မွန်၊ နေဝေးအိမ်၊ ဒီသစ်...(အာရုံမှတ်ထဲ ပေါ်လာနိုင်တော့သမျှသာ)... လူကြီးလူငယ်၊ စာပေ၊ဂီတ၊ပန်းချီ၊ကဗျာ၊ နိုင်ငံရေးသမား...လူထုအလွှာအသီးသီးက (လူပေါင်း ၅၀ ကျော် ဟုမှန်းဆ။) 

သမိုင်းဆက်ထုံးတွေကူးကြ။ ကဗျာတွေရွတ်ကြ။ ဟိုမှ...သည်မှ...ရသဖွင့်နှိုးပွဲရဲ့ရင်ခုန်သံက စည်းချက်တွေပွင့်ကန်ထွက်ကြ။ လွင့်ပျံကြ။ သာမိုင်းခမ်းကို ရုန်းကြွလှပနေရော့တယ်။

သမိုင်းခေတ်လောကဓာတ်က ညို့မှိုင်းအုံပျ။ ပွင့်သစ်လင်းပကောင်းကင်တော်သစ်ကိုတမ်းတ။ မှန်းဆ။ဆာလောင်နေကြရကာလ။
အပြန်လမ်းမှာတော့...
ခမ်းနားအလွမ်းတို့တနင့်တပိုးသယ်မ။ မြေဆီမဝနိုင်ရှာတဲ့ သစ်ပင်တွေကို ငေးရီဆွေးလျရင်းပေါ့။ ရွာပြန်ရောက်သည်အထိ မောလျမပြေနိုင်။
* * * * * * * * * *

'' တော ''
သူ့ပရစ်ဖူးသူမမြင်တော့လောက်အောင်ဆာလောင်အမြစ်တွေ။
ဒီသစ်

တကြောင်းထဲပါတဲ့ ကဗျာတပုဒ်ရေးဖြစ်တော့ လူကြုံကနေတဆင့် (ကို) အောင်ဝေး ဆီပို့ဖြစ်ခဲ့။ ထိုကာလ "ကလျာမဂ္ဂဇင်း"မူတွေအရ ပုံသဏ္ဍန်က ခွကျနေကြောင်း တဆင့်ပြန်ကြားခဲ့ရ။

စာတိုက်တို့၊ လူကြုံတို့နဲ့ စာမူပို့ကြရ။ စာသမား၊ ပေသမားတယောက် ရန်ကုန်သွားရင် စုပြီးပို့/ပံ့ ကြရတဲ့ခေတ်။ လက်ထဲ (၅)နှစ်လောက်ထပ်ပြီးသောင် တင်နေပြန်ရော။ လူကြုံနဲ့ နောက်တခါပို့ဖြစ်တာက မောင်စိမ်းနီ၊မောင်တင်သစ်တို့ရဲ့ ပိတောက်ပွင့်သစ်...ဆီ။ သုံးကြောင်းစီ ပုံသဏ္ဍန်။ ဘာသာပြန်လေးနဲ့တွဲလျက်။ အမှတ်တရ။ အဖွင့်နှစ်မျက်နှာ။ ရင်ထဲနွေးလျ လှပခဲ့ရပြန်ပေါ့။

"ရှေးဟောင်းမွန်လူမျိုးများ စတင်တည်ထောင်ခဲ့ကြသော လူတို့၏နေရာထိုင်ခင်းများထဲတနေရာ"("ဆရာဗန်းမော်တင်အောင်" ၏ "ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း"...မှ)... ဟုဆိုသော ရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ "လပွတ္တာမြို့၊ ကဗျာချစ်သူများအဖွဲ့"က "မဂ္ဂဇင်းပါကဗျာ"တွေထဲ သူတို့ရင်ဘတ်နဲ့ ထပ်တူမျှ စိတ်ကြိုက်ရွေးချယ်ချီးမြှင့်ကြတဲ့ "ရသကမ်းခြေကဗျာဆု"လေးကို ရင်မှာထာဝစဥ် အမြတ်တနိုး ထွေးပိုက်သိမ်းဆည်းခွင့်ရရှိခဲ့ရာ... ကဗျာ။

'' တော ''
သူ့ပုရစ်ဖူးသူ
မမြင်တော့လောက်အောင်ဆာလောင်
အမြစ်တွေ။

ဒီသစ်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar