Breaking News

ခန္ဓာဝန်ထမ်း ဝေဒနာလမ်းလျှောက် - မိုးဇော်ဦး

ခန္ဓာဝန်ထမ်း ဝေဒနာလမ်းလျှောက် - မိုးဇော်ဦး

(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၃

မိုးဇော်ဦးရေးသည့် စာအုပ် ဦးဝင်းတင် သို့မဟုတ် အရေးတော်ပုံ ကျားရဲ၏ အန္တိဒဏ္ဍာရီ မှ ကူးယူဖော်ပြပါတယ်၊ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ သတင်းစာဆရာ၊ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင် အနှစ် ၂၀ နီးပါး ထောင်သွင်း အကျဉ်းချခံရစဉ် ခန္ဓာဝန်ထမ်း ဝေဒနာမျိုးစုံ နဲ့ ဖြတ်သန်းခဲ့စဉ် စိတ်ဓာတ် ခိုင်မာ ပြတ်သားမှုတွေကို ပြန်လည် မြင်ယောင်် ဖော်ပြလိုက်ပါတယ်

အရိုးကြည်းပေါင်းတက်ရောဂါ

ထောင်ထဲမှာ အဘဟာ ကျန်းမာရေးမကောင်းလှပါဘူး။ အရိုးကြည်းပေါင်းတက်တဲ့ ရောဂါ ရှိတဲ့အတွက် လည်ပင်းမှာ ကော်လာ (Cervical Collar) အမြဲ ဝတ်ထားရပါတယ်။ ကော်လာတပ် ထားရင် သက်သာတယ်လို့ ပြောပါတယ်။ အရင်ကဆို ပေါင်တနေရာရာက ကိုက်ပြီဆိုရင် မီးစနဲ့ ထိုးထားသလို စူးစူးရဲရဲ နာကျင်ကိုက်ခဲတယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဦးခေါင်းကို အနေအထား ပြောင်းပြီး ဇက်ကို ဟိုလှည့်ဒီလှည့်လုပ်လိုက်ရင် နာနေတဲ့နေရာက လုံးလုံး ယူပစ်လိုက်သလို ပျောက်သွားပြီး နောက်တစ်နေရာက နာလာပြန်ပါတယ်။ အရိုး ကြည်းပေါင်းတက်တဲ့အတွက် နာ့ဗ်ကြောတွေ ပင်မခါးရိုးကြောကြီးရဲ့ အရိုးကွင်းတွေ ညပ်ပြီး နာတာလို့အဘက ရှင်းပြပါတယ်။ ဆရာဝန် ပြတော့လည်း မသက်သာပါဘူး။

တနေ့တော့ ထောင်ဆေးရုံက ဆရာဝန်ကြီးက စီစဉ်ပေးတဲ့အတွက် အာရုံကြော အထူးကု ဆရာဝန်ကြီးဒေါက်တာ စောဆိုင်မွန်သာနဲ့ ထောင်ထဲက ဆေးရုံမှာပြခွင့် ရပါတယ်။ ဆရာဝန်ကြီးက ခွဲစိတ်ကုသရင်တော့ ပျောက်နိုင်တယ်။ ဒါပေမဲ့ အာရုံကြောကို ခွဲစိတ်ရမှာဖြစ်တဲ့ အတွက် အန္တရာယ် များတယ်။ ထောင်ထဲမှာလည်း ခွဲဖို့ မဖြစ်နိုင်ဘူးလို့ပြောပါတယ်။ ခွဲရင်လည်း အပြင်ဆေးရုံမှာ ခွဲစိတ်ကုသရမှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်လိုတယ်လို့ ပြောပါတယ်။ အဘကတော့ ထုံးစံအတိုင်း သူ့ရဲ့ကျန်းမာရေးအတွက် အာဏာပိုင်တွေကို ဘယ်တော့မှ အသနားခံစာတင်မှာမဟုတ်တဲ့ အတွက် အဲဒီနေ့ဆရာဝန်နဲ့တွေ့တာနဲ့ပဲ ဂိတ်ဆုံးသွား ပါတယ်။ ဝေဒနာကတော့ ဒီအတိုင်းပါပဲ။ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ လည်ပင်းမှာ ကော်လာကြီး အမြဲလိုလိုတပ်နေရပါတော့တယ်။ ဆေးတွေလည်း အမျိုးစုံသောက်ရပါတယ်။


အအေးမိရောဂါ

နောက်တစ်ခုက အဘက အမြဲတမ်းအအေးမိတတ်တာပါ။ သူများတွေအိုက်တဲ့ အချိန် မှာတောင် အဘက အနွေးထည်ဝတ်ချင်ဝတ်ထားရတတ်ပါတယ်။ ရေလည်း နေ့တိုင်းမချိုးနိုင် ပါဘူး။ အဘဝတ်တဲ့ အနွေးထည်က အထူကြီးပါ။ အမြဲတမ်းလိုလိုလည်း ဝတ်ထားတတ်ပါတယ်။ ခေါင်းမှာလည်း ခေါင်းစွပ်စွပ်ထားပါတယ်။ နောက်ပြီး ပေါင်တွေ လက်တွေကိုက်တဲ့အခါ ပရုပ်ဆီလို အပူဓါတ်ပါတဲ့ လူးဆေးတွေလည်း လူးထား ရပါတယ်။ အဘနားကို ကပ်ရင် အနံ့မျိုးစုံရပါတယ်။ အဘအခန်းလည်း ဒီလိုပါပဲ။ အနံ့မျိုးစုံနဲ့ပါ။

မိလ္လာချပြီးရင်တောင် အဘက ဂန်ဖလားကို သိပ်ပြီး ဆေးတာမဟုတ်ပါ။ ရေနဲ့ နှစ်ခွက် သုံးခွက်လောက် လောင်းပြီးရင်ပြီးပါပြီ။ သန့်ရှင်းရေး အတွက်ကို အချိန်အများကြီး မပေးပါဘူး။ သူစကားပြောချိန်လျော့သွားမှာစိုးလို့ ဖြစ်ပါတယ်။ ထောင်ကလည်း အဘကို လူကြီးတွေ သန့်ရှင်းရေးအတွက် ဘာမှလုပ်မပေးပါဘူး။ ကိုယ့်တာဝန် ကိုယ်ယူပါပဲ။ အဘက သူများ လုပ်ပေးတာကိုလည်း မကြိုက်ပါဘူး။ အဝတ်တောင် သူကိုယ်တိုင် လျော်တာပါ။

ကျွန်တော်က မနေနိုင်တော့ ကျွန်တော့်မွေးနေ့မှာ သူ့စောင်ကိုလျှော်ပေးမလို့ အတင်း သွားတောင်း ပါတယ်။ ပထမတော့ အဘက ထုံးစံအတိုင်း မပေးပါဘူး။ နောက်မှ ကျွန်တော်က မွေးနေ့ ကုသိုလ် ကောင်းမှုလုပ်ချင်လို့ပါ။ တခြားလူကြီးတွေကိုလည်း လျှော်ပေးမှာပါလို့ ပြောတော့မှ ထုတ်ပေး ပါတယ်။ အဲဒီနေ့က သူ့ရဲ့စောင်ကို ပထမဆုံး လျှော်ခြင်း ပါပဲ။ သူ့ အနွေးထည် ကိုလည်း အဲလိုပဲ အတင်းယူလျှော်ပေးမှ ရပါတယ်။ လျှော်ပြီးသား စောင်လေးကို ခြုံရတာ လျှော်ပြီးသား အနွေးထည်လေးကို ဝတ်ရတာ အင်မတန် အရသာရှိတဲ့အကြောင်း အဘက နောက်ပိုင်းမှ ပြောပြပါတယ်။

အဘက သူ့စောင်တွေ၊ အနွေးထည်တွေကို အမြဲနေလှမ်း လေ့ရှိပါတယ်။ မလျှော် ပဲနဲ့ နေလှမ်းပြီး အသုံးပြုတာကြာတော့ အနံ့အသက်က ပိုဆိုးလာပါတယ်။ အခုလို လျှော်လိုက်တော့မှ အနံ့အသက်တွေပျောက်သွားပြီး အမြဲတမ်း စိုထိုင်းထိုင်း ဖြစ်နေတာ လည်း ပျောက်သွား တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့လည်း တကယ် ကုသိုလ် ရတယ်လို့ ခံစားမိပါတယ်။

အဘက အေးတဲ့ရာသီတွေမှာဆို တော်တော်နဲ့ရေမချိုးတော့ပါဘူး။ အဝတ်လျှော် ရင်လည်း ဖြစ်သလိုပဲ လျှော်ပါတယ်။ အမြဲတမ်းလိုလို ဆပ်ပြာရည် မစင်ပါဘူး။ မိုးတွင်း လိုမျိုး အဝတ်တွေ သိပ်မခြောက်တဲ့ ရာသီမှာ အဘရဲ့ အဝတ်အစား တွေ ဘယ်လိုနေမယ် စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ လျှော်ပေးမယ်လို့ပြောလဲ ဘယ်တော့မှ မရပါဘူး။ သူ့ဘာသာပဲလျော်ပါတယ်။ သူ့ဘာသာ လုပ်နိုင်တဲ့ကိစ္စအတွက် ဘယ်သူ့ကိုမှမခိုင်းပါဘူး။ ဘယ်သူ့ကိုမှ အားမကိုးပါဘူး။ တော်ရုံနေမကောင်းရင်လည်း မပြောပါဘူး။ အဘ စကားမပြောပဲ တော်တော်ငြိမ် နေပြီဆိုမှ နေမကောင်းမှန်းသိရတာပါ။


ဆီးကျိတ်ရောဂါ

အဘဟာ ဆီးကျိတ်နဲ့ပတ်သက်တဲ့ရောဂါလည်းဖြစ်ဖူးပါတယ်။ အဲဒါကြောင့် မနက်တိုင်း ရေနှစ်လီတာဗူးနဲ့ တစ်ဗူးလုံးကုန်အောင်သောက်ရပါတယ်။ အဲဒါမှ တနေ့လုံး ဆီးသွားလို့ ကောင်းပါတယ်။ ဝမ်းလည်းမှန်ပါတယ်။ အဲလိုမသောက်ရင် ဆီးကြိတ်က ဒုက္ခပေး တတ်တယ်လို့ ပြောပါတယ်။ အဘက လိပ်ခေါင်းရောဂါ ဖြစ်ဖူးပါတယ်။ တိုင်းရင်းဆေးကို အားပေးချင်လို့ လိပ်ခေါင်းဖြတ်တဲ့အခါမှာ တိုင်းရင်း ဆေးဆရာနဲ့ ဖြတ်တဲ့အခါမှာ ဒုက္ခဖြစ်ရတဲ့ အကြောင်း ပြောပြဖူးပါတယ်။ အဲဒီဒဏ်ကြောင့်ပဲ အဘဟာ ဝမ်းကိုအကြာကြီးမထိန်းနိုင်ပါဘူး။

အဘ တိုက် (၃) ကို ပြောင်းလာပြီးကတည်းက ဆေးရုံစာရပါတယ်။ ဆေးရုံစာ ဆိုတာ ထမင်းဆိုရင်လည်း အများအတွက် ချက်တဲ့ ထမင်းမဟုတ်ပဲ သီးခြားချက်တဲ့ ထမင်းပါ။ ပိုပြီး နူးညံ့ပါတယ်။ ပိုစားကောင်း ပါတယ်။ ဆေးရုံမှာ လူနာတွေအတွက် ချက်တဲ့ထမင်းပါ။ နောက်ပြီး ညနေဖက်ဆို ကြက်သားနဲ့ ကြက်ဥနဲ့ရပါတယ်။ မနက်ပိုင်း ဆိုလည်း ဆန်ပြုတ်ရပါသေးတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ မပေးတော့ပါဘူး။ ဆေးရုံစာကို ဆေးရုံတက်တဲ့ သူတွေ အတွက်ပဲ ခွင့်ပြု တယ်ဆိုပြီး အားလုံးဖြတ် လိုက်ပါတယ်။

ဆန်ပြုတ်ကတော့ ရပါ သေးတယ်။ နေမကောင်းတဲ့ သူတွေရှိရင် ကြိုပြီး အကြောင်း ကြားတဲ့အခါ ဆန်ပြုတ် လာပို့ပေးပါတယ်။ အဘကတော့ ဆန်ပြုတ်ကို အမြဲယူလေ့ ရှိပါတယ်။ သွားမကောင်းတော့ ထမင်းကောင်းကောင်း မဝါးနိုင်ပါဘူး။ ဆန်ပြုတ်က သူ့အတွက် အတော် အဆင်ပြေ ပါတယ်။ ဆန်ပြုတ်ထဲကို နို့မှုန့်ရယ်၊ သကြားရယ်၊ တစ်ခါတစ်လေ ဝက်အူချောင်းရယ် ထည့်ပြီးစားပါတယ်။ အဲဒါ သူ့ညနေစာပါပဲ။ အမှန်ဆိုရင် အဘက ညနေစာကို ထောင်မကျခင်က မစားပါဘူး။ ထောင်ထဲရောက်မှ ကျန်းမာရေးအတွက် စားရတာပါ။ စားတာလည်း အဓိက ဆန်ပြုတ် ပါပဲ။

အဘက အချိုကြိုက်ပါတယ်။ သူအကြိုက်ဆုံးက ဝက်အူချောင်းပါ။ ထောင်ဝင်စာ လာရင် တဝက် လောက်ကို ထောင်ဝင်စာမလာနိုင်တဲ့သူတွေကို ဝေပေးလိုက်ပါတယ်။ အဓိကချန်ထား တာကတော့ ဝက်အူချောင်းပါ။ သူ့မနက်စာမှာ ဝက်အူချောင်းကတော့ ဇာတ်လိုက်ပါပဲ။ တိုက် (၃) ကိုရောက်ခါစက ဝက်အူချောင်းတွေဝေပြီး အလှုလုပ်ပါတယ်။ အမှန်က ဆရာ မောင်သော်က အတွက် သပိတ်သွပ်တဲ့ သဘောပါ။ ဆရာမောင်သော်က က ၁၉၉၁ ခုနှစ် ဇွန်လ (၁၁) ရက်နေ့မှာ ဆုံးပါတယ်။ အဘ တိုက် (၃) ကို ပြောင်းမလာခင် လေးပါပဲ။ အမှန်တော့ တိုက် (၂) နဲ့ တိုက် (၃) က ဘေးချင်းကပ်ပါ။

ကျွန်တော်တို့ အခန်းတွေက အနောက်ဘက်မှာ ပြူတင်းပေါက် အကြီးကြီး ပါပါတယ်။ (နောက်ပိုင်း ပိတ်လိုက်တယ်လို့ သိရပါတယ်။) တိုက် (၂) က ရေချိုးဆင်းရင် ကျွန်တော်တို့တိုက် အနောက်ဘက်က ဖြတ်သွားရတဲ့အတွက် ရေချိုးဆင်း ချိန်တိုင်း ဆရာ မောင်သော်ကတို့ ဆရာ တင်မျိုးဝင်းတို့ ဘကြီးမိုး (ဦးမိုးသူ) တို့နဲ့ တွေ့ခွင့် စကား ပြောခွင့် တခါတလေ သတင်းလေး ဘာလေး ဖလှယ်ခွင့်ရပါတယ်။

ဆရာမောင်သော်က အသေစောသွားတဲ့အတွက် ထောင်ထဲမှာအဘနဲ့ လူချင်းမဆုံလိုက် ရပါဘူး။ အဘနဲ့ မောင်သော်ကတို့က အရမ်းခင်ကြပါတယ်။ စာနယ်ဇင်းသမဂ္ဂ မှာလည်း ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ် အတူတူ လုပ်ခဲ့ကြတာပါ။ NLD ဖွဲ့တော့လည်း အတူတူပါ။ အဘဟာ သူအကြိုက်ဆုံး ဝက်အူချောင်းတွေကို အငတ်ခံပြီး သူ့ရဲဘော်ကြီးအတွက် အလှုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မူဆလင်ဘာသာဝင် မိတ်ဆွေကြီးအတွက် ဝက်အူချောင်းနဲ့ အလှူလုပ်မိတယ်လို့ ပြန်ပြောပြပါတယ်။

စစ်ကြောရေးကာလတုံးက ဘယ်သူမှန်းမသိတဲ့သူတွေ မျက်နှာဖုံးစွပ်ထားတဲ့ အဘကို လက်စွမ်းပြတာ ခံခဲ့ရတဲ့အတွက် အဘမှာ သွားတွေက သိပ်မကျန်တော့ပါဘူး။ သွားဖုံးနဲ့ကြိတ်ဝါး ရတာပါ။ အဲဒါကြောင့် မာတဲ့အစာတွေ မစားနိုင်ပါဘူး။ ကျွန်တော့် အိမ်ကထည့်ပေးလေ့ရှိတဲ့ ငါးရှဉ့် ကြပ်တိုက်ကြော်ဆိုရင် အဘ အရမ်းကြိုက် ပါတယ်။

သူအလွမ်းဆုံးက မြေပဲဝါးရတဲ့ အရသာနဲ့ ဒန့်ဒလွန်သီးချဉ်ရေဟင်းထဲက ဒန့်ဒလွန်သီး တောင့် အတွင်းသားကို ရှေ့သွားနဲ့ခြစ်ပြီးစားရတဲ့အရသာတွေကို လွမ်းတယ် လို့ ပြောပါတယ်။ အစက သွားက အရသာခံနိုင်တယ်လို့မထင်ခဲ့ဘူး။ သွားမရှိတော့မှပဲ သွားနဲ့စားမှရတဲ့အစားအစာ တွေကိုလွမ်းပြီး သွားဟာ အရသာခံမှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းပဲလို့ နားလည် တော့တယ် လို့လည်းပြောပြပါတယ်။

အဘမကြိုက်တာက ငါးဖယ်ပါ။ မုန့်ဟင်းခါးလည်းမကြိုက်ပါဘူး။ မုန့်ဟင်းခါး ဟင်းရည် ကိုတော့ ကြိုက်ပါတယ်။ မုန့်ဖတ်က အချဉ်အရသာကို မကြိုက်တာပါ။ ထောင်ထဲမှာ မုန့်ဟင်းခါး ချက်ရင် မုန့်ဖတ်မရနိုင်တဲ့အတွက် ယိုးဒယား ကြာဇံထုတ်က ကြာဇံကို ရေနွေးဖြောပြီး မု့န်ဖတ် လုပ်ရ ပါတယ်။ အဲဒီမုန့်ဟင်းခါးဆိုရင်တော့ အဘစားပါတယ်။

အဘက ငါးလည်းကြိုက်ပါတယ်။ ငယ်ငယ်တုံးကတော့ ငါးကို မကြိုက်ပဲ အသက်အရွယ် ရလာတာနဲ့အမျှ ငါးကိုကြိုက်လာတယ်လို့ ပြောပါတယ်။ အသက်ကြီး လာတော့ သွားတွေက မကောင်းတော့ပဲ မာတဲ့အသားတွေမစားနိုင်တော့ သိပ်ဝါးစရာ မလိုတဲ့ငါးကို ကြိုက်လာတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဘလုံးဝမစားတာ ကတော့ ကြောင်သားပါ။ အဘက ကြောင်တွေကို အရမ်းချစ်လို့ပဲဖြစ်ပါတယ်။ ကြောင်ကလေးတွေကလည်း အဘအခန်းကို အမြဲလာကြပါတယ်။ တခါတလေ အဘအခန်းမှာတောင် လာအိပ်တတ်ပါတယ်။ သူတို့ကို အစာကျွေးလို့ပါ။ မရှိမဲ့ရှိမဲ့ စားစရာထဲက သူတို့ကိုလည်း ခွဲကျွေးရပါသေးတယ်။

ဝမ်းကိုက်ရောဂါ

အဘက ၁၉၉၀ ခုနှစ် အကုန်လောက်တုန်းက အထူးတိုက်မှာ ဝမ်းကိုက်ဖူးပါတယ်။ ဝမ်းကိုက်တာ သေမလောက်ကိုက်တာပါ။ တစ်နေ့ကို အကြိမ် (၂၀) အကြိမ် (၃၀) သွားပြီး ကိုက်တာပါ။ ဒါပေမဲ့ အဘကို ဘာဆေးမှ မပေးပါဘူး။ အဲဒီ့အချိန်က ထောင်ဆေးရုံ တာဝန်ခံက ဒေါက်တာစိုးကြည်ပါ။ သူက နာမည်ဆိုးနဲ့ အလွန်ကျော်ကြား ပါတယ်။ လာဘ်စားတဲ့ နေရာမှာရော၊ ရက်စက်တဲ့ နေရာမှာရော ဖြစ်ပါတယ်။ နောက်ဆုံး ဝမ်းကိုက်တာ (၁၂) ရက်မြောက်တဲ့ နေ့ကျမှ ဆေးရပါတယ်။ ဆေးပတ်လည်မှ စပျောက်ပါတယ်။

အဲဒီအချိန်က ထူးဆန်းတာ ကျွန်တော်က အင်းစိန်၊ သီးသန့်ထောင်ဖက်မှာ ရောက်နေပါပြီ။ သီးသန့်ထောင်ဆိုတာ အင်းစိန်ထောင်နဲ့ တဝန်းထဲပေမယ့် သီးခြား အဆောက်အအုံ၊ သီးခြား ထောင်လေးတစ်ခုပါ။ နှစ်ထပ် အဆောင်နှစ်ဆောင်နဲ့ တစ်ထပ် အဆောင် တစ်ဆောင်ရှိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဘဝမ်းကိုက်တဲ့ တချိန်ထဲမှာပဲ ကျွန်တော်လည်း ဝမ်းကိုက်ပါတယ်။ မှတ်မှတ်ရရ ဒီဇင်ဘာလ (၅) ရက်နေ့ ထိုင်းဘုရင့်မွေးနေ့ ပြီးနောက်နေ့ စပြီးဝမ်းကိုက်တာပါ။ သီးသန့်ထောင်မှာ ထိုင်းငါးဖမ်း အဖွဲ့တွေ အများကြီးရှိတော့ သူတို့ ဘုရင်မွေးနေ့မှာ သံရုံးက အစားအသောက်တွေ အများကြီး အလှုလာလုပ်ပါတယ်။ အဲဒီ့အစားအသောက်တွေ အလွန် စားကောင်းပါတယ်။ နောက်တစ်နေ့ ဝမ်းကိုက်တာ ကတော့ သူတို့လှုတဲ့ အစာတွေကြောင့် မဟုတ်ပါဘူး။ စိုက်ခင်းထဲက အရွက်တွေကို ဒီအတိုင်းရေလေးပဲ ဆေးပြီး အစိမ်းစားလို့ ဖြစ်မှာပါ။ ထောင်ဝင်စာ မလာလို့ စားစရာ မရှိတော့ ရေချိုးဆင်းတဲ့အချိန် ရတဲ့အရွက်လေး ခိုးပြီးခူးစားလို့ ရတဲ့ရောဂါပါ။ ကျွန်တော်ဝမ်းကိုက်တော့လဲ သေမလောက် အလူးအလဲခံရပါတယ်။ အဲဒီအချိန်က အသက်ငယ် သေးတော့ ခံနိုင်ရည်ရှိသေးလို့ တော်ပါတော့တယ်။

ကျွန်တော်နဲ့ အတူတူ တချိန်ထဲ ဝမ်းကိုက်ကြတဲ့ ဦးတင်မောင်ဝင်း (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၁၉၉၀ ခုနှစ်၊ ခရမ်းမြို့နယ် လွှတ်တော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နဲ့ ဦးစိန်ဝင်း (သုံးခွ) တို့က ဝမ်းကိုက် ရောဂါနဲ့ပဲ ဆေးရုံတင်လိုက်ရပြီး ဆေးရုံမှာပဲ ကွယ်လွန်သွားကြပါတယ်။ ဝမ်းကိုက် ရောဂါက အဲဒီလောက်ဆိုးပါတယ်။ ပိုဆိုးတာက ဆေးရုံက ဆေးမပေးတာပါ။ ပေးစရာ ဆေးလည်း ရှိပုံမရပါဘူး။

ဝမ်းကိုက်ရောဂါနဲ့ ဆုံးတဲ့သူတွေကို ဆရာဝန်က ကင်ဆာနဲ့ ဆုံးတယ်လို့ သေစာရင်းမှာ ရေးပေးပါတယ်။ ဦးတင်မောင်ဝင်းအသုဘမှာ “လူကိုသတ်တာ ကင်ဆာလား၊ ကင်ဆာကျဆုံးပါစေ” လို့ ကြွေးကြော်ကြတယ်လို့ ပြန်သိရပါတယ်။ ကျွန်တော်တောင် သီးသန့်ထောင် တိုက် (၂) က ကိုမြင့်စိုးကသိပြီး ဆေးခိုးသွင်းပြီး ပို့ပေးလို့ သက်သာခဲ့ တာပါ။ အဲဒါကြောင့် အဘဝမ်းကိုက်တာ မသေကောင်း မပျောက်ကောင်းလို့ ပြောလို့ရပါတယ်။

အူကျရောဂါ

အဘရဲ့ နောက်ဝေဒနာတစ်ခုကတော့ အူကျတဲ့ရောဂါပါ။ အထူးတိုက်မှာနေတုံးက နေပြန်ကောင်း ခါစ နာလန်ထမှာ လေ့ကျင့်ခန်းသဘောနဲ့ အခန်းထဲဟိုဘက်ဒီဘက် လမ်းအမြန် လျောက်ရာက စပြီးအူကျတာ လို့ အဘကပြောပြပါတယ်။ ၁၉၉၀ လောက်ကစပြီး ဖြစ်တယ်လို့ ပြောပြပါတယ်။ ဆီးစပ်ခုံပေါ်မှာ ဖုလေးတစ်ဖု ပေါ်လာရာကနေ တစ်ဖြေးဖြေး ဖုကကြီးကြီးလာပြီး လက်သီး ဆုတ်လောက်ထိ ဖြစ်လာတတ်တယ်လို ဆိုပါတယ်။

တစ်ခါတစ်လေ အူကျရင် အခန်းထောင့်က အိပ်ရာပေါ်မှာ ခြေထောက်ကို မိုးပေါ်ထောင်ပြီး နေရပါတယ်။ တစ်ခါတစ်လေ နာရီနဲ့ချီပြီးကြာ ပါတယ်။ နောက်ပိုင်း ဆရာဝန်တွေ ပြပြီးတဲ့အချိန်မှာ ထောင်ဝင်စာကမှာလိုက်လို့ အူကျတဲ့သူတွေပတ်တဲ့ ခါးပါတ် (hernia belt) ရပါတယ်။ အဘဟာ လည်ပင်းမှာ အရိုးကြည်းပေါင်းတက်လို့တတ်ရတဲ့ ကော်လာကြီး အပြင် ခါးမှာလည်း အူကျ ခါးပတ်ကြီး အမြဲလို ပတ်ထားရပြန်ပါတော့တယ်။

အူကျတာ အချိန်ကြာသွားလို့ ပြန်မတက်ရင် စိုးရိမ်ရပါတယ်။ အဲဒါကြောင့် အူကျနေပြီ ဆိုရင် အဘကို ခဏခဏ လှမ်းလှမ်းမေး နေရပါတယ်။ အဘဆီက စကားပြန် သိပ်မကြား ရတော့ဘူးဆို ဝန်ထမ်းနဲ့ မေးခိုင်းရ ပါတယ်။ တခါတော့ ၁၉၉၃ လောက်က ထင်ပါတယ်။ အဘ ဆီကအခြေအနေမကောင်းတဲ့သဘော စကားပြန်ရတာနဲ့ ဝန်ထမ်းကို ချက်ချင်းပဲ ဆေးမှုးဆီ အကြောင်းကြားခိုင်းရပါတယ်။ ဆေးမှုးရောက်လာပြီး ဆေးထိုးပေးတယ်။ မသက်သာဘူး။ အဲဒါနဲ့ နောက်ဆုံး ထောင်ဆေးရုံကြီးကို ပို့လိုက် ပါတယ်။ ထောင်ဆေးရုံကနေ အပြင်ကို ထုတ်ဖို့ ခွင့်ပြုချက် တောင်းတာ ညဘက်ကြီး ဖြစ်နေတော့ ခွင့်ပြုချက်မရပါဘူး။ ဒါနဲ့ပဲ သက်သာလာလို့ တိုက် (၃) ကို ပြန်ပို့လိုက် ပါတယ်။

နောက်တစ်ခါကတော့ ၁၉၉၅ ခု၊ မတ်လမှာပါ။ ထုံးစံအတိုင်း အူကျရာ ကနေ မသက်သာတော့ ထောင်ဆေးရုံပို့။ ထောင်ဆေးရုံမှာလည်း မသက်သာတဲ့အဆုံး ထောင်ပြင် ထုတ်ဖို့ အတင်းစီစဉ် ကြပါတယ်။ ထုံးစံအတိုင်း ထောင်က ထောက်လှမ်းရေး ကတစ်ဆင့် အဆင့်ဆင့် တင်ပြ နေရပါတယ်။ နောက်ဆုံး အရေးပေါ် မတတ်နိုင်တော့ဘူး ဆိုတော့မှ ဆေးရုံကြီး ကို ပို့ပေးပါတယ်။ မပို့ခင် ခြေကျင်းခတ်မယ်လုပ်လို့ အဘက အကြီးအကျယ် ကန့်ကွက် တော့မှ ခြေကျင်းမခတ်ပဲ ခေါ်သွားတာပါ။

အူကျရောဂါကို ဆေးရုံကြီးမှာ ခွဲစိတ်ကုသ ရပါတယ်။ ဆရာဝန်မကြီး ခွဲစိတ်တာပါ။ ခွဲစိတ်တာအောင်မြင်ပါတယ်။ ဒါပေမဲ့ “မွေးရာပါတစ်ရှဉ်းတော့ “နတ်သင်း” ဖြစ်ခဲ့ရတယ်”လို့ နောက်မှ ပြောပြပါတယ်။ ဒါပေမဲ့ အဘကို တစ်ပါတ်တောင် မကြာဘူး ဆေးရုံထောင်ကို ပြန်ပို့ လိုက်ပါတယ်။ ဆေးရုံကြီး ထောင်ကျ လူနာဆောင်၊ ရဲ အချုပ်ခန်း (guard ward) မှာရှိတုံး အပြင်က လူတွေ တယောက်ပြီး တယောက် နည်းလမ်းပေါင်းစုံနဲ့ လာတွေ့ကြလို့ ထောက်လှမ်းရေးက စိုးရိမ်ပြီး ချုပ်ရိုးတောင် မဖြည်ပဲ ပြန်ပို့လိုက်တာပါ။ ထောင်ပြန် ရောက်တော့ ဆေးရုံဆောင် မှာ အဘကို ထားပါတယ်။ ဒါပေမဲ့ အဘက ဆေးရုံဆောင်မှာ ကြာကြာ မနေပါဘူး။ ပြန်ဆင်း လာပါတယ်။ ဆေးရုံအုပ်ကြီးက မဆင်းစေချင်သေးပါဘူး။

ထောင်ဆေးရုံ ဆိုတာ ပိုက်ဆံတတ်နိုင်တဲ့သူတွေတောင် လိုင်းဝင်ပြီး (ထောင် အာဏာပိုင် တွေကို လာဘ်ထိုးပြီး) နေကြတာပါ။ ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ် လပ်လပ် နေရတယ်။ အစားအသောက် ကောင်းတယ်။ ထောင်ထဲမှာတော့ အထူး အခွင့်အရေး ခံစားရတဲ့ သူတွေ လောက်ပဲနေရတဲ့ နေရာမျိုးပါ။ ဆေးရုံဆောင်ဆိုတာ လူနာအတုတွေနဲ့ပဲ ပြည့်နေတဲ့ နေရာပါ။ တကယ့်လူနာ၊ နေမကောင်းတဲ့သူတွေ အတွက်တော့ အပြင်ဆေးရုံ မထုတ်ခင် ခနတစ်ဖြုတ် နောက်ဆုံး လာထားတဲ့နေရာ တစ်ခုပါပဲ။ ငွေကြေးမတတ်နိုင်တဲ့ တကယ့်လူနာတွေ အတွက် ကတော့ အပြင်ဆေးရုံ ထုတ်တယ် ဆိုတာ ထောင်ထဲမှာ သေစာရင်းတိုးမှာစိုးလို့ ပို့လိုက်တဲ့ သဘော သက်သက်ပါပဲ။

အဘကို ဆေးရုံဆောင်မှာထားတဲ့အခါကျတော့ ကျန်တဲ့ရိုးရိုးအကျဉ်းသားတွေ အတွက် အနေရကြပ်လာပါတယ်။ လုံခြုံရေးအရ ပိတ်ပင်တာ၊ တားမြစ်တာတွေများ လာပါတယ်။ ကြာတော့ အဘလည်း သူ့အတွက်နဲ့ကျန်တဲ့သူတွေ လွတ်လပ်ခွင့်ဆုံးရှုံး လာတာကို မကြည့်ရက် တော့ပါဘူး။ ဆရာဝန်ကြီးဆီက ခွင့်တောင်းပြီးအတင်းပဲ တိုက် (၃) ကို ပြန်ဆင်းလာပါတယ်။ တိုက် (၃) ကို ပြန်ရောက်တော့ ကျွန်တော်တို့ သီချင်းသံတွေကို သတိရလို့ပြန်လာတယ်ဆိုပြီး ရယ်ရယ် မောမောနဲ့ ပြောပါတယ်။

ပြန်ရောက်တော့ အပြင်ဆေးရုံကြီးအတွေ့အကြုံတွေ၊ ထောင်ဆေးရုံအတွေ့ အကြုံတွေ ပြန်ပြောပြပါတယ်။ ဆေးရုံကြီး ရဲအချုပ်က ၂၄ ပေ ၁၆ ပေအကျယ်လောက်ပဲ ရှိပြီး မှောင်မဲ၊ ညစ်ပတ် နံစော်နေတဲ့ နေရာပါ။ နောက်ပိုင်း ဦးအုန်းထွန်းတို့က အဘ ဆေးရုံရောက်နေတယ် ကြားတော့မှ စားစရာတွေ လာပို့လို့ရပါတယ်။ ဒီကြားထဲမှာ အကြံအဖန်နဲ့ ရောက်လာသူတွေ ရှိပါတယ်။ ဦးမောင်မောင်ခင် (ဦးပြားကြီး) ရဲ့ အငယ်ဆုံးသား ကိုထွေးရောက်လာတွေ့ပြီး စားစရာတွေပေးတဲ့အကြောင်း၊ အဘရဲ့ နှမဝမ်းကွဲ ဒေါ်နှင်းသီတာကျော် ရောက်လာတဲ့ အကြောင်းတွေ ပြောပြပါတယ်။

ဆိပ်ကမ်းအမတ်ဒေါ်စန်းစန်းက ယောဂီဝတ်စုံဝတ်ပြီး အကျဉ်းခန်းထဲ ရအောင် ဝင်လာပုံ ကိုလည်း ပြောပြပါတယ်။ ဒေါ်စန်းစန်းက အချုပ်ခန်းထဲက သက်ကြီးရွယ်အို အချုပ်သားတွေကို အလှုလုပ်ချင်တယ်လို့ အစောင့်ရဲကို ခွင့်တောင်းပြီး ဝင်လာတာပါ။ အဘကို ကန်တော့ပြီး စားစရာတွေ ပေးသွားပါတယ်။ အဘက သူများတွေ ရိပ်မိသွားမှာ စိုးလို့ စပြီးမနှုတ်ဆက်ပါဘူး။ သူကအနားကပ်လာပြီး ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ် တို့က စိတ်ပူလို့ လွှတ်လိုက်တာလို့ ပြောပါတယ်။ အဘက ဝမ်းသာပြီး စကားတွေ ပြန်ပြော မိပါတယ်။ အဲဒါကို ဘေးနားက လူနာ တယောက်က ရိပ်မိသွားပြီး ထောက်လှမ်းရေးကို သတင်းသွားပို့ပါတယ်။ ထောက်လှမ်းရေးတွေ သိသွားလို့ ဒေါသူပုန် ထကြပုံတွေကို အဘက ပြန်ပြောပြပါတယ်။

ထောင်ထဲကဆေးရုံဆောင်မှာ ရေနွေးအလွန် အဆင်ပြေပုံတွေ၊ ဟင်းချက်ချင်ရင် ဖိုကြီး (ထောင်ရဲ့ အဓိကထမင်းချက်တဲ့ အဆောင်) နဲ့နီးတဲ့အတွက် အဆင်ပြေပုံတွေကို ပြောပြပါတယ်။ အမှန်ဆိုရင် ဆေးရုံဆောင် ဆိုတာ အဘအတွက် တော်တော်လွတ်လပ်ပြီး အဆင်ပြေတဲ့ နေရာပါ။ ဒါပေမဲ့ သူတစ်ယောက်တည်း ဆေးရုံဆောင်မှာ အေးအေးလူလူ သွားနေရတာကို လိပ်ပြာသန့်ပုံ မရပါဘူး။ တိုက် (၃) ဆိုတဲ့ အရှုတ်ဘုံထဲပြန်လာပါတယ်။

ဆေးရုံဆောင်ကပြန်ရောက်တော့ အဘဟာ လနဲ့ချီပြီး ဆေးတွေအများကြီး သောက်ရ ပါတယ်။ ထူးဆန်းတာက အရင်က အဘဟာ မကြာခဏ နှာစေးအအေးမိတတ်ပေမဲ့ ခွဲစိတ်ကုသပြီး ပြန်ရောက်လာတဲ့အခါမှာ အအေးဒဏ်အတော်ခံနိုင် သွားတာ သတိထားမိ ပါတယ်။ သူသောက်ရတဲ့ ပဋိဇီဝဆေးတွေဟာ အအေးမိစေတဲ့ပိုးတွေကိုပါ သတ်လိုက် သလားမသိပါဘူး။ နေ့တိုင်းရေချိုး နိုင်ပါပြီ။

ဒါပေမဲ့ အဘနေ့တိုင်းရေမချိုးပါဘူး။ ဆရာဝန်ကြီးက အနည်းဆုံးခွဲစိတ်ပြီး ခြောက်လ အတွင်း အလေးအပင်မမရဘူး။ အထိုင် အထလည်းဂရုစိုက်ရမယ်။ ပင်ပမ်းတာဆိုရင် အဝတ် လျော်တာ၊ လမ်းအမြန်လျောက် တာတောင် မလုပ်ရဘူးလို့မှာလိုက်တဲ့အတွက် အဘရေချိုး ချင်ရင် တစ်ယောက် ယောက်က ဘေးကရေလောင်းပေးရပါတယ်။ အဘရဲ့ အဝတ်တွေကို တစ်ယောက် ယောက်က လျော်ပေးရပါတယ်။ အဘဟာ သူများအကူအညီ မယူချင်တာနဲ့ပဲ နေ့တိုင်း ရေချိုး နိုင်တာတောင် မချိုးတော့ပါဘူး။

နှလုံးရောဂါ

အဘရဲ့ နောက်ထပ်စိုးရိမ်စရာ ရောဂါတစ်ခုက နှလုံးရောဂါပါ။ အဘဟာ ထောင်မကျခင်က နှလုံးရောဂါတိုက်ခိုက်မှု နှစ်ကြိမ်ရဖူးပါတယ်။ နှစ်ကြိမ်လုံးကံကောင်းလို့ မသေခဲ့တာပါ။ ပထမ အကြိမ်က ၁၉၆၈ ကြေးမုံသတင်းစာမှာ အယ်ဒီတာဘဝနဲ့ ညဘက် (၂) နာရီလောက် အလုပ် လုပ်နေတဲ့အချိန် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် မေ့လဲကျဖူးလို့ ရန်ကုန်ဆေးရုံကြီး နှလုံးရောဂါကုဌာနကို ပို့ပြီး ကုသခဲ့ရဖူးပါတယ်။

နောက်တစ်ခါ ၁၉၈၅ ခုနှစ်လောက်က ဒုတိယအကြိမ် အခန်းထဲမှာလဲကျလို့ ဂျပန် ဆေးရုံကြီးကို ပို့ပြီးကုခဲ့ရဖူးပါတယ်။ ဒုတိယအကြိမ်တိုက်ခိုက်မှုခံရလို့ ဆေးရုံမှာရှိနေတုံး လူမမာကြီးလို လူနာလာလာမေးကြတာကို အဘက မကြိုက်ပါဘူး။ အဲဒါကြောင့် သူ့တပည့် တစ်ယောက်ကို မန္တလေးရထား လက်မှတ်ဝယ်ခိုင်းပြီး ဆေးရုံကနေ တိုက်ရိုက်ဘူတာ ဆင်းပြီး မန္တလေး ထွက်သွားခဲ့ဖူးပါတယ်။ အဘဟာ သူ့ကိုလူနာတစ်ယောက်လို လာပြီး လူတွေသနားတဲ့ မျက်နှာနဲ့ လာပြီး ကြည့်ကြ တာဟာ တကယ့်ကိုလူနာကြီးတစ်ယောက်လိုဖြစ်ပြီ စိတ်ဓါတ်တောင် ပိုကျ သေးတယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှု နှစ်ခါခံရပြီးတော့ ဆရာဝန်က အဘကို ဆေးလိပ်ရယ်၊ အရက်ရယ်၊ ဝက်သားရယ် ဖြတ်ရမယ်လို့ ပြောပါတယ်။ အဘက ဆေးလိပ်နဲ့ အရက်ကိုတော့ ဖြတ်နိုင်ပါတယ်။ ဝက်သားကိုတော့ မဖြတ်နိုင်လို့ အခုထိစားတုန်းပဲ၊ သေချင်သေပေစေ မဖြတ်နိုင်ဘူးလို့ ပြောပါတယ်။

သူဆေးလိပ်ဖြတ်တော့ တုံးတိပါပဲ။ စားပွဲပေါ်က ဆေးလိပ်၊ ဆေးလိပ်ခွက်၊ မီးခြစ်တွေ အားလုံးကို သူများကို အကုန်ပေးလိုက်ပြီး အဲဒီနေ့ကစ ပြတ်သွားတာ အခုထိပဲလို့ ပြောပြပါတယ်။ ဒါပေမဲ့ သူများတွေ ဆေးလိပ်သောက်လို့ အနံ့လေးရတဲ့အခါ အခုထိ သောက်ချင် တုံးပဲလို့လဲ ပြောပါတယ်။ သူသောက်တုံးကလဲ အစီခံမပါတဲ့ ခပေါင်းစီးကရက်ကို အတောင့်လိုက် ဝယ်ပြီး တစ်နေ့ကို နှစ်ဗူး သုံးဗူးလောက် အသာလေးမီးကူးပြီး သောက်တယ်လို့ ပြောပါတယ်။ သူအသက် လေးဆယ်မှာ ဆေးလိပ်ပြတ်ပြီး အသက် ငါးဆယ်မှာ အရက်ပြတ် ပါတယ်။ အရက်ပြတ်ပေမဲ့ သူ့အိမ်မှာ ဝိုင်းဖွဲ့ကြတဲ့အခါ သူကအမြည်းတွေချက်ပြုတ်ပေးပြီး အမြည်းစားရင်း ဝိုင်းထဲပါခဲ့ သေးတယ်လို့ ပြောပါတယ်။

ထောင်ထဲမှာ နောက်ပိုင်းတော့ နှလုံးရောဂါကြောင့် ဆေးရုံခဏခဏ တက်ရ ပါတယ်။ ၁၉၉၇၊ ၁၉၉၈၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ စသဖြင့် ဆက်တိုက် ထောင်ဆေးရုံ၊ ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသခံခဲ့ရပါတယ်။

အူအတက်ပေါက်ခြင်း

အဘက ထောင်ထဲမှာ အူအတက်ပေါက်လို့ ဆေးရုံကြီးကို ထုတ်ပြီး ခွဲစိတ်ကုသ ခံခဲ့ရ ပါသေးတယ်။ ၂၀၀၈ ခုနှစ်ဖေဖေါ်ဝါရီလလောက်မှာပါ။ အူအတက်ပေါက်တော့ နောက်ဆုံး ဆေးရုံကြီးကိုပို့ပြီး အရေးပေါ်ခွဲရတာပါ။ ခွဲတဲ့အခါကျတော့ မေ့ဆေးမပေးပဲ ထုံဆေးနဲ့ ခွဲတဲ့ အတွက် အဘက အကုန်သိနေ၊ မြင်နေ၊ ကြားနေရပါတယ်။

ခွဲစိတ်ပြီးတော့ ခွဲဆောင်မှာ ထားတော့လည်း ခေါင်းရင်းနားမှာ ဖုန်းရှိတော့ အပြင်က ဖုန်းဆက်ရင် ဆရာမလေးတွေ လာလာ ကိုင်ပြီး ဆရာဝန်ကြီးကို ခေါ်ပေး၊ ဆရာဝန်ကြီး ကပြန်ဖြေ။ အမှန်တော့ အပြင်က မီဒီယာတွေက အဘအကြောင်း သတင်းမေးနေတာပါ။ နောက်ဆုံး ဆေးရုံက တာဝန်မယူချင်တော့ပဲ လူနာကို ရဲတွေလက်ထဲ အပ်လိုက်ပါတော့တယ်။ ရဲတွေကလည်း ချက်ချင်းပဲ အဘကို အချုပ်ဆောင် (guard ward) ကို ပို့လိုက်ပါ တော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar