မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တိုက်ပွဲတခု ဖြစ်လာတဲ့ သင်္ကြန်ပွဲ ၊ နယ်စပ်ဒေသတွေနဲ့တိုင်းရင်းသားဒေသတွေက စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံလူထု
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၈ မြင်ကွင်း
(မိုးမခ) ဧပြီ ၉၊ ၂၀၂၃
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တိုက်ပွဲတခု ဖြစ်လာတဲ့ သင်္ကြန်ပွဲ ၊ နယ်စပ်ဒေသတွေနဲ့တိုင်းရင်းသားဒေသတွေက စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံလူထု
ဒီနေ့ ဧပြီလ ၈ ရက်နေ့ စနေနေ့က စလို့ ၁၀ ရက်တိတိ သင်္ကြန်အလုပ်ပိတ်ရက် စတင်ခဲ့ပြီဖြစ်ပါတယ်။ ယခင်စစ်အစိုးရ လက်ထက်က သင်္ကြန်ပိတ်ရက် ၁၀ ရက်အဖြစ် သတ်မှတ်ခဲ့ရာက အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ သင်္ကြန်အလုပ်ပိတ်ရက် ၁၀ ရက်ဟာ စီးပွားရေး လုပ်ငန်းတွေအတွက် အခက်အခဲရှိတာကြောင့် ၅ ရက်ကို ပြန်လျှော့ချခဲ့ပြီး သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပွဲတော်တွေမှာ ကျန် ၅ ရက်ကို အစားထိုးပိတ်ပေးခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် အရင် စစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်လက်ထက်က အနေအထားမျိုး အတိုင်း ၁၀ ရက် ပိတ်ရက်အဖြစ်ပြန်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
ဆယ်စုနှစ်အတော်များများကာလအတွင်း ၂၀၂၀ ပြည့်နှစ် ဧပြီလ မတိုင်ခင်ထိ သင်္ကြန်ပွဲက မကျင်းပခဲ့တဲ့အခါကာလ မရှိခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မတ်လမှာ ကိုဗစ်ကူးစက်ရောဂါကို ကမ္ဘာ့ကပ်ရောဂါဘေးအဖြစ် ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့ကြီးက ကြေညာလိုက်ပြီးနောက်မှာ လူစုလူဝေးနဲ့ကျင်းပကြတဲ့ ၂၀၂၀ ပြည့်နှစ် သင်္ကြန်ကို ကျင်းပခြင်းမပြုဖို့ အဲဒီအချိန်က အန်အယ်လ်ဒီအစိုးရက ကြေညာခဲ့ပြီး လူထုတွေအနေနဲ့လည်း တသက်မှာ တခါကြုံကြရတဲ့ ကူးစက်ကပ်ဘေးကြောင့် သင်္ကြန်ပွဲတော်ကို မဆင်နွှဲခဲ့ဘဲ အစိုးရထုတ်ပြန်တဲ့ အမိန့်အတိုင်း လိုက်နာခဲ့ကြတာ ဖြစ်ပါတယ်။
နောက်တနှစ် ၂၀၂၁ ခုနှစ် သင်္ကြန်ကာလက စပြီး သင်္ကြန်ဟာ နိုင်ငံရေးအကြောင်းအရာ တခုဖြစ်လာခဲ့ပြီး နိုင်ငံရေးရဲ့ အရိပ်က သင်္ကြန်လို ပျော်ပွဲရွှင်ပွဲတွေကိုပါ ကျရောက်ပြီး နိုင်ငံရေးနဲ့ သင်္ကြန်ဟာ ခွဲခြားလို့မရတဲ့အနေအထား ရောက်ရှိလာခဲ့ပါတယ်။
၂၀၂၀ ခုနှစ် သင်္ကြန်က မြို့ကြီးတွေ နယ်မြို့တွေ အားလုံးနီးပါး ကျင်းပခြင်းမရှိကြပဲ ကိုဗစ်ကူးစက်မှု မစိုးရိမ်ရတဲ့ နယ်စပ်ဒေသတချို့ တိုင်းရင်းသားဒေသ တချို့မှာ ကျင်းပခဲ့ကြတာသတိပြုမိပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ၂ လကျော်အကြာ သင်္ကြန်ကတော့ နိုင်ငံရေးအရ သပိတ်မှောက်ကြတဲ့ သင်္ကြန်ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း နိုင်ငံရေးအရ အကျိုးအမြတ်ရဖို့ ဝါဒဖြန့်ဖို့အတွက် ကျင်းပတာ၊ ကြိုးစားခဲ့တာ မတွေ့ခဲ့ရပါဘူး။
ယမန်နှစ် ၂၀၂၂ ခုနှစ်မှာတော့ စစ်ကောင်စီအနေနဲ့ အခြေအနေကို ပုံမှန်ထိန်းသိမ်းထားနိုင်တယ်ဆိုတာမျိုး ပြသဖို့ရာ သင်္ကြန်ပွဲတော်ကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့ပြီး စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေဘက်ကလည်း သင်္ကြန်မှာ ပါဝင်ခြင်းမပြုကြဖို့ သတိပေးတဲ့ ထုတ်ပြန်နှိုးဆော်ချက်တွေ ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲမကျင်းပမီ သင်္ကြန်မဏ္ဍပ်တွေ အနီးတဝိုက်မှာလည်း သတိပေးတဲ့ ဖောက်ခွဲမှု အချို့ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ကမကထ လုပ်ကျင်းပတဲ့ သင်္ကြန်ပွဲကို မဆင်နွှဲကြဖို့ မြို့ပြပြောက်ကျားအဖွဲ့အချို့က လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
သင်္ကြန်ဖျော်ဖြေပွဲတွေမှာ သီဆိုဖို့ ဖိတ်ကြားခံရတဲ့ အဆိုတော်တွေ၊ သရုပ်ဆောင်တွေလည်း နိုင်ငံရေးအရ စစ်ကောင်စီကို အားပေးတဲ့ သဘောသတ်မှတ်ခံရမှာမို့ ပါဝင်ခြင်းမပြုကြပဲ အများစုက ရှောင်ရှားကြတာလည်း တွေ့ရပါတယ်။
တနိုင်ငံလုံး အနှံ့အပြား တိုက်ပွဲတွေ သတ်ဖြတ်မှုတွေ ပိုင်ဆိုင်တဲ့ နေအိမ်ထားခဲ့ကာ စွန့်ခွာတိမ်းရှောင်ရတဲ့ သူတွေ သိန်းသန်းချီ ရှိနေချိန်မှာ အဲဒီအခြေအနေမျိုး ရင်မဆိုင်ရတဲ့ မြို့ပေါ်နေသူတွေအနေနဲ့ ပါဝင်ဆင်နွှဲသင့်သလားဆိုတဲ့ မေးခွန်းက တဖက်နဲ့ အခြားတဖက်မှာတော့ သင်္ကြန်က ရိုးရာအလိုက် ကျင်းပတာဖြစ်ပြီး တနှစ် တကြိမ် ကျရောက်တာ ဖြစ်လို့ ပါဝင်ဆင်နွှဲချင်ကြတာ၊ အလုပ်အကိုင် အခွင့်အလမ်း စီးပွားရေးလည်ပတ်မှု တခုအဖြစ် ကျင်းပလိုကြတဲ့ အမြင်လည်း ရှိကြတာဖြစ်ပါတယ်။
အခုလို မြို့ကြီးတွေနဲ့ နယ်မြို့တွေမှာ နေထိုင်ကြသူတွေ သင်္ကြန်မှာ ပါဝင်ဆင်နွှဲမလား၊ မဆင်နွှဲဘူးလားဆိုတာ သဘောထားကွဲလွဲမှုအချို့ ရှိနေချိန်မှာ လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွားရာဒေသက သူတွေအဖို့တော့ သဘောထား ကွဲလွဲမှုထက် လက်တွေ့ ကိုယ်နေထိုင်ရာ ကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက်တာတွေ တိုက်ပွဲဖြစ်ပွားတာတွေကြောင့် တကိုယ်စာ ယူဆောင်နိုင်တဲ့ ပစ္စည်းတွေကို ယူဆောင်ပြီး နေအိမ်က ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ၊ စစ်ကိုင်းတိုင်း အင်းတော်၊ ဗန်းမောက်၊ ကလေးမြို့နယ်၊ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အစရှိတဲ့ ဒေသတွေက ဒေသခံ ကျေးရွာသားတွေအဖို့ နေအိမ်က ထွက်ပြေးကာ ဘေးလွတ်ရာ ရှောင်တိမ်းနေရတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ သင်္ကြန်အခါ ဆိုတာတွေထက် အသက်ဘေးအန္တရာယ်က လွတ်မြောက်ဖို့က ပိုပြီးအရေးကြီးနေကြတဲ့ အခါလည်း ဖြစ်ပါတယ်။
သင်္ကြန်အခါသမယက အချိန်ကာလအားဖြင့် အားလုံးအတွက် အတူတူ ဖြစ်ပေမယ့် နေထိုင်နေကြရတဲ့ ဒေသအပေါ် မူတည်ပြီး လုံးလုံးလျားလျား မတူညီတဲ့ ကွဲပြားတဲ့ အခြေအနေအောက်မှာ နေထိုင် အသက်ရှင်ကြရတာလည်း ဖြစ်နေပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar