Breaking News

လူဦးရေ သောင်းနဲ့ချီ တိမ်းရှောင်ရတဲ့ ခင်ဦးမြို့နယ်က ရွာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံ တရားရုံးလွှတ်တော်ချုပ်က လက်ခံ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၁၉ မြင်ကွင်း

(မိုးမခ) ဧပြီ  ၂၀၊ ၂၀၂၃


လူဦးရေ သောင်းနဲ့ချီ တိမ်းရှောင်ရတဲ့ ခင်ဦးမြို့နယ်က ရွာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံ တရားရုံးလွှတ်တော်ချုပ်က လက်ခံ

သင်္ကြန်ကာလအပြီး မိုးရာသီမဝင်ရောက်ခင် ဧပြီလနှောင်းပိုင်းနဲ့ မေလဟာ မြန်မာနိုင်ငံမှာ  တနှစ်တာ နွေရာသီရဲ့ အပူဆုံးအချိန်ဖြစ်ပါတယ်။ ဒီလို အချိန်ကာလမှာ စစ်ကောင်စီဘက်က စစ်ရေး လှုပ်ရှားမှုတွေ တိုက်ခိုက်မှုတွေက စစ်ကြောင်းတွေကို အရှိန်မြှင့်ပြီး စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ PDF တွေကို တိုက်ခိုက်ရှင်းလင်းဖို့ ရည်ရွယ်ပြီး ကျေးရွာတွေကို ဝင်တာ၊ ဖျက်ဆီးတာ ဖမ်းဆီးခံရသူတွေကို နှိပ်စက်ညှဉ်းပန်းတာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

လူရာချီသေဆုံးခဲ့ရတဲ့ ပဇီကြီးကျေးရွာက ရုံးဖွင့်ပွဲကို လေကြောင်းတိုက်ခိုက်မှု အဖြစ်အပျက်အပြီး ပဇီကြီးကျေးရွာ အနီးတဝိုက် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သတင်းမီဒီယာတွေက စောင့်ကြည့်ဖော်ပြနေချိန်မှာပဲ ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် အဲဒီမြို့နယ်ထဲမှာ ရှိတဲ့ ကျေးရွာပေါင်း ၂၀ လောက်က လူဦးရေ ၂ သောင်းနဲ့ ၃ သောင်းအကြား နေအိမ်၊ ကျေးရွာတွေကနေ စွန့်ခွာပြီး တိမ်းရှောင်နေကြရတဲ့ အကြောင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။ အခုလို နေ့လည် နေ့ခင်း အပူချိန် ၄၀ ကနေ ၄၅ ဒီဂရီအထိ မြင့်တက်နေချိန်၊ ရေအရင်းအမြစ်တွေ ရှားပါးချိန်မှာ မိမိတို့နေအိမ်ကနေ စွန့်ခွာပြီး တောတွေ၊ အခြားရွာနီးချုပ်စပ်တွေမှာ တိမ်းရှောင်နေကြရတဲ့ အခက်အခဲ ဒုက္ခက ဘယ်လောက်ကြီးမားမလဲဆိုတာ အလွယ်တကူ မှန်းဆနိုင်တာဖြစ်ပါတယ်။ အသက်မသေရအောင်၊ နှိပ်စက်ညှင်းပန်းမှု၊ သတ်ဖြတ်မှုမခံရအောင် ပိုင်ဆိုင်မှုတွေကို ထားပြီးထွက်ပြေးတိမ်းရှောင်ကြရတဲ့ လူသောင်းနဲ့ချီတဲ့ ဘဝတွေရဲ့ အတွက် စာနာမှုဆိုတဲ့ စကားလုံးက ဖော်ပြဖို့မလုံလောက်ဘူးလို့ ဆိုရမယ့် အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ လက်ထဲလွှဲထားတဲ့ အာဏာကို သက်တမ်းတိုးအပြီး စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ်ကို တိုးကြေညာအပြီးမှာ စစ်ကိုင်းတိုင်းကို တပ်အင်အားပိုသုံးပြီး ချေမှုန်းဖို့ ကြိုးစားလာတာ ထင်ရှားပါတယ်။ 

စစ်ကိုင်းတိုင်းမှာ ထိုးစစ်ဆင်နေချိန်မှာပဲ စစ်ကား အစီး ၄/၅/ ၈၀ လောက်ယာဥ်တန်းကလည်း ချင်းပြည်နယ် ဟားခါးမြို့ကို ဦးတည်ကာ တက်သွားပြီး လမ်းတလျှောက် ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေ ရင်ဆိုင်နေရသလို၊ ကရင်ပြည်နယ်မှာလည်း ကေအန်အယ်အေ၊ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မြဝတီ၊ ကော့ကရိတ် မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

ကရင်နီဒေသ ဒီးမောဆိုဘက်မှာ၊ ရှမ်းပြည်နယ် ပအို့ဝ် ဒေသ ပင်လောင်းဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့သတင်းတွေလည်း ကြားသိနေရတာကြောင့်  စစ်ကောင်စီဟာ ၄င်းမှာ ရှိတဲ့ အင်အားတွေ ထုတ်နိုင်သမျှ အကုန်ထုတ်သုံးလာတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ယန္တရားတွေ ၊ လေကြောင်း အကူအညီနဲ့တိုက်ခိုက်မှုတွေ ကျေးရွာတွေကို မြေလှန်ဖျက်ဆီးတာတွေ PDF သို့မဟုတ် ထောက်ခံအားပေးသူလို့ သံသယရှိယုံမျှနဲ့ အရွယ်ရောက်သူရော အမျိုးသား အမျိုးသမီးမခွဲခြားဘဲ နှိပ်စက် သတ်ဖြတ်တာတွေ လုပ်ဖို့ စစ်ကောင်စီတပ်တွေကို လုပ်ခွင့်ပေးထားပြီး နေအိမ်စွန့်ခွာတိမ်းရှောင်ရသူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ရန်သူ့ပစ္စည်းအနေနဲ့ ခေါင်းစဥ်တပ် ယူခွင့်ပေးထားတဲ့ အခြေအနေမျိုးကို သတင်းဖော်ပြမှုတွေအရ ကြားသိနေရတာ ဖြစ်ပါတယ်။ 

ပြည်ပကျူးကျော်မှုစစ်ပွဲ မဟုတ်တဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်မှာ အခုလို ရက်စက်တဲ့ လူမဆန်တဲ့ လုပ်ဆောင်မှုတွေရဲ့ ဒဏ်ကို ဒေသခံတွေ ကျေးရွာသူကျေးရွာသားတွေ ခံစားနေကြရတာလည်း ဖြစ်ပါတယ်။ ဒီလို စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်၊ စစ်ကြောင်း၊ ရှင်းလင်းရေး၊ ချေမှုန်းရေး စသဖြင့် ဘယ်လိုပဲ အခေါ်အဝေါ် ပြောင်းပြောင်း ကျေးရွာတွေ စစ်တလင်းဖြစ်ခြင်း၊ ပြောက်ကျားစစ်ရဲ့ စစ်မျက်နှာဖြစ်နေတဲ့ အနေအထားကနေ ဒေသခံတွေကို အကာအကွယ်ပေးနိုင်တဲ့ နည်းလမ်းမျိုး နည်းဗျူဟာမျိုး မရှိဘူးလားဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ NUG အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ တဖက်က စစ်ကောင်စီရဲ့ ဝိုင်းကြီးချုပ် ဒဏ်ခတ် ဖျက်ဆီး သတ်ဖြတ်တဲ့ ရန်ကနေ ဒေသခံတွေကို ဘယ်လို အကာအကွယ်ပေးနိုင်မလဲ သို့မဟုတ် တိုက်ပွဲရဲ့ နေရာကို ရွေးခြယ်ရာမှာ ပြောင်းရွှေ့ရွေးချယ်နိုင်မလား ၊ အဲလိုမှမဟုတ်ရင် တိုက်ပွဲကာလ ရှည်ကြာလာတဲ့အခါ လူထု အနေနဲ့ ရပ်ခံနိုင်မယ့် အင်အားတွေ ကုန်ဆုံးသွားမလားဆိုတာလည်း စဥ်းစားလုပ်ဆောင်ကြဖို့ သင့်တဲ့ အချိန်အခါလို့ ဆိုချင်ပါတော့တယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ အမှုတချို့အတွက် တရားလွှတ်တော်ချုပ်ကို အယူခံတင်သွင်းထားတာကို လက်ခံကြားနာမယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ရဟတ်ယာဥ် ဝယ်ယူမှုနဲ့ဆိုင်တဲ့ အဂတိမှု၊ ရွေးကောက်ကော်မရှင်ပေါ် မလျော်သြဇာသုံးမှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဖောက်ဖျက်မှု စတဲ့အမှုတွေရဲ့ ပြစ်ဒဏ်ချမှတ်ထားမှုကို အယူခံတင်သွင်းထားတာကို တရားလွှတ်တော်ချုပ်က လက်ခံကြားနာမယ့် သဘောဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ သြဇာကို နာခံရတဲ့ တရားစီရင်ရေးမဏ္ဍိုင် အနေနဲ့ လွတ်လွတ်လပ်လပ် မဆုံးဖြတ်နိုင်တာတော့ သံသယရှိစရာမလိုပါဘူး။ ပြစ်ဒဏ်ကို အနည်းငယ် လျော့ပေါ့တာမျိုးလောက်က လွဲရင် ပြစ်ဒဏ် ပယ်ဖျက်တဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်တဲ့ အနေအထားလည်း မဟုတ်တာမို့လို့ ဒီလို အယူခံကြားနာတယ်ဆိုတဲ့ အဖြစ်အပျက်က ဘာမျှ ထူးထူးခြားခြား အပြောင်းအလဲ ဖြစ်စေနိုင်တာ မဟုတ်ဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ 

နိုင်ငံနဲ့အဝန်း ဖမ်းဆီးပြီး မတန်တဆ၊ မဆီလျော်တဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူ သောင်းနဲ့ချီရှိနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်  ချမှတ်ခံထားရဲ့ ပြစ်မှု ပြစ်ဒဏ်ကို လျှော့ပေါ့ပေးနိုင်တယ်လို့ ယူဆခဲ့ရင် စိတ်ကူးယဥ်တာသာ ဖြစ်လိမ့်မယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar